မြောက်ကိုရီးယား၏ ကြီးထွားလာသည့် နျူကလီးယားလက်နက် နှင့် ပဲ့ထိန်းတပ် ဒုံးကျည်များကို အာရုံစိုက်နေကြပေမယ့် ၎င်းတို့၏ သမားရိုးကျ စစ်ဘက်ဆိုင်ရာ လက်နက်များကိုတော့ သိပ်ပြီး ဂရုမပြုမိကြပါဘူး။
ကိုရီးယားပြည်သူ့တပ်မတော် KPA လို့ခေါ်တဲ့ မြောက်ကိုရီးယားတပ်ဟာ ကမ္ဘာပေါ်တွင် အင်အားကောင်းသည့် စစ်တပ်များထဲမှ တခုအဖြစ် ရှိနေပြီး စစ်သည်အင်အား စုစုပေါင်း ၁.၃ သန်းလောက်ရှိမယ်လို့ အကြမ်းဖျင်း ခန့်မှန်းရပါတယ်။
ဒါဟာ တောင်ကိုရီးယားနိုင်ငံတွင် ရှိသည့် စစ်သည် အရေအတွက် စုစုပေါင်းထက် ၂ ဆ လောက် ပိုမို များပြားသည့် ပမာဏဖြစ်ပါတယ်။
ကိန်းဂဏန်းအရ အားသာချက် ရှိပေမယ့် မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနှင့် နှိုင်းယှဉ်ပါက အရည်အသွေးနှင့် နည်းပညာပိုင်းမှာ သိသိသာသာ အားနည်းနေတာကို တွေ့ရပါတယ်။
ထိုအခြေအနေဟာ မြောက်ကိုရီးယား၏ တင့်ကားများနှင့် သံချပ်ကာယာဉ်များကို ကြည့်ပါက ပိုမို မြင်သာစေပါတယ်။
တောင်ကိုရီးယားအမျိုးသား ကာကွယ်ရေး ဝန်ကြီးဌန၏ အဆိုအရ မြောက်ကိုရီးယားတွင် ပင်မတိုက်ပွဲဝင် တင့်ကားပေါင်း ၄,၃၀၀ လောက်ရှိတယ်လို့ သိရပြီး တောင်ကိုရီးယားမှာတော့ အစင်းရေ ၂,၃၀၀ သာရှိပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယား၏ တင့်ကားအများစုဟာ ဒုတိယကမ္ဘာစစ် လက်ကျန်နှင့် ကိုရီးယားစစ်ပွဲ လက်ကျန်များ ဖြစ်သည့် T-34၊ T-54၊ T-55၊ T-62 နှင့် တရုတ်လုပ် Type-59 သာ ဖြစ်တဲ့အတွက် အတော်လေး အိုဟောင်းနေကာ တိုက်ပွဲဝင်နိုင်သည့် အခြေအနေ ရှိမရှိဆိုတာ မသေချာပါဘူး။
မြောက်ကိုရီးယား ပြည်တွင်းထုတ် တင့်ကားများဟာလည်း ကြာမြင့်လှပြီဖြစ်တဲ့ တရုတ်နှင့် ဆိုဗီယက်ခေတ် ဒီဇိုင်းများကိုသာ အခြေခံ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
၎င်း၏ ပြည်တွင်းဖြစ် ပင်မတိုက်ပွဲဝင်တင့်ကား Chonma-ho ကို ၁၉၈၀ ခုနှစ်များက ပထမဆုံ စတင်ထုတ်လုပ်တာဖြစ်ပြီး ၁၉၆၀ ခုနှစ်များက ဆိုဗီယက်တင့်ကား T-62 ကို အခြေခံထားတာ ဖြစ်ပါတယ်။
၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်တွေမှာ ပထမဆုံး မြင်တွေ့လာရတဲ့ Pokpung-ho ပင်မတိုက်ပွဲဝင် တင့်ကားကတော့ ၁၉၇၀ ခုနှစ်များက ဆိုဗီယက်လုပ် T-72 တင့်ကားပုံစံကို T-62 နည်းပညာများကိုသာ အခြေခံပြီး ထုတ်လုပ်ထားတာပါ။
တောင်ကိုရီးယားနိုင်ငံရှိ တင့်ကားများကတော့ ကမ္ဘာ့ထိပ်တန်း အဆင့်ဝင် တင့်ကားများဖြစ်ကာ အဆင့်မြင့် နည်းပညာများ ထည့်သွင်းထားပြီး K2 Black Panther ဟာ အထူး ထင်ရှားပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ခေတ်သစ် သမားရိုးကျ စစ်ပွဲများတွင် မြောက်ကိုရီးယား တင့်ကားများဟာ တောင်ကိုရီးယား တင့် ကားများကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိတာကို တွေ့ရမှာပါ။
မြောက်ကိုရီးယားဟာ ၁၉၆၀ ခုနှစ်များကတည်းက ၎င်း၏ နိုင်ငံဘဏ္ဍာရေးနှင့် အရင်းအမြစ် ကန့်သတ်ချက်များနှင့်အညီ ကုန်ကျစရိတ် အနည်းဆုံးနှင့် အကြီးမားဆုံး မဟာဗျူဟာမြောက် အကျိုးအမြတ် ရနိုင်မည့် စွမ်းရည်များကိုသာ ခေတ်မှီဖို့အတွက် ဦးစားပေးလာတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဆိုက်ဘာစစ်ဆင်ရေးများ၊ ပဲ့ထိန်းတပ် ဒုံးကျည်များနှင့် အထူး စစ်ဆင်ရေး တပ်ဖွဲ့များတွင်သာ သိသိသာသာ စွမ်းဆောင်ရည်တွေကို တွေ့မြင်နိုင်ပါတယ်။
အောက်တိုဘာလ ၂၀၂၀ ခုနှစ်တွင် ကျင်းပခဲ့သည့် မြောက်ကိုရီးယား၏ အာဏာရပါတီ တည်ထောင်သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည် စစ်ရေးပြပွဲမှာ ၎င်းတို့၏ ပင်မတိုက်ပွဲဝင် တင့်ကားသစ်ကို ပြသခဲ့ပါတယ်။
M2020 လို့ အမည်ပေး ခံထားရတဲ့ တင့်ကားသစ်များဟာ မြောက်ကိုရီးယား ပြည်တွင်းထုတ် တင့်ကားများကို ပြန်လည် မွမ်းမံထားပုံရပြီး ရုရှား T-14 Armata နှင့် အမေရိကန်၏ M1 Abrams တို့မှ ဒီဇိုင်းများနှင့် ဆင်တူနေပါတယ်။

ဒါ့ကြောင့် မြောက်ကိုရီးယားဟာ ၎င်း၏ သံချပ်ကာ တပ်ဖွဲ့များအတွက် ရင်းနှီးမြှုပ်နှံမှု အချို့တော့ ဆက်ရှိနေတာ တွေ့ရပါတယ်။
အကြောင်းကတော့ များပြားလှတဲ့ တင့်ကားများဟာ ကိုရီးယား ကျွန်းဆွယ်တွင် ကြီးမားသည့် ပဋိပက္ခဖြစ်ပါက အမေရိကန်နှင့် တောင်ကိုရီးယားတို့ စစ်အင်အား အပြည့်အဝ မစုစည်းနိုင်ခင် အလျှင်အမြန် ထိုးစစ်ဆင်ဖို့အတွက် အသုံးဝင်လို့ ဖြစ်ပါတယ်။
ခေတ်သစ် စစ်ပွဲ အတွင်းမှာ တင့်ကားများ၏ လွတ်မြောက် နိုင်စွမ်းဟာ ၎င်းတို့၏ မြင့်မားလှတဲ့ နည်းပညာအပေါ် မူတည်နေတယ်ဆိုတာကို ယူကရိန်း-ရုရှား အရေးက မီးမောင်းထိုးပြနေပါတယ်။
ဒါ့ကြောင့် မြောက်ကိုရီးယား၏ ပင်မတိုက်ပွဲဝင် တင့်ကား အများအပြားကို အသုံးပြုမည့် ဗျူဟာအနေဖြင့် ယခုခေတ်မှာ ထိရောက်မှု အများကြီးလျော့ကျနေပါပြီ။
မည်သို့ပင်ဖြစ်စေ ကိုရီးယား ကျွန်းဆွယ်ဟာ ထာဝရ ငြိမ်းချမ်းနေဖို့ မျှော်လင့်မိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။