ကမ္ဘာ့ အကောင်းဆုံး မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ် ၅ မျိုး

Knowledge Military

ယနေ့ခေတ် ကမ္ဘာပေါ်မှာ တာဝေးသွား ဗုံးကြဲလေယာဉ်တွေကို ကောင်းကောင်း ထုတ်လုပ်နိုင်တာ ၂ နှစ်နိုင်ငံပဲ ရှိပါတယ်။

အဲဒါကတော့ အမေရိကန်နဲ့ ရုရှားပါပဲ။ တရုတ်ကဲ့သို့ တခြား နိုင်ငံကြီးများမှာလည်း ဗုံးကြဲလေယာဉ်ကြီးတွေ ရှိကြပေမယ့် အထက်ပါ ၂ နိုင်ငံနှင့် စာရင် အများကြီး နောက်ကျ ကျန်နေပါတယ်။

ဒါကြောင့် အမေရိကန် နှင့် ရုရှားတို့ရဲ့ လက်ရှိ ကမ္ဘာပေါ်တွင် စိတ်အချရဆုံး နှင့် အကောင်းဆုံး ဗုံးကြဲလေယာဉ်များထဲမှ ၅ မျိုးကို ထုတ်နှုတ် ဖော်ပြပေးလိုက်ပါတယ်။

Rockwell B-1 Lancer (အမေရိကန်)

B-1 Lancer ဗုံးကြဲလေယာဉ်ဟာ အမေရိကန် လေတပ်တွင် တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်များထဲမှာ ဖြန့်နိုင် စုနိုင်တဲ့ တောင်ပံရှိတဲ့ တမျိုးထဲသော ဗုံးကြဲလေယာဉ် ဖြစ်ပါတယ်။

ကိုယ်ထည်ကို ပေါင်းစပ်သတ္တုများနှင့် တည်ဆောက်ထားတာဖြစ်ပြီး လေယာဉ်ကိုယ် ထည် အဆက်များကို အထူးပြုလုပ်ထားသည့် တိပ်များဖြင့် ဆက်ကာ အပေါ်မှ ဆေးဖြင့် ဖုံးအုပ်ထားပါတယ်။

Rockwell B-1 Lancer

B-1 ရဲ့ ကနဦး လွတ်မြောက်နိုင်စွမ်းဟာ B-52 များထက် ၂ ဆ မှ ၃ ဆ အထိ ရှိပြီး ရန်သူ့ နယ်မြေထဲသို့ လျှင်မြန်စွာ ထိုးဖောက် ဝင်ရောက်နိုင်စွမ်း ရှိပါတယ်။

Rockwell B-1 Lancer ဗုံးကြဲလေယာဉ်၏ အမြန်နှုန်းမှာ တနာရီလျှင် ၁၃၂၈ ကီလိုမီတာ အထိ ရှိပြီး ဗုံး သို့မဟုတ် ဒုံးကျည် အပါအဝင် လက်နက် တန်ချိန် ၅၆ တန်လောက် တင်ဆောင် စစ်ဆင်နိုင်ပါတယ်။

Tu-95MS (ရုရှား)

ဒီလေယာဉ်ကြီးဟာ နှေးကွေးပါတယ်။ turboprop အင်ဂျင် ၄ လုံးကို တပ်ဆင်ထားပြီး အလွန်ကို ဆူညံတဲ့အပြင် မည်သည့် ရေဒါမှ မဆို လွယ်ကူစွာ သိရှိနိုင်ပါတယ်။

ဒါပေမယ့် Tu-95MS တွေမှာ အထက်ပါ အားနည်းချက်များကို မမှုတဲ့ အားသာချက် တခု ရှိပါတယ်။

အဲဒါကတော့ နျူကလီးယား ထိပ်ဖူး တပ်ဆင်ထားတဲ့ Kh-55 ခရုဇ် ဒုံးကျည်များကို ဒီလေယာဉ်ကြီးမှာ တပ်ဆင်နိုင်ပြီး အဲဒီ့ ဒုံးကျည်ဟာ ကီလိုမီတာ ၃ ထောင်အကွာအဝေးမှ ပစ်မှတ်များကို တိုက်ခိုက်နိုင်လို့ပါ။

Tu-95MS

ဒါ့ကြောင့် “Bear” သို့မဟုတ် ဝက်ဝံကြီးလို့ အမည်ပေးထားတဲ့ လေယာဉ်ကြီးဟာ ရန်သူ့ လေကြောင်းကာကွယ်ရေး ဇုံအတွင်းအထိ အရောက် မောင်းနှင်စရာမလိုဘဲ ဒုံးကျည်တွေကို အဝေးက ပစ်လွှတ်ရုံပါပဲ။

တနာရီကို ၈၃၀ ကီလိုမီတာ အမြန်နှုန်းဖြင့်သာ ပျံသန်းနိုင်ပေမယ့် အကွာအဝေး ၁၁,၀၀၀ ကီလိုမီတာအထိ စစ်ဆင်နိုင်ပြီး အမြင့် ၁၂,၀၀၀ မီတာအထိ ပျံတက်နိုင်ပါတယ်။

Bear ဗုံးကြဲလေယာဉ်ကြီးဟာ ၁၇ နာရီလောက် ပျံသန်းစစ်ဆင်နိုင်ပြီး လောင်စာဆီ ၉၆ တန်လောက်အထိ အသုံးပြုပါတယ်။

Northrop B-2 Spirit (အမေရိကန်)

လေကြောင်း သမိုင်းတလျှောက်မှာ Northrop မှ ထုတ်လုပ်ပေးခဲ့တဲ့ B-2 Spirit မဟာဗျူဟာမြောက် ရေဒါပျောက် ဗုံးကြဲလေယာဉ်ဟာ ကုန်ကျစရိတ် အကြီးမားဆုံး ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်က ကုန်ကျစရိတ်နှင့် တွက်လျှင်ပင် တစင်းလျှင် အမေရိကန် ဒေါ်လာ ၂ ဘီလီယံလောက် ကုန်ကျပါတယ်။

B-2 ဟာ တနာရီကို ၈၀၀ ကီလိုမီတာ အမြန်နှုန်းဖြင့်သာ ပျံသန်းနိုင်ပေမယ့် အကွာအဝေး ၁၁,၀၀၀ ကီလိုမီတာနှင့် အမြင့် ၁၅,၀၀၀ မီတာလောက်အထိ တက်ရောက် ပျံသန်းနိုင်ပါတယ်။

Northrop B-2 Spirit

လေယာဉ်ပေါ်တွင် B-61 atomic ဗုံး ၁၆ လုံး သို့မဟုတ် ၉၀၇ ကီလိုဂရမ် အလေးချိန်ရှိ လေဆာ လမ်းညွှန်စနစ်သုံး GBU-27 Paveway II ၈ လုံး သို့မဟုတ် ၂၂၇ ကီလိုဂရမ်ရှိ ဗုံး အလုံး ၈၀ တင်ဆောင်နိုင်ပါတယ်။

B-2 ရဲ့ ရေဒါပျောက်နိုင်စွမ်းကြောင့် အခြားမည်သည့် ဗုံးကြဲလေယာဉ်ထက်မဆို လွတ်မြောက်နိုင်စွမ်း သာလွန်ပြီး အချိန်ကြာမြင့်စွာ မရပ်မနား ပျံသန်း စစ်ဆင်နိုင်ကြောင်းကို သက်သေပြပြီး ဖြစ်ပါတယ်။

B-52 Stratofortress (အမေရိကန်)

မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် နောက်တစင်းဖြစ်တဲ့ B-52 “Stratofortress” တွေကို ၁၉၅၂ ခုနှစ်မှာ စတင်ပျံသန်းခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ နောက်ဆုံး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အလွန် ယုံကြည်စိတ်ချရပြီး ကုန်ကျစရိတ်သက်သာတဲ့ လေယာဉ် ဖြစ်တဲ့အတွက် အမေရိကန်လေတပ်ဟာ ဒီလေယာဉ်တွေကို ၂၀၄၀ ခုနှစ်လောက်အထိ အသုံးပြုဖို့ စီစဉ်ထားပါတယ်။

ဒီဗုံးကြဲလေယာဉ်ဟာ တနာရီလျှင် ၉၆၀ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး စစ်ဆင်နိုင်တဲ့ အကွာအဝေးဟာ အံ့မခန်း ၁၆,၇၀၀ ကီလိုမီတာအထိ ရှိကာ အမြင့် မီတာ ၁၆,၀၀၀ အထိ ပျံသန်းနိုင်ပါတယ်။

B-52 Stratofortress

B-52 Stratofortress ဟာ ဗုံးတန်ချိန်ပေါင်း ၂၇ တန်လောက်အထိ သယ်ဆောင်နိုင်စွမ်း ရှိပါတယ်။

၎င်းကို အာဖကန်၊ အီရတ် စစ်ပွဲများတွင် တွင်တွင် ကျယ်ကျယ် အသုံးပြုခဲ့ပြီး စစ်မြေပြင်တွင် ယုံကြည်စိတ်ချရသော လေယာဉ် တစင်းအဖြစ် အကြိမ်ကြိမ် သက်သေပြပြီး ဖြစ်ပါတယ်။

Tu-160 (ရုရှား)

ဆိုဗီယက် ခေတ်က စတင် ထုတ်လုပ်ခဲ့တဲ့ Tu-160 ဟာ လေကြောင်း သမိုင်းမှာ အကြီးမားဆုံးသော အသံထက် မြန်သည့် ဗုံးကြဲလေယာဉ် အမျိုးအစားဖြစ်ပါတယ်။

တောင်ပံဟာ B-1 Lancer ကဲ့သို့ ဖြန့်နိုင် စုနိုင်ပြီး အမြန်နှုန်းအားဖြင့် တနာရီလျှင် ၂,၃၀၀ ကီလိုမီတာ နှုန်းဖြင့် မောင်းနှင်နိုင်ကာ လက်နက် တန်ချိန် ၅၄ တန်အထိ တင်ဆောင်နိုင်ပြီး အကွာအဝေး ၁၃,၉၅၀ ကီလိုမီတာအထိ စစ်ဆင်နိုင်ပါတယ်။

ရုရှားလေတပ်တွင် လက်ရှိ ၁၇ စင်း တာဝန်ထမ်းဆောင်နေပြီး အဆိုပါ လေယာဉ်များကို အဆင့်မြှင့်တင်မှု များ ပြုလုပ်ထားပါတယ်။

Tu-160

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ယူကရိန်းတွင် ၁၉ စင်း ပိုင်ဆိုင်ခဲ့ပေမယ့် ၁၉၉၉ ခုနှစ်မှာ လောင်စာကြွေးမြီကြောင့် ၈ စင်းကို ရုရှားကို လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် လေယာဉ်များကိုတော့ အမေရိကန်နှင့် သဘောတူညီမှုကြောင့် ဖျက်ဆီးခဲ့ပါတယ်။

ယူကရိန်းဟာ Tu-160 များနှင့် တွဲဖက် အသုံးပြုနိုင်သည့် X-55 နျူကလီးယား ထိပ်ဖူးတပ် ခရုဇ် ဒုံးကျည်များ အားလုံးကိုပါ ဖျက်ဆီးခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *