ပလတ်စတစ် အစားထိုး စမတ် အိတ်တွေကို စင်္ကာပူ နန်ယန်းနှင့် ဟားဗက် တက္ကသိုလ်တို့ ပူးပေါင်း တီထွင်နေတဲ့ အကြောင်း

Innovation Tech

Harvard University နှင့် Singapore’s Nanyang Technological University (NTU) တို့မှ သုတေသီအဖွဲ့တစ်ဖွဲ့ဟာ လူသား​တွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဇီဝပိုးမွှားများကို သေစေနိုင်သည့် စမတ် အစားအစာထုပ်ပိုးတဲ့ ပစ္စည်းကို တီထွင်လိုက်ပြီပဲ ဖြစ်ပါတယ်။

အဆိုပါ ပစ္စည်းဟာ လတ်ဆတ်တဲ့ အသီးတွေရဲ့ သက်တမ်းကို နှစ်ရက် ဒါမှမဟုတ် သုံးရက်အထိ သက်တမ်း တိုးနိုင်ပြီး ဖောက်ထွင်းမြင်ရတဲ့ ဖလင်ပြားပုံစံ ဖြစ်ပါတယ်။

ထုပ်ပိုးမှုကို ဇင်း zein ၊ ကစီဓာတ်နှင့် အခြားသဘာဝအလျောက်ရရှိတဲ့ biopolymers ဟုခေါ်သော ပြောင်းဖူးပရိုတင်းအမျိုးအစားတစ်ခုမှ ပြုလုပ်ထားပြီး thyme oil၊ citric acid နှင့် acetic acid ကဲ့သို့သော သဘာဝပိုးသတ်ဆေးရည်များဖြင့် ပေါင်းစပ်ထား ပြုလုပ်ထားပါတယ်။

Image: Courtesy of NTU Singapore

အဆိုပါ အစားအစာ ထုပ်ပိုးမှု နည်းပညာဟာ စိုထိုင်းဆ ဒါမှမဟုတ် ဘက်တီးရီးယားတွေ ရှိနေတာကို တုံ့ပြန်ကာကွယ်ဖို့အတွက် လိုအပ်တဲ့ သဘာဝ ဒြပ်ပေါင်း အများအပြားကို ထုတ်လွှတ် ပေးဖို့ ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပြီး တော်တန်ရုံ ထိခိုက်မှုတွေကို ခံနိုင်ရည် ရှိသည့် အပြင် ကြာရှည်ခံနိုင်စေဖို့ကလည်း လုံးဝသေချာပါတယ်။

ဓာတ်ခွဲခန်းစမ်းသပ်မှုများအရ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား​တွေမှ စိုထိုင်းဆ သို့မဟုတ် အင်ဇိုင်း​တွေကို ထိတွေ့မိတဲ့အခါ ထုပ်ပိုးထားတဲ့ ပစ္စည်းမှာရှိတဲ့ အမျှင်တွေဟာ သဘာဝ ပိုးသတ်နိုင်တဲ့ ဒြပ်ပေါင်းများကို ထုတ်လွှတ်ကာ E. coli နှင့် Listeria ကဲ့သို့သော အစားအစာ​တွေကို ညစ်ညမ်းစေတဲ့ သာမာန် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားများကို သုတ်သင် ပစ်နိုင်တာကို တွေ့ခဲ့ရပါတယ်။

ဒြပ်ပေါင်းတွေဟာ ထုပ်ပိုးမှုမျက်နှာပြင်တွင်သာမက အစားအသောက်ထုတ်ကုန်တွေမှာတောင် ပေါက်ပွားလာတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့အတွက်ကြောင့် ၎င်းကို အသင့်စား အစားအစာတွေ ၊ အသားစိမ်းတွေ ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ အပါ အဝင် ထုတ်ကုန် အများ အပြားမှာတောင် အသုံးပြုနိုင်မည့် အလားအလာ ကောင်းပဲ ဖြစ်ပါတယ်။

University of New South Wales (UNSW) ၏ ငှက်ပျောမှ ထုတ်လုပ်သည့် အလားတူ အိတ် Image: Courtesy of UNSW

သုတေသနစမ်းသပ်ချက်တစ်ခုအရ ထုပ်ပိုးထားတဲ့ စတော်ဘယ်ရီသီးတွေဟာ မှိုမတက်ခင် ခုနစ်ရက်ကြာအောင်အထိ လတ်ဆတ် နေခဲ့ကြောင်း ပညာရှင်များက တွေ့ရှိခဲ့​ကြပြီး ပုံမှန် လေးရက်ကြာ သိမ်းဆည်းထားတဲ့ စတော်ဘယ်ရီသီးနဲ့ နှိုင်းယှဉ်ပါက ခုနစ်ရက်ကြာအောင် ထုပ်ပိုးထားတဲ့ အသီးက ပိုလတ်ဆတ်တယ်ဟု ဆိုပါတယ်။

ဒါတွေအပြင် စမတ် အစားအစာ ထုပ်ပိုးတဲ့ ပစ္စည်းဟာ ဇီဝကမ္မဖြစ်စဉ်ကို ချေဖျက်နိုင်တဲ့အတွက်ကြောင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်း ပမာဏကို လျှော့ချဖို့ အစားထိုးအနေနဲ့လည်း အသုံးပြုနိုင်တယ် ဟု ဆိုပါတယ်။

၎င်းရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ zein ကို ပြောင်းဖူးကနေ ထုတ်လုပ်ထားခြင်းပဲ ဖြစ်ပါတယ်။

ဘက်တီးရီးယားနှင့် မှို​တွေကို အဓိကထားပြီး တားဆီးထိန်းသိမ်းဖို့ တီထွင်ထားတဲ့ အစားအစာထုပ်ပိုးမှုစနစ်ဟာ အစားအသောက် လုပ်ငန်း အတွက် အလွန် အရေးပါကြောင်း ပရောဂျက်ကို ပူးတွဲဦးဆောင်သူ ပရော်ဖက်ဆာ Mary Chan က ပြောကြားခဲ့ပါတယ်။

ဆိုးရွားလာသည့် ပလတ်စတစ် အမှိုက်များ

အဆိုပါ ပစ္စည်းကို သဘာဝပတ်၀န်းကျင်ကို သိသိသာသာ ဆိုးကျိုးသက်ရောက်စေတဲ့ ပလတ်စတစ် ကဲ့သို့သော စီးပွားဖြစ် အစားအစာ ထုပ်ပိုးရာတွင် အသုံးပြုတဲ့ ရေနံအခြေခံ ပိုလီမာ​တွေအတွက် သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်နိုင်ဆုံး အစားထိုး ရွေးချယ်မှုအဖြစ် အသုံးပြုနိုင်ပါတယ်။

NTU နှင့် Harvard Chan School မှ သုတေသနအဖွဲ့ဟာ လာမည့်နှစ်အနည်းငယ်အတွင်း စီးပွားဖြစ်ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး ၎င်းတို့ရဲ့နည်းပညာကို စက်မှုမိတ်ဖက်တစ်ခုနှင့် ချဲ့ထွင်နိုင်ဖို့လည်း မျှော်လင့်ထားတယ်ဟု သိရပါတယ်။

ယခုဆိုရင် သုတေသီတွေဟာ အစားအစာဘေးကင်းမှုနှင့် အရည်အသွေးကို မြှင့်တင်နိုင်ဖို့အတွက် စမတ်အစားအစာထုပ်ပိုးပစ္စည်းများကို ဖွံ့ဖြိုးတိုးတက်စေမည့် အခြားသောနည်းပညာများကို တီထွင်ဖန်တီးလျက်ရှိပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.