မျက်နှာပြင် ၃ ဖက် 3 dimentional ကို ရိုက်နှိပ်နိုင်တဲ့ 3D ပရင်တာများဖြင့် အခြေခံ အဆောက်အဦးအမျိုးမျိုးကို ဖန်တီးခြင်း အပါအဝင် ဆောက်လုပ်ရေး နည်းပညာဟာ တဟုန်ထိုး တိုးတက်နေပါတယ်။
3D ပရင်တာဖြင့် ပစ္စည်းများ ပုံဖော် ထုတ်လုပ်ခြင်းဟာ ပစ္စည်းများ အသုံးပြုရမှုကို လျှော့ချပေးနိုင်ရန်အတွက် လိုချင်သည့် ဒီဇိုင်းကို ပစ္စည်းများ တခုနှင့် တခု ပေါင်းစပ်စရာ မလိုဘဲ တဆက်တည်း ပုံဖော် ထုတ်လုပ်ပေးနိုင်ပါတယ်။
အခုတော့ ကမ္ဘာ့ ပထမဆုံး 3D ပရင်တာဖြင့် တည်ဆောက်ထားတဲ့ “living laboratory” တံတားကို ပြသလိုက်ပါပြီ။ အဲဒီ့တံတားကို သံမ ဏိဖြင့် ပုံဖော်ထားတာဖြစ်ပြီး နယ်သာလန် မြို့တော် Amsterdam မှာ စက်ရုပ်တခုမှ ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။
စမတ်အာရုံခံ ကိရိယာတွေ တပ်ဆင်ထားမယ့် အဆိုပါ တံတားကို လာမယ့် ၂ နှစ်အတွင်း ပြင်ပ မွမ်းမံမှုတွေ ပြုလုပ်နေတဲ့ တံတားဟောင်းနေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။

၄ နှစ်ကြာ ပုံနှိပ် ထုတ်လုပ်ထားတဲ့ ဒီ 3D လူသွားတံတားကို MX3D ဆော့ဖ်ဝဲ ကုမ္ပဏီ Autodesk၊ အင်ဂျင်နီယာချုပ် Arup၊ သံမဏိတွေ ထုတ်လုပ်နေတဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီး ArcelorMittal၊ နှင့် Twente တက္ကသိုလ်တို့ ထူးထူးခြားခြား ပူးပေါင်း ဆောင်ရွက်မှု၏ ရလဒ် ဖြစ်ပါတယ်။
MX3D ဟာ အသိဥာဏ်ရှိ ဆော့ဖ်ဝဲများနှင့် ဂဟေဆော် စက်ရုပ်များအား စက်မှုသုံး 3D ပရင်တာများအဖြစ် ပြောင်းလဲ စေခဲ့ပါတယ်။
တံတား တခုလုံးကို သံမဏိဖြင့် ပြုလုပ်ထားပြီး အလေးချိန်အားဖြင့် ၆ ထောင် ကီလိုဂရမ်လောက် ရှိပါတယ်။
လူသွားတံတားကို လန်ဒန်တော်ဝင် ကောလိပ်မှ Twente တက္ကသိုလ်၏ အကူအညီဖြင့် မတပ်ဆင်မီ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ် ခဲ့ပါတယ်။
တပ်ဆင်ထားတဲ့ အာရုံခံ ကိရိယာများကို အသုံးပြုပြီး သုတေသီများဟာ ၁၂ မီတာရှည်တဲ့ ဒီ တံတား၏ လူသွားလာမှုကို တိုင်းတာ၊ စောင့်ကြည့်ပြီး အကဲဖြတ်မှာ ဖြစ်ပါတယ်။

ရရှိလာမယ့် စုဆောင်းထားတဲ့ အချက်အလက်များဟာ သုတေသီများနှင့် အင်ဂျင်နီယာများကို တံတား၏ ကြံ့ခိုင်မှုနှင့် ဘယ်လောက် သက် တမ်း ခံမယ်ဆိုတာ အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်ပြီး လူအများမှာ 3D ဖြင့် ဆောက်လုပ်ထားသည့် တံတားကို မည်သို့ ပြုမူမယ်ဆိုတာကိုပါ နားလည်စေနိုင်မှာပါ။
အဆိုပါ အချက်အလက်များကို “digital twin” လို့ခေါ်တဲ့ ကွန်ပျူတာထဲတွင် ပုံဖော်ထားသည့် ပုံစံတူ တံတားအတွင်းမှာလည်း ထည့်သွင်းပြီး ၂ ခုနှိုင်းယှဉ် တိုင်းတာမှာ ဖြစ်ပါတယ်။
3D ပရင်တာဖြင့် ထုတ်လုပ် တည်ဆောက်ထားသည့် လူသွားတံတား၏ အချက်အလက်များကို တခြား ကမ္ဘာအနှံ့ရှိ သုတေသီများ လေ့လာနိုင်ရန် လည်း ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတော့ တံတားကို ထုတ်ဖော်ပြပြီး ဖြစ်ကာ သုတေသီများဟာ အချက်အလက်များကို အချိန်နှင့် တပြေးညီ စတင် စုဆောင်နေပြီ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။