ပုရွက်ဆိတ်တွေဟာ သေးငယ်သော်လည်း ဆန်းပြားတဲ့ မျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။
၎င်းတို့ဟာ သန့်ရှင်းသပ်ရပ်တဲ့ အဆောက်အဦးများဖြင့် ရှုပ်ထွေးပွေလီသော အသိုက်များကို ဆောက်လုပ်တက်ကြပါတယ်။
ပုရွက်ဆိတ်တွေအကြောင်း အံ့သြစရာကောင်းတဲ့ အချက် (၁၅) ချက်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
(၁) ပုရွတ်ဆိတ်တွေဟာ အမြဲတမ်းအလုပ် ကြိုးစားနေကြတာ မဟုတ်ပါဘူး။
ပုရွက်ဆိတ်တွေဟာ အမြဲတမ်းအလုပ်လုပ်နေတဲ့အတွက်ကြောင့် နာမည်ကောင်းရကြသော်လည်း တကယ်တမ်း အသိုက်အတွင်းရှိ ပုရွက်ဆိတ်တွေ ဟာ အမြဲလိုလို အလုပ်ကြိုးစားနေကြတာ မဟုတ်ပါဘူး။
မြောက်အမေရိက ပုရွက်ဆိတ်မျိုးစိတ်ဖြစ်တဲ့ Temnothorax rugatulus ရဲ့အသိုက်ကို လေ့လာကြည့်ရာ ပုရွက်ဆိတ်တွေရဲ့ လေးပုံတစ်ပုံအထိဟာ စူးစမ်း လေ့လာတဲ့ ကာလတစ်လျှောက်လုံး မလှုပ်မရှားပဲ အလုပ်မလုပ်ကြတာ တွေ့ကြရပါတယ်။
သိပ္ပံပညာရှင်များကတော့ ရှင်းမပြနိုင်ခဲ့တဲ့ အကြောင်းရင်းများစွာကြောင့် အဆိုပါ ပုရွက်ဆိတ်တွေဟာ လှုပ်ရှားမှုမရှိပဲ အလုပ်မလုပ်ကြတာ ဖြစ်တယ် ဟုဆိုပါတယ်။
(၂) ပုရွက်ဆိတ်တွေဟာ စာကြွင်းစားကျန် တွေကို နှစ်သက်ကြပါတယ်။
၂၀၁၄ တုန်းက သိပ္ပံပညာရှင်အုပ်စုတစ်စုဟာ ဟော့ဒေါ့တွေ၊ အာလူးကြော်တွေ နှင့် အခြားအစားအစာတွေကို နယူးယောက်စီးတီးရဲ့ လမ်းဘေးမှာ ပုရွက်ဆိတ်တွေ ဘယ်လောက်ထိ စားသုံးသလဲဆိုတာကို ကြည့်ရှုဖို့ ချန်ထားခဲ့ကြပါတယ်။

တစ်ရက်အကြာမှာ ပြန်လာပြီး အစားအသောက် မည်မျှစားသုံးခဲ့သလဲဆိုတာကို သိဖို့ ချိန်တွယ်ခဲ့ကြပါတယ်။
မြို့ပြစင်္ကြံတစ်ခုတည်းမှာပဲ ပုရွက်ဆိတ်တွေ နှင့် အခြားအင်းဆက်ပိုးမွှားတွေဟာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ပေါင် ၂၁၀၀ အထိ အစားအစာများကို စားသုံးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
(၃) ပုရွက်ဆိတ်တွေဟာ တစ်ခါတစ်ရံ လိပ်ပြာသားလောင်းများကို မွေးမြူကြပါတယ်။
Alcon Blue လိပ်ပြာတွေဟာ တစ်ခါတစ်ရံ Myrmica ပုရွက်ဆိတ်တွေကို သူတို့ရဲ့သားငယ်များကို မွေးမြူစေဖို့ အရူးလုပ်လေ့ရှိပါတယ်။
အဆိုပါ Myrmica ပုရွက်ဆိတ်တွေဟာ ပိုးလောင်းကောင်ရဲ့ အတုအယောင် ရနံ့ကို ရံဖန်ရံခါ ၎င်းတို့ အသိုက်မှလို့ လွဲမှားတတ်ကြကာ ကောက်ယူပြီး အသိုက်ထဲသို့ သယ်သွားကာ အစားအစာ နှင့် အကာအကွယ်များကို ပေးတတ်တဲ့ မျိုးစိတ်ပဲ ဖြစ်ပါတယ်။
(၄) ပုရွက်ဆိတ်တွေဟာ သူတို့ရဲ့အသိုက်မှာ အညစ်အကြေးစွန့်တဲ့နေရာတွေ လုပ်ကြပါတယ်။
ပုရွက်ဆိတ်အချို့ဟာ ၎င်းတို့ရဲ့အညစ်အကြေးများကို ၎င်းတို့ရဲ့အသိုက်အပြင်ဘက်ရှိ “kitchen midden” ဟုခေါ်တဲ့ နေရာမှာ စွန့်ပစ်ကြပါတယ်။
မကြာသေးမီက သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သည့်အတိုင်း အခြားပုရွတ်ဆိတ်တွေဟာ အသိုက်အတွင်းရှိ သီးခြားနေရာတွေမှာ အညစ်အကြေး စွန့်ပစ်ကြတာကို တွေ့ခဲ့ရပါတယ်။
ပုရွက်ဆိတ်သေတွေနဲ့ တခြားအမှိုက်တွေကို အပြင်မှာ စွန့်ပစ်ရင်တောင် ပုရွက်ဆိတ်လေးတွေဟာ သူတို့ရဲ့ အသိုက်ရဲ့ ထောင့်စွန်းတွေမှာ အညစ်အကြေးတွေကို စွန့်ပစ်လေ့ရှိကြပါတယ်။

(၅) ပုရွက်ဆိတ်တွေဟာ နေမကောင်းတဲ့အခါ ဆေးသောက်ကြပါတယ်။
မကြာသေးမီက လေ့လာမှုတစ်ခုမှာ ပုရွက်ဆိတ်တွေဟာ သေစေတတ်တဲ့ မှိုများနှင့် ထိတွေ့မိတဲ့အခါ ရောဂါပိုးကို တိုက်ဖျက်ရန်အတွက် ဖရီးရယ်ဒီကယ် ပါရှိတဲ့ အစားအစာများကို စားကြတာကို တွေ့ရှိခဲ့ပါတယ်။
ဖရီးရယ်ဒီကယ်ဟာ မှိုဆဲလ်များကို ပျက်စီးစေပြီး ပုရွက်ဆိတ်များရဲ့ အသက်ရှင်နိုင်ခြေကို တိုးစေပါတယ်။
(၆) ပုရွက်ဆိတ်တွေဟာ သူတို့ထက် အရွယ်အစားများစွာ ကြီးတဲ့ သားကောင်တွေကို တိုက်ခိုက်ကာ စားသုံးကြပါတယ်။
Leptogenys ပုရွက်ဆိတ်မျိုးစိတ်တွေဟာ ရှည်လျားတဲ့ millipedes ခေါ် ပိုးနသန်ကောင် တွေကို စားသုံးလေ့ရှိကြပါတယ်။
millipedes တစ်ကောင်ကို တိုက်ခိုက်ဖို့ ပုရွက်ဆိတ်များစွာ လိုအပ်ပြီး သူတို့ဟာ အလွန်ပြင်းထန်စွာ တိုက်ခိုက်ကြလေ့ ရှိပါတယ်။
(၇) ပုရွက်ဆိတ်တွေဟာ သတိဝိရိယရှိကြပါတယ်။
Black Garden ပုရွက်ဆိတ်များကို ၂၀၁၅တုန်းက လေ့လာမှုတစ်ခုအရ တစ်စုံတစ်ခုကို ရေရေရာရာ မသိတဲ့အခါ သတိထားနိုင်ကြတာကို တွေ့ရှိခဲ့ပါတယ်။
လေ့လာမှုရှိ ပုရွက်ဆိတ်တွေဟာ မှန်းဆမရတဲ့ အခြေအနေတွေမှာ ရှိနေတဲ့အခါ ပုရွက်ဆိတ်အချင်းချင်း ၎င်းတို့နောက်သို့ လိုက်ဖို့ အားပေးတဲ့ ဖီရိုမွန် လမ်းကြောင်းနောက်လိုက်ဖို့ အလားအလာအလွန်နည်းပါတယ်။
ဒီအချက်ဟာ သုတေသီများက လမ်းကြောင်းမှန်သို့ ဦးတည်နေကြောင်း မသေချာတဲ့အခါ ပုရွက်ဆိတ်တွေဟာ သိကြကြောင်း ပြောဆိုထားပါတယ်။
(၈) ပုရွက်ဆိတ်တွေဟာ ရေပေါ်လမ်းလျှောက်နိုင်ကြပါတယ်။
မိုးရေထဲမှာ ပုရွက်ဆိတ်တွေ မနစ်တဲ့ အကြောင်းအရင်းက ဘာလဲ။ တကယ်တော့ ပုရွတ်ဆိတ်တွေဟာ အလွန်ပေါ့ပါးတာကြောင့် ရေပေါ်မှာ လမ်းလျှောက်နိုင်ကြတာ ဖြစ်ပါတယ်။

(၉) ပုရွက်ဆိတ်တွေဟာ တိရစ္ဆာန်လောကမှာ အလျင်မြန်ဆုံး တုံ့ပြန်မှုအချို့ရှိတဲ့ မျိုးစိတ်ဖြစ်ပါတယ်။
အမေရိက တောင်ပိုင်းနဲ့ အလယ်ပိုင်းတွင် နေထိုင်တဲ့ အသားစားပုရွက်ဆိတ်တွေဟာ ၎င်းတို့ရဲ့ မေးရိုးများကို တစ်နာရီလျှင် ၁၄၅ မိုင်အထိ အရှိန်ဖြင့် ပိတ်နိုင်ကြပါတယ်။
(၁၀) ပုရွက်ဆိတ်အထီးတွေဟာ ဖခင်မရှိကြပါဘူး။
ပုရွက်ဆိတ်ထီးများဟာ မျိုးမအောင်တဲ့ ဥများမှ ဆင်းသက်လာပြီး မိခင်ထံမှရရှိတဲ့ ခရိုမိုဆုန်းတစ်ခုသာရှိပါတယ်။ ပုရွက်ဆိတ်အမများကတော့ သားဥမျိုးအောင်ခြင်းရဲ့ရလဒ်ဖြစ်ပြီး မိခင်နှင့် ဖခင်ထံမှ ရရှိတဲ့ ခရိုမိုဆုန်းနှစ်ခုရှိပါတယ်။
(၁၁) ပုရွက်ဆိတ်တွေဟာ သူတို့ရဲ့ခြေလှမ်းတွေကို ရေတွက်ကြပါတယ်။
လေထန်တဲ့ သဲကန္တာရ ပတ်ဝန်းကျင်က ပုရွက်ဆိတ်များဟာ အစာ စားပြီးနောက် အသိုက်ဆီသို့ ပြန်သွားဖို့ သူတို့ရဲ့ ခြေလှမ်းတွေကို ရေ တွက်ထားလေ့ရှိပါတယ်။
(၁၂) ပုရွက်ဆိတ်တွေဟာ အာကာသထဲ သွားနိုင်ကြပါတယ်။
၂၀၁၄တုန်းက ပုရွက်ဆိတ်အုပ်စုတစ်စုကို မိုက်ခရိုဆွဲငင်အားတွင် မည်ကဲ့သို့ ပျံသန်းနိုင်သလဲ ဆိုတာကို လေ့လာဖို့အတွက် လေ့လာမှုတစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံတကာ အာကာသစခန်းသို့ ရောက်ရှိလာခဲ့ပါတယ်။
ပုံမှန်မဟုတ်တဲ့ ပတ်ဝန်းကျင်ရှိသော်လည်း ၎င်းတို့ဟာနယ်မြေကို စူးစမ်းလေ့လာဖို့ အတူတကွ လုပ်ဆောင်နိုင်တာကို တွေ့ခဲ့ရပါတယ်။
(၁၃) တစ်ချို့သော ပုရွက်ဆိတ်မျိုးစိတ်တွေဟာ တခြားမျိုးစိတ်တွေပါ သင်ကြားပြသပေးတဲ့ တစ်ခုတည်းသော လူသားမဟုတ်တဲ့ တိရစ္ဆာန်များ ဖြစ်ကြပါတယ်။
၂၀၁၆ လေ့လာမှုတစ်ခုမှာဆိုရင် Temnothorax albipennis ပုရွက်ဆိတ်တွေဟာ အစားအစာဆီသို့ အချင်းချင်း ပို့ဆောင်ကာ အခြားပုရွက်ဆိတ်များကိုလည်း လမ်းကြောင်းပြ ပေးနိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။
လူသားမဟုတ်တဲ့ တိရစ္ဆာန်တစ်ကောင်က အခြား တိရစ္ဆာန်များကို လမ်းကြောင်း ပြသပေးခြင်းဟာ အလွန်ရှားတဲ့ အဖြစ်အပျက် ဖြစ် ကြောင်း သုတေသီများက ဆိုပါတယ်။
(၁၄) တစ်ချို့သော ပုရွက်ဆိတ်တွေဟာ ပိုးသတ်ဆေးကဲ့သို့ အသုံးပြုနိုင်ပါတယ်။
သီးနှံများကို ကာကွယ်ဖို့အတွက် weaver ပုရွက်ဆိတ်မျိုးစိတ်တွေကို အသုံးပြုခြင်းဆိုင်ရာ လေ့လာမှု ၇၀ ကို ပြန်လည်သုံးသပ်ချက်ရာမှာ ၎င်းတို့ဟာ လိမ္မော်နှင့် အခြားသစ်ပင်သီးနှံများမှ ပိုးမွှားများကို ဖယ်ရှားရာတွင် ထိရောက်မှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။
weaver ပုရွက်ဆိတ်ခေါ် ခါချဉ်ကောင်တွေဟာ (ခါချဉ်သည် သီးခြင်း မျိုးစိတ်မဟုတ်ဘဲ ပုရွက်ဆိတ်သာ ဖြစ်ပါတယ်) သစ်ပင်တွေပေါ်မှာ အသိုက်ဆောက်ကြပြီး အခြားအင်းဆက်များကို စားသောက်ကြပါတယ်။
weaver ပုရွက်ဆိတ် အသိုက်ရှိတဲ့ ဥယျာဉ်ခြံများဟာ အပင်ပျက်စီးမှုနည်းပြီး သီးနှံအထွက်နှုန်း ပိုကောင်းကြောင်း လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။

(၁၅) ပုရွက်ဆိတ်မျိုးစိတ်တွေဟာ ကိုယ်တိုင်ပဲကိုယ်ပွားကို ဖန်တီးကြပါတယ်။
Mycocepurus smithii ဟုခေါ်တဲ့ Amazonian ပုရွက်ဆိတ်မျိုးစိတ်တွေဟာ ကိုယ်တိုင်ပဲ ပုံတူပွားများ ဖန်တီးနိုင်ပါတယ်။ တကယ်တော့ ပုရွက်ဆိတ် အသိုက်တစ်ခုလုံးကို ဘုရင်မရဲ့ ပုံတူပွားများဖြင့် ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။