ယနေ့အထိ အသုံးပြုနေသေးတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ လက်နက် ၁၁ မျိုး

Knowledge

ဒီတခါတော့ အမေရိကန်စစ်တပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ထုတ်လုပ်ခဲ့ပြီး လက်ရှိ အချိန်အထိ အသုံးပြုနေတဲ့ လက်နက် ၁၁ မျိုးကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

၁။ M2 စက်လတ်


M2 တွေကို ၁၉၃၃ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ အသုံးပြုခဲ့ပြီး .၅ ကယ်လီဘာ ကျည်ကို အသုံးပြုတာ တစ်မိနစ်လျှင် ၂၉၁၀ ပေအမြန်နှုန်းဖြင့် ပစ်ခတ်နိုင်ပါတယ်။
အစောပိုင်းမှာ လေယာဉ်ပစ်အတွက် အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ ယာဉ်တင် စက်လတ်အဖြစ် ဘက်စုံအသုံးပြုပါတယ်။

၂။ B-52 ဗုံးကြဲလေယာဉ်

Stratofortress လို့အမည်ပေးထားတဲ့ ဒီ B-52 ဗုံးကြဲလေယာဉ်တွေကို ၁၉၅၄ ကတည်းက အသုံးပြုနေတာပါ။ လက်နက် အလေးချိန် ပေါင် ၇ သောင်းလောက်တင်နိုင်ပြီး ၉၀၀၀ နော့တီကယ်မိုင်လောက်ထိ စစ်ဆင်နိုင်ပါတယ်။ ဒီထက် ဝေးဝေးသွားချင်ပါက ဝေဟင် ဆီဖြည့်လို့ ရပါသေးတယ်။

ဒီဗုံးကြဲလေယာဉ်တွေကို ၂၀၄၀ အထိ အသုံးပြုဖို့ စီစဉ်ထားပြီး လက်နက် အလေးချိန် ပေါင် ၁၀၅၀၀၀ အထိ တင်ဆောင်နိုင်အောင် အဆင့်မြှင့်သွားမှာ ဖြစ်ပါတယ်။

၃။ C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်

C-130 Hercules တွေကိုလည်း ၁၉၅၄ ကတည်းက သုံးနေတာပါ။ Lockheed က ထုတ်လုပ်ထားတဲ့ ဒီ ပို့ဆောင်ရေးလေယာဉ်ဟာ အကြိမ်ရေထောင်ပေါင်းများစွာ စစ်ဘက်ဆိုင်ရာ ပစ္စည်များ ပို့ဆောင်ပြီး စိတ်ချရမှုရှိတဲ့အတွက် ယနေ့အထိ မြင်တွေ့နေရတာဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ တင့်ကားတွေကို မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးနိုင်ကာ၊ လေထီးစစ်သည်များချပေးသည် စစ်ဆင်ရေး နှင့် ထောက်ပံ့ရေးပစ္စည်း သယ်ဆောင်သည့် စစ်ဆင်ရေးများကို ကမ္ဘာ့အနှံ့ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဗီယက်နမ် စစ်ပွဲကတည်းက C-130 ၏ အနီးကပ်ပစ်ကူ အမျိုးအစားဖြစ်တဲ့ AC-130 ဟာလည်း နာမည်ကြီးပါတယ်။

၄။ KC-135 ဆီတင်လေယာဉ်

KC-135 ကတော့ ၁၉၅၆ ခုနှစ် ဩဂုတ်လမှ စတင်ပျံသန်းခဲ့ပါတယ်။ လေယာဉ်ဆီ ပေါင် ၂ သိန်းလောက်ကို တင်ဆောင်နိုင်ပြီး ရဟတ်ယာဉ်၊ ပန်ကာတပ်နှင့် ဂျက်လေယာဉ်များကို ဝေဟင်မှာ ဆီဖြည့်ပေးနိုင်ပါတယ်။
ဒီလေယာဉ်ဟာ ဗီယက်နမ်၊ ပါရှန်ပင်လယ်ကွေ့၊ အီရတ်နှင့် အာဖကန် စစ်မြေပြင်များမှာ အသုံးတော်ခံခဲ့ပါတယ်။

၅။ U-2 ထောက်လှမ်းရေး လေယာဉ်

ကျော်ကြားတဲ့ ထောက်လှမ်းရေး လေယာဉ် U-2 ကို ၁၉၅၆ ခုနှစ်မှာ စတင် အသုံးပြုခဲ့ပါတယ်။ CIA ကပါ အသုံးပြုတာပါ။

အဓိကအားဖြင့် စစ်အေးကာလအတွင်း ဆိုဗီယက်တို့ကို ထောက်လှမ်းရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တဲ့အပြင် ကမ္ဘာ့အနှံ့ စစ်ဆင်ရေးများစွာ ပြုလုပ်ခဲ့ပါတယ်။

U-2 လေယာဉ်ဟာ အမြင့်ပေ ၇ သောင်းလောက်မှ ပျံသန်းနိုင်ပြီး ၂၀၅၀ ခုနှစ်ခန့်အထိ အသုံးပြုဖွယ် ရှိပါတယ်။

၆။ M14 ရိုင်ဖယ်

M14 ကို ၁၉၅၇ မှာ စတင် မိတ်ဆက်ခဲ့ပြီး အမေရိကန် မရိမ်းနှင့် ကြည်းတပ်အတွက် ၁၉၅၉ မှ ၁၉၇၀ အထိ စံသုံး ရိုင်ဖယ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ M-16 ဖြင့် အစားထိုးခဲ့ပါတယ်။
ယနေ့အထိ လက်ဖြောင့် တပ်သားများနှင့် အထူးတပ်များမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။

၇။ UH-1 ရဟတ်ယာဉ်

UH-1 Huey တွေကို ဗီယက်နမ်စစ်ပွဲနှင့် တွဲဖက်မြင်ကြပါတယ်။ ဟုတ်ပါတယ်။ ၁၉၅၈ ဗီယက်နမ်မှာ UH-1 တွေ အများအပြား အသုံးတော်ခံ ခဲ့ပါတယ်။

UH-1 တွေကို သယ်ယူပို့ဆောင်ရေးနှင့် တိုက်ခိုက်ရေး စစ်ဆင်ရေးတွေမှာ အသုံးပြုပါတယ်။ ယနေ့မှာတော့ အဆင့်မြှင့်ထားတဲ့ UH-1 တွေကို အမေရိကန် မရိမ်း နှင့် လေတပ်တွေမှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။

၈။ M72 LAW လောင်ချာ

၆၆ မီလီမီတာ ရော့ကတ်ကို အသုံးပြုပြီး ကိုက် ၂၀၀ အကွာကနေ ၈ လက်မ လောက်ရှိတဲ့ သံချပ်ကာကို ဖောက်ထွင်းနိုင်တဲ့ ဒီ M72 ကို ၁၉၆၃ ခုနှစ်မှ ထုတ်လုပ်ခဲ့တာပါ။

ဒီလောင်ချာကို အမေရိကန် ခြေလျင်တပ်တွေ ရုရှားသံချပ်ကာတပ်တွေနှင့် ရင်ဆိုင်ရာမှာ အပေါ့စား သံချပ်ကာဖျက် လက်နက်အဖြစ် အသုံးပြုဖို့ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။


ယနေ့မှာ ဆက်လက်ထုတ်လုပ်ခြင်း မရှိတော့ပေမယ့် အပေါ့စား သံချပ်ကာဖျက်နှင့် အဆောက်အဦးတွေ တိုက်ခိုက်ဖို့တော့ လက်နက်တိုက်တွေထဲမှာ သိမ်းထားဆဲ ဖြစ်ပါတယ်။

၉။ AH-1 တိုက်ခိုက်ရေး ရဟတ်ယာဉ်

AH-1 ကို ၁၉၆၇ မှာ စတင်မိတ်ဆက်ပြီး AH-56 ရဟတ်ယာဉ် ထုတ်လုပ်နေစဉ်မှာ ခေတ္တ ဖြေရှင်းတဲ့အနေနဲ့ ဗီယက်နမ်မှာ အသုံးပြုခဲ့တာပါ။ ဒါပေမယ့် AH-56 ရဟတ်ယာဉ်ဟာ မအောင်မြင်ခဲ့ဘဲ
လက်ရှိ AH-64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးမပြုခင်အထိ AH-1 ဟာ ဆရာကြီး ဖြစ်ခဲ့ပါတယ်။

ယနေ့မှာ AH-1 ရဲ့ အဆင့်မြှင့်တင်ထားတဲ့ မျိုးကွဲ AH-1Z Super Cobra/Viper ကို အမေရိကန် မရိမ်းတပ်တွေမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။

၁၀။ CH-47 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်

ရှေ့နောက် ပန်ကားကြီး ၂ ခုနဲ့ ထူးခြားတဲ့ CH-47 ကို လူတိုင်းက သတိထားမိကြပါတယ်။ ဒီရဟတ်ယာဉ်တွေကို ၁၉၆၂ ခုနှစ်ကတည်းက ကြည်းတပ် ပို့ဆောင်ရေးအတွက် အသုံးပြုခဲ့တာဖြစ်ပြီး ဗီယက်နမ်မှာ ၁၉၆၅ မှ ၁၉၇၅ အထိ အသုံးပြုခဲ့ပါတယ်။

ယနေ့ သမားရိုးကျ စစ်တပ်မှာ အင်ဂျင်၊ ကွန်ပျူတာနှင့် အီလက်ထရောနစ်စနစ်တွေ အဆင့်မြှင့်ထားတဲ့ CH-47F တွေကို အသုံးပြုနေပြီး အမှတ် ၁၆၀ အထူးစစ်ဆင်ရေး လေကြောင်း တပ်ရင်းကြီးမှာတော့ လောင်စာဆီပိုမိုတင်ဆောင်နိုင်ကာ ဝေဟင်ဆီဖြည့်နိုင်တဲ့ MH-47G မျိုးကွဲတွေကို အသုံးပြုလျှက် ရှိပါတယ်။

၁၁။ A-10 အနီးကပ်ပစ်ကူလေယာဉ်

လူတိုင်းချစ်တဲ့ နျူကလီးယား စွန့်ပစ်ကျည်သုံး A-10 Thunderbold တွေဟာ ၎င်းရဲ့ ပြောင်း ၇ ခုတွဲ ၃၀ မီလီမီတာ ရှိတဲ့ စက်အမြောက်ကြောင့် နာမည်ကြီးပါတယ်။
ဒီလေယာဉ်ဟာ ဒုံးကျည်တွေ၊ ဗုံးတွေ တင်ဆောင်နိုင်ပြီး ၁၉၇၅ ခုနှစ်ကတည်းက အသုံးပြုနေတာပါ။

မကြာသေးမှက A-10 တွေကို အနားပေးတော့မယ့် အစီအစဉ်ကို အချိန်အကန့်အသတ်မရှိ ရပ်တန့်လိုက်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *