Nikola Tesla ၏ ခန့်မှန်းချက်များမှ တကယ်ဖြစ်လာတဲ့ ယနေ့ခေတ် နည်းပညာများ အကြောင်း

Knowledge Science

ဆားဘီးယား-အမေရိကန် အင်ဂျင်နီယာနှင့် ရူပဗေဒပညာရှင် Nokola Tesla ကို ဇူလိုင်က ၁၀ ရက်နေ့ ၁၈၅၆ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ အရေးပါသည့် သိပ္ပံနှင့် အင်ဂျင်နီယာ ပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးခဲ့သည့်အပြင် အနာဂါတ် နည်းပညာနှင့် ပတ်သက်လို့လည်း အလွန်စိတ်ကူးစိတ်သန်း ကောင်းသည့် လူတစ်ယောက် ဖြစ်ခဲ့ပါတယ်။

Nikola Tesla ခန့်မှန်းချက်တွေ တော်တော်များများဟာ သူမရှိတော့တဲ့ နောက်ပိုင်းကာလမှာ တကယ်ပဲ ဖြစ်လာတာကို တွေ့ရပါတယ်။

လျှပ်စစ် နှင့် Tesla ၏ အောင်မြင်မှုများ

Tesla ဟာ ပထမဆုံး AC မော်တာကို တီထွင်ဖန်တီးနိုင်ခဲ့ပြီး AC နှင့်ပတ်သက်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း နှင့် ဖြန့်ဖြူးခြင်း နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ပါတယ်။

၎င်း၏ ခေတ်ကတည်းက ရှိလာခဲ့သည့် AC လျှပ်စစ်ဟာ ယနေ့ခေတ် ဓာတ်အားပေးပို့ ဖြန့်ဖြူးခြင်း ကဏ္ဍမှာ ကမ္ဘာ့ စံနှုန်း တခုအဖြစ် အံ့ဩစရာ ရှိနေဆဲ ဖြစ်ပါတယ်။

ဒါအပြင် Tesla ဟာ oscillator တွေ၊ မီတာတွေ၊ Tesla coil နှင့် ဗို့အားမြင့် ထရန်စဖော်မာတွေကိုပါ တည်ထွင်ခဲ့တာ ဖြစ်ပါတယ်။

Guglielmo Marconi ပထမဆုံး ကြိုးမဲ့ကြေးနန်းကို လက်တွေ့ တီထွင် ထုတ်လုပ်သည့် မတိုင်ခင် ၂ နှစ်လောက် အလိုမှာ Tesla ဟာ ရေဒီ ယို ဆက်သွယ်ရေးနှင့် ပတ်သက်လို့ သရုပ်ပြဖူးပါတယ်။

ဒီလို ထူးချွန်တဲ့ တီထွင်သူ ဖြစ်သည့်အပြင် အနာဂါတ်ဝါဒီ သမားတဦးဖြစ်တဲ့ Nikola Tesla ၏ အနာဂါတ် ခန့်မှန်းမှုများထဲမှ တကယ် ဖြစ် လာတဲ့ အနာဂါတ် နည်းပညာများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Wi-Fi နှင့် IoT

“ကြိုးမဲ့စနစ်ကို အပြည့်အဝ အသုံးချလိုက်တဲ့ အခါမှာ ကမ္ဘာကြီးတခုလုံးဟာ ကြီးမားတဲ့ ဦးနှောက်အဖြစ် ပြောင်းလဲသွားလိမ့်မယ်” လို့ Wired သတင်းဌာနမှ ပြန်လည် ပုံနှိပ်ထုတ်ဝေခဲ့သည့် ၁၉၂၆ က Colliers နှင့် အင်တာဗျူးတွင် Tesla က ပြောကြားခဲ့ပါတယ်။

Tesla ဟာ ကြိုးမဲ့စက်ပစ္စည်းများဟာ နောက်ဆုံးမှာ transmitter နှင့် receiver အများအပြား အသုံးပြုပြီး ကြားခံ ဘာအနှောင့်အယှက်မှ မရှိဘဲ အလုပ်လုပ်နိုင်ကာ ရိုးရှင်းလာလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

Tesla ၏ ရေဒီယို ထိန်းချုပ်မှုဖြင့် မောင်းနှင်ရသည့် လှေငယ်

တိုက်ရိုက်ထုတ်လွှင့်ခြင်း (Streaming or Livestreaming) နှင့် Video call (FaceTime) များနှင့် ပတ်သက်လို့လည်း အနာဂါတ်လူတွေဟာ ကမ္ဘာ့အားကစားပွဲများကဲ့သို့ အရာများကို အဲဒီမှာ ရှိနေသကဲ့သို့ ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၎င်းက လူတွေဟာ ကြိုးမဲ့နည်းပညာဖြင့် ကမ္ဘာတဝှမ်းသို့ ဆက်သွယ်နိုင်မည့်အပြင် စာရွက်စာတမ်းများ၊ တေးဂီတ နှင့် ဗီဒီယိုများ ပေးပို့နိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

သူဟာ ၁၉၈၀ ခုနှစ်များနှင့် ၁၉၉၀ ခုနှစ်များတွင် တီထွင်နိုင်ခဲ့သည့် အင်တာနက်နှင့် ဝိုင်ဖိုင် WIFI များကိုသာ ခန့်မှန်းနိုင်သည်သာမက ယနေ့ခေတ် IoT (Internet of things) လို့ခေါ်တဲ့ IP ဖြင့် ခိုင်းစေနိုင်မယ့် အီလက်ထရောနစ် ပစ္စည်းများ အတွက်ပါ ခန့်မှန်းနိုင်ခဲ့ပါတယ်။

IoT နှင့် ဆက်စပ်တဲ့ ပြောဆိုမှုကတော့ “အိမ်တွင်း စီမံခန့်ခွဲမှုနှင့် ပတ်သက်လို့ အပူပေး၊ အလင်းပေးစနစ်နှင့် အိမ်တွင်း စက်ပစ္စည်းများကို စီမံခန့်ခွဲဖို့အတွက် ကြိုးမဲ့စွမ်းအင်ဟာ အလုပ်သများတွေ လိုအပ်မှုက လွတ်မြောက် စေမှာ ဖြစ်တယ်” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

၂။ AI၊ စက်ရုပ်များ နှင့် အလိုအလျှောက်ကားများ

Tesla ဟာ အမြဲလိုလိုပင် အလိုအလျောက် မောင်းနှင်နိုင်သည့်ကားများ၊ ဒရုန်းများနှင့် အလိုအလျောက် စက်ရုပ်များ ရှိနိုင်မယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။

သူဟာ အနာဂါတ်တွင် အဝေးထိန်းစနစ်ဖြင့် မောင်းနှင့်နိုင်သည့် ဒရုန်းကဲ့သို့ ယာဉ်များ ရှိလာမယ်ဆိုတာကို အခိုင်အမာ ယုံကြည်ခဲ့တာပါ။

ဒါ့အတူ သူ့ရဲ့ ယုံကြည်မှုကို သက်သေပြနိုင်ဖို့အတွက် သူဟာ ၁၈၉၈ ခုနှစ်မှာ ရီမုဒ် ကွန်ထရိုး အဝေးထိန်း စနစ်ဖြင့် မောင်းနှင်နိုင်သည့် လှေငယ်ကို သရုပ်ပြခဲ့ပါသေးတယ်။

BBC ရဲ့ အဆိုအရ ၎င်း၏ နည်းပညာဟာ အလွန်အဆင့်မြင့်တာကြောင့် မျက်မြင် ကြည့်ရှုကြတဲ့ သူတွေဟာ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ကြပြီး အဝေးထိန်း လှေငယ်ထဲမှာ လှေကို ထိန်းချုပ်ဖို့ မျောက်ကလေး တကောင် ထည့်ထားတယ်လို့တောင် ထင်ခဲ့ကြတယ်လို့ သိရပါတယ်။

၃။ ကြိုးမဲ့ စွမ်းအင် ဖြန့်ဖြုးခြင်း

၁၉၀၁ ခုနှစ်မှာ Tesla ဟာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် ကြိုးမဲ့ ဆက်သွယ်ရေး တာဝါတိုင်ဖြစ်တဲ့ Wardenclyffe ကိုတည်ဆောက်ခဲ့ပါတယ်။

အဲဒီ့ တာဝါတိုင်ကြီး တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကြိုးမဲ့ အချက်ပြမှုများနှင့် စွမ်းအင်များကို အတ္တလန္တိတ်ကို ဖြတ်ပြီး ထုတ်လွှင့်ကာ ဆင်းရဲနွမ်းပါးသည့် သူများထံ အရင်းအမြစ်များ ပို့ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။

သို့ပေမယ့် BBC အဆိုအရ စီမံကိန်းကို ရင်းနှီးမြှုပ်နှံသူများဟာ အရာအားလုံးကို အလကားပေးရမည့် အစီအစဉ်ကို သဘောမတူခဲ့သည့် အ တွက် စီမံကိန်းကို ဖျက်သိမ်းခဲ့ပြီး နောက်ပိုင်းမှာ ဂျာမန်သူလျိုများက အသုံးပြုနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် မပြီးစီးခင်မှာဘဲ ဖျက်ဆီးခံလိုက်ရပါတယ်။

၄။ စမတ်ဖုန်းများ

Tesla ဟာ ကျွန်တော်တို့ လက်ရှိအသုံးပြုနေသည့် ခေတ်မှီ စမတ်ဖုန်းများအကြောင်းကို ကွက်ကွက်ကွင်းကွင်း အသေးစိတ် ဖော်ပြခဲ့ပါတယ်။

Colliers နှင့် အင်တာဗျူးတွင် ၎င်းဟာ ဗီဒီယိုနှင့် တယ်လီဖုန်း ခေါ်ဆိုမှုများအတွက် အသုံးပြုနိုင်မည့် ရိုးရိုးရှင်းရှင်းနှင့် ဆန်းပြားပြီး သယ်ဆောင်ရလွယ်ကူမည့် ကြိုးမဲ့ ကိရိယာအကြောင်းကို ပြောဆိုခဲ့ပါတယ်။

“လူတယောက်ဟာ သူ့ရဲ့ အိတ်ကပ်ထဲမှာ အဲဒီလိုမျိုး တလုံးကို ဆောင်ထားနိုင်လိမ့်မယ်” လို့ Tesla က ပြောခဲ့တာပါ။

Nikola Tesla ၏ နောက်ပိုင်း အကြောင်းအရာများ

သူဟာ အိုင်းစတိုင်း၏ ရူပဗေဒမှ စွမ်းအင်ပုံစံသစ်ဖြစ်သည့် cosmic ray ကိုအသုံးပြုနိုင်သည့် မော်တာ၊ စိတ်ထဲမှ အရာများကို ဓာတ်ပုံထုတ်နိုင်မယ့် နည်းလမ်း၊ ကမ္ဘာစစ်များအားလုံးကို ရပ်တန့်နိုင်မယ့် death ray စသည်တို့ကို ဖန်တီးနေသည်ဆိုသည့် ကိစ္စများကို ပြောဆိုခဲ့ပါတယ်။

အထက်ပါ ကိစ္စ ၃ မျိုးထဲမှ death ray ကတော့ ဖြစ်နိုင်ချေ အရှိဆုံး ကိစ္စတခု ဖြစ်ခဲ့လို့ လူအများကြားမှာ ဒဏ္ဍာရီ တပုဒ်လို ပြောဆိုနေဆဲ ဖြစ်ပါတယ်။

၎င်းဟာ ၁၉၃၇ ခုနှစ်က အဲဒီ့လက်နက်ကို ထုတ်လုပ်ဖို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ နှင့် ယူဂိုဆလားဗီးယား တို့ဆီ စာတမ်းကိုပေးပို့ပြီး ထောက်ပံ့ပေးရန် ကမ်းလှမ်းခဲ့ပါတယ်။

ဗြိတိန်ဟာ သန်း ၃၀ အသုံးပြုပြီး သူ့ရဲ့ လက်နက်ကို ဝယ်ယူကာ ဂျာမန်ကို တားဆီးဖို့ စဉ်းစားခဲ့ ပေမယ့် ၁၉၃၈ ခုနှစ်မှာတော့ စိတ်ဝင်စားမှု မရှိတော့ပါဘူး။

၁၉၃၇ ခုနှစ် ၎င်း၏ မွေးနေ့ မှာ Tesla ကို အဲဒီ့ လက်နက်အကြောင်း မေးမြန်းခဲ့ရာ “ဒါဟာ သုတေသန တခုမဟုတ်ပါဘူး။ ကျွန်တော်ဟာ ဒါကို တည်ဆောက်ခဲ့ပြီးဖြစ်ကာ၊ သရုပ်ပြပြီး ဖြစ်တဲ့အပြင် အသုံးလဲပြုခဲ့ပြီးပါပြီ” လို့ ဆိုပါတယ်။

၁၉၄၀ ခုနှစ် ၎င်း၏ ၈၄ နှစ် မွေးနေ့မှာ Tesla ဟာ အမေရိကန်ကို အဆိုပါလက်နက် အတွက် ကမ်းလှမ်းခဲ့ပေမယ့် စိတ်မဝင်စားခဲ့ပါဘူး။

လျှပ်စစ်၏ ရှေ့ဆောင်လမ်းပြ တဦးဖြစ်ပြီး တိကျသည့် အနာဂါတ်ဝါဒီ သမားတဦး ဖြစ်ပေမယ့် ၎င်းဟာ ဘဝတလျှောက်လုံးတွင် လူမှုရေးနှင့် ပရော်ဖက်ရှင်နယ် အပိုင်းများ၌ အတော်လေး ခက်ခဲ ရုန်းကန်ခဲ့ရပါတယ်။

သူဟာ စီးပွားရေးကို ကျွမ်းကျင်မှု မရှိခဲ့သည့်အတွက် စိတ်ကူးမှ အကျိုးအမြတ်များ ရရှိခဲ့ပေမယ့် George Westinghouse နှင့် Thomas Edison တို့၏ ရေရှည်ဘဏ္ဍာရေးဆိုင်ရာ အောင်မြင်မှုမျိုးကိုတော့ ဘယ်တော့မှ မရရှိခဲ့ပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 4/6/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *