တရုတ်၊ ရုရှား အပါအဝင် ၅ နိုင်ငံ နျူကလီးယားနှင့် ပတ်သက်သည့် ပူးတွဲ ကြေငြာမှု ထုတ်ပြန်

News

နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံများဖြစ်သည့် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန် မြောက်ပိုင်း အိုင်ယာလန် နှင့် အမေရိကန် တို့ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ပူးတွဲ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

၎င်းတို့ဟာ နျူကလီးယား နှင့် ပတ်သက်သည့် မဟာဗျူဟာမြောက် အန္တရာယ်များကို လျှော့ချရန်အတွက် ရည်ရွယ်ပြီး ပူးတွဲ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို လုပ်ဆောင်မှုဟာ ရှားရှားပါးပါး ပူးပေါင်းမှု ဖြစ်စဉ် တခုလည်း ဖြစ်ပါတယ်။

အဆိုပါ ကြေငြာချက်တွင် ၎င်းတို့မှ “နျူးကလီးယား စစ်ပွဲတခုဟာ အောင်နိုင်မှုကို ဖြစ်စေမှာ မဟုတ်လို့ ဘယ်တော့မှ ဖြစ်ပွားလို့ မရဘူး” လို့ ပူးတွဲ ဖော်ပြခဲ့ပါတယ်။

“နျူကလီးယား အသုံးပြုမှုဟာ ကျယ်ပြန့်တဲ့ အကျိုးဆက်တွေ ရှိလာမှာ ဖြစ်တဲ့အတွက် ဒီလို လက်နက်တွေ တည်ရှိနေသည့် ကာလပတ် လုံး ခုခံကာကွယ်ခြင်း ရည်ရွယ်ချက်၊ ရန်လိုမှုများကို ဟန့်တားခြင်း နှင့် စစ်ပွဲတွေကို တားဆီးဖို့အတွက်သာ ဖြည့်ဆည်းပေးရမယ်” လို့ ကြေငြာချက်မှ ဖော်ပြထားပါတယ်။

Tsirkon ဒုံးကျည်

“ကျွန်ုပ်တို့ဟာ ဒီလို လက်နက်တွေ ထပ်ပြီး မပြန့်ပွားအောင် တားဆီးရမယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်” လို့လည်း ပါရှိပါတယ်။

ဒီပူးတွဲ ထုတ်ပြန်မှုဟာ ရုရှားနိုင်ငံမှာ ဟိုက်ပါဆိုးနစ် အမြန်နှုန်းဖြင့် ပစ်ခတ်နိုင်တဲ့ ဒုံးကျည် ဖြစ်တဲ့ Tsirkon ခရုဇ် ဒုံးကျည်နှစ်စင်းကို စမ်းသပ်ခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဆိုပါ စမ်းသပ်မှုကို ရေငုပ်သင်္ဘော နှင့် ဖရီးဂိတ် သင်္ဘောပေါ်တွင် Tsirkon ခရုဇ်ဒုံးကျည် တစင်းစီ ဖြင့် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ အဆိုပါ စမ်းသပ်မှုကို “နိုင်ငံ၏ တသက်တာမှာ ကြီးမားတဲ့ ဖြစ်စဉ် တခု” လို့ ခေါ်ဆို ခဲ့ပါတယ်။

၎င်းဟာ ယခင်ကတည်းက ရုရှား၏ ဟိုက်ပါဆိုးနစ် အမြန်နှုန်းရှိ ဒုံးကျည်ဟာ အမေရိကန် ကာကွယ်ရေး စနစ်များကို ရှောင်ရှားနိုင်စွမ်း ရှိတယ်လို့ ရည်ညွှန်းပြောဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်ရှိ မည်သည့် ပစ်မှတ်များကိုမဆို တိုက်ခိုက်နိုင်စွမ်း ရှိတယ်လို့လည်း ဆိုပါတယ်။

စမ်းသပ်မှု ပြုလုပ်မည့် အကြောင်းများကို “နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောမှ တဆင့် စမ်းသပ်မည့် ဟိုက်ပါဆိုးနစ် ဒုံးကျည် Tsirkon” “Tsirkon ဒုံးကျည်များ ပထမဆုံး တပ်ဆင်နိုင်မယ့် Admiral Golovko ဖရီးဂိတ်” ခေါင်းစဉ်များဖြင့်‌ ဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လ အတွင်းကလည်း တရုတ်နိုင်ငံဟာ ၎င်း၏ ကိုယ်ပိုင် ဟိုက်ပါဆိုးနစ် လက်နက်တခုကို ပစ်လွှတ်ခဲ့ပြီး ပစ်မှတ်ကို မထိမီ ကမ္ဘာကို လှည့်ပတ်ခဲ့ပါသေးတယ်။

အဆိုပါ စမ်းသပ်မှုဟာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းက ပြုလုပ်ခဲ့တဲ့ ဟိုက်ပါဆိုးနစ် လက်နက် မအောင်မြင်ခဲ့တဲ့ အမေရိကန်အဖို့ တုန်လှုပ်စရာတခု ဖြစ်ခဲ့ပါတယ်။

ဟိုက်ပါဆိုးနစ် စမ်းသပ်မှု မအောင်မြင်ခဲ့သည့် အကြောင်းကို “အမေရိကန်လေတပ်၏ ဒုတိယအကြိမ် ဟိုက်ပါဆိုးနစ် ဒုံးကျည်စမ်းသပ်မှု မအောင်မြင်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါတယ်။

အမေရိကန်ဟာ တရုတ်၏ ဟိုက်ပါဆိုးနစ် လက်နက် စမ်းသပ်မှုကို “စိုးရိမ်စရာကောင်းတဲ့ စမ်းသပ်မှု” လို့ ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး John Hyten ကတော့ တရုတ်နိုင်ငံဟာ အမေရိကန်ကို လျှပ်တပြတ် အံ့အားသင့်စေမည့် နျူကလီးယား လက်နက်နှင့် တိုက်ခိုက်မှု ပြုလုပ်နိုင်ဖို့ နီးစပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

HGV လက်နက် အလုပ်လုပ်ပုံ Image: Courtesy of Researchgate/Zirk Zimper

အဲဒီ့ အကြောင်းကိုလည်း “ယခင်က မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ ဒုံးကျည် ပိုင်ဆိုင်နေဖွယ်ရှိတဲ့ တရုတ်နိုင်ငံ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ကမ္ဘာကြီးကို ခြိမ်းခြောက်မည့် နျူကလီးယား အခြေပြု ဒုံးကျည်များ၊ တိုက်ချင်းပစ် ဒုံးကျည်များ အပါအဝင် လက်နက်ပေါင်းများစွာဟာ ယခုလို သဘောတူညီမှုလောက်နှင့် ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

တစတစ စွမ်းအားပြင်းထန်၊ အဆင့်မြင့်ပြီး ရှုပ်ထွေးလာတဲ့ လက်နက်စနစ်များကြောင့် နျူကလီးယား ထိပ်ဖူးများကို ကမ္ဘာ့အနှံ့ နာရီပိုင်းအတွင်း ပစ်လွှတ်နိုင်နေပြီ ဖြစ်တဲ့အတွက် အရေအတွက်ကို လျှော့ချခြင်းဟာသာ အဖြေတခု ဖြစ်နိုင်မှာပါ။

ယခု ဆောင်းပါးဟာ အမေရိကန် စစ်ဘက်ဆိုင်ရာ သတင်းဌာနတခု ဖြစ်တဲ့ ‌americanmilitarynews ၏ “US, UK, China, Russia, France release joint statement on nuclear war – here it is” သတင်းကို အခြေခံပြီး ရေးသား ထားတာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *