ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး တိရစ္ဆာန်များ

Knowledge Nature

လက်ရှိ ဇီဝဗေဒ လေ့လာမှုအရ ကမ္ဘာ့ အသက် အကြီးဆုံး တိရိစ္ဆာန် (၇) မျိုး ကို အောက်တွင် လေ့လာ ဖတ်ရှု နိုင်ပါတယ်။

(၁) ပင်လယ်ရေနက်ပိုင်း ရေမြှုပ်ကောင်များ(သက်တမ်း – နှစ်ပေါင်း ၂၃၀၀-၁၈၀၀၀)

ပင်လယ်ရေနက်ပိုင်း ရေမြှုပ်မျိုးစိတ် (Monorhaphis chuni) တွေဟာ အလွန်ရှည်လျားတဲ့ လက်တံ သို့မဟုတ် အရိုး ဖွဲ့စည်းပုံတွေ ပါရှိပြီး ရေမြှုပ်ကောင်ရဲ့ အပေါ် အစိတ်အပိုင်းတွေကို စီလီကာတွေနဲ့ ဖုံးအုပ် ထားပါတယ်။

ရုတ်တရတ်ကြည့်လိုက်မယ်ဆိုရင် မီးအိမ် လိုလို အနုပညာဆန်ဆန် မြင်တွေ့နိုင်ပါတယ်။

သစ်ပင်ရဲ့ အခေါက်တွေလို ဆီလီကာ အလွှာတွေဟာ ၎င်းရဲ့ သက်တမ်း ကိုပါ ခန့်မှန်းနိုင်ပါတယ်။ ၂၀၁၇ ခုနှစ် လေ့လာမှုတစ်ခုအရ Monorhaphis chuni မျိုးစိတ်တွေရဲ့ သက်တမ်းဟာ ၅၀၀၀ နဲ့ ၁၈၀၀၀ ကြားရှိလိမ့်မည် ဟု ခန့်မှန်းထားကြပါတယ်။

၂၀၀၈ တုန်းက လေ့လာခဲ့တဲ့ giant barrel ရေမြုပ်ကောင်မျိုးစိတ် (Xestospongia muta) ရဲ့ ကြီးထွားနှုန်းကို လေ့လာကြည့်ရာ နှစ်ပေါင်း ၂၃၀၀ ကျော် အသက်ရှင်နိုင်တယ်ဟု ခန့်မှန်း ပြောဆိုထားပါတယ်။

Monorhaphis chuni Photo Courtesy of Inhabitat

(၂) ဂရင်းလန်းငါးမန်း (သက်တမ်း – နှစ်ပေါင်း ၄၀၀-၅၀၀)

၎င်းတို့ဟာ နှေးကွေးစွာ ရွေ့လျားသွားလာတက်ကြပြီး အများအားဖြင့် မျက်စိ ကပ်ပါးပိုးများကြောင့် မျက်စိ ကွယ်​ကြသော်လည်း ဂရင်းလန်းငါးမန်း (Somniosus microcephalus) တွေဟာ အာတိတ် ဒေသတွင်ရှိတဲ့ ကမ္ဘာ့ အသက် အရှည်ဆုံး ကျောရိုးရှိ သတ္တဝါများထဲမှ မျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။

၂၀၁၆တုန်းက တံငါပိုက်အတွင်း ဖမ်းမိတဲ့ ၁၆ ပေရှည်တဲ့ ဂရင်းလန်းငါးမန်းကို ယနေ့အထိ နည်းပညာအသစ်ကို အသုံးပြုပြီး လေ့လာနေကြပါတယ်။

၎င်းတို့ရဲ့မျက်လုံးအတွင်းမှ ရေဒီယိုကာဗွန်-ဒိတ်လုပ်ထားတဲ့ ပရိုတိန်းတစ်မျိုးဟာ မမွေးဖွားခင် နှင့် ၎င်းတို့ရဲ့ဘဝတစ်လျှောက်လုံး ရှင်သန်နိုင်တဲ့ အရာဖြစ်ပြီး သိပ္ပံပညာရှင်များက အဆိုပါ နမူနာဟာ အသက် ၃၉၂ နှစ်ခန့် ရှိပြီဟု ခန့်မှန်းခဲ့​ကြပါတယ်။

ဒါကြောင့် အဆိုပါ ငါးမန်းတွေဟာ ၂၇၂ နှစ်မှ ၅၁၂ နှစ်ကြား အသက်ရှင်နိုင်ကြောင်း ညွှန်ပြနေပါတယ်။

Photo: Courtesy of HEMMING1952, WIKIMEDIA COMMONS // CC BY-SA 4.0

(၃) သမုဒ္ဒရာ ခုံးကောင်များ (သက်တမ်း – နှစ်ပေါင်း ၂၀၀-၅၀၀)

ရေအေးခုံး (Arctica Islandica) တွေဟာ နှစ်ပေါင်း ၂၀၀ ကျော် ကောင်းစွာရှင်သန်နေထိုင်နိုင်ပါတယ်။

သက်တမ်းအရင့်ဆုံးမှာ ၂၀၀၆ တုန်းက Icelandic shelf မှ သုတေသီများ စုဆောင်းကောက်ယူခဲ့တဲ့ Ming the Mollusk ဟုခေါ်တဲ့ အသက် ၅၀၇ နှစ် အရွယ်ဖြစ်ပါတယ်။ ခုံးတွေရဲ့ သက်တမ်းကို အလွန် ကောင်းမွန်တဲ့ အခွံပေါ်ရှိ မျဉ်းကြောင်းများကို ရေတွက်ခြင်းဖြင့် ဆုံးဖြတ်ပါတယ်။

Arctica Islandica Photo: Courtesy of NOAA

(၄) Bowhead ဝေလငါး (သက်တမ်း – နှစ်ပေါင်း ၂၀၀ )

Bowhead ဝေလငါး (Balaena mysticetus) တွင်တွေ့ရတဲ့ အချက်များကို ပိုင်းခြားသုံးသပ်ခြင်းဖြင့် ၎င်းတို့ဟာ ရာစုနှစ်နှစ်ခုအထိ အသက်ရှင် နေထိုင် နိုင်တယ် ဆိုတာ သိပ္ပံပညာရှင်များ ဆုံးဖြတ်ထားတဲ့ နည်းလမ်းများထဲမှ တစ်ခုဖြစ်ပါတယ်။

Alaska မြောက်ပိုင်းရှိ ဝေလငါးများနှင့် သု​တေသန လုပ်ဆောင်နေတဲ့ ဇီဝဗေဒပညာရှင်များဟာ အဆိုပါ ဝေလငါးတွေဟာ ၁၈၉၀ ခုနှစ်များမှ ယနေ့အထိ အသက်ရှင်နေထိုင်နိုင်ကြောင်း ခန့်မှန်းထားတဲ့ အဓိကအချက်တွေကို တွေ့ရှိခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေဟာ bowhead ဝေလငါးအုပ်စုမှ မျက်လုံးတစ်ရှူးများကို ခွဲခြမ်းစိတ်ဖြာပြီး ၎င်းတို့ထဲမှ တစ်ကောင်ဟာ ၎င်းသေဆုံးချိန်တွင် အသက် ၂၁၁ နှစ်ရှိပြီဟု ကောက်ချက်ချ ခဲ့ကြပါတယ်။

အဆိုပါ ဝေလငါးတွေရဲ့ ပါးစပ်ဟာ အလွန်ကွေးညွှန့်နေတဲ့အတွက် Bowhead ဝေလငါးဟု အမည်ပေးထားပြီး ၎င်းတို့ဟာ baleen ဝေလ ငါး မျိုးစိတ် ၁၄မျိုးထဲမှ တစ်ခုဖြစ်ပြီး အာတိတ်တွင် တစ်နှစ်ပတ်လုံး နေထိုင်ကျက်စားတဲ့ တစ်ခုတည်းသော မျိုးစိတ်ဖြစ်ပါတယ်။

Bowhead Whale Photo: Courtesy of Smithsonianmag/Denis Scott/Corbis

(၅) Rockfish (သက်တမ်း – နှစ်ပေါင်း ၁၀၀-၂၀၀)

Sebastes အမျိုးအစားရှိ အချို့သောငါးမျိုးစိတ်များဟာ သက်တမ်း ၁၀၀ မှ ၂၀၀ အထိ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။ Rockfish တွေဟာ ၎င်းတို့ရဲ့ အသက် 25 နှစ်ဝန်းကျင်အထိ မျိုးပွားခြင်းမပြုကြပါဘူး၊ ၎င်းတို့ဟာ ကြီးထွားနှုန်းနှေးကွေးတဲ့အတွက် ငါးအလွန်အကျွံဖမ်းခြင်းမှ လွတ်မြောက်ရှင်သန်ကြပါတယ်။

Sebastes မျိုးစိတ် ပုံစံ Photo: Courtesy of NOAA

(၆) အနီရောင်ပင်လယ်သံပခြုပ် (သက်တမ်း – နှစ်ပေါင်း ၁၀၀-၂၀၀)

အနီရောင်ပင်လယ်သံပခြုပ် (Strongylocentrotus franciscanus) တွေဟာ အသက်ရှိနေတဲ့ Koosh ဘောလုံးများနှင့် ဆင်တူပြီး ​၎င်းတို့ဟာ ပင်လယ်မှော်ပင်ကြီးမျိုးအများစုကို စားသုံးကြပါတယ်။

၎င်းတို့ဟာ အနှစ် ၂၀၀ ကြာအောင် အသက်ရှင်နိုင်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုကြီးထွားလာသည့်အပြင် အိုမင်းခြင်းရဲ့ လက္ခဏာများကိုပင် မပြနိုင်ကြပါဘူး၊ ဒါတွေအ​ပြင် သူတို့ရဲ့ မျိုးပွားမှုစွမ်းရည်ကိုပင် ထိန်းသိမ်းထားနိုင်ကြပါတယ်။

၎င်းတို့ဟာ ဖမ်းဆီး စားသုံးခံရခြင်း သို့မဟုတ် ရောဂါတစ်ခုခုကြောင့်သာ အသက်ဆုံးရှုံးနိုင်သော်လည်း အသက်ကြီးလို့ အသက်ဆုံးရှုံးတယ်လို့ မရှိသလောက်နည်းပါးပါတယ်။

Photo: Courtesy of TAOLLAN82, KIRT L. ONTHANK, WIKIMEDIA COMMONS // CC BY 3.0

(၇) Aldabra ဧရာမလိပ် (သက်တမ်း – နှစ်ပေါင်း ၁၈၉ နှစ်နဲ့ အထက်)

ဒီ အသက်ကြီးဆုံး တိရိစ္ဆာန်တွေ စာရင်းမှာ အကျော်ကြားဆုံး သက်ရှိ သတ္တဝါကို မှတ်သား ထားမည် ဆိုပါက Aldabra ဧရာမ လိပ် (Aldabrachelys gigantea) တွေဟာ ထိပ်ဆုံးမှ ရပ်တည်နေမှာ သေချာပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာတောင်ပိုင်းရှိ စိန့်ဟယ်လီနာကျွန်းတွင် Jonathan ဟုအမည်ပေးထားတဲ့ Seychelles ဧရာမလိပ်ကြီး (Aldabra မျိုးစိတ်)ဟာ လက်ရှိတွင် အသက် ၁၉၀ နှစ်ဖြင့် အသက်အကြီးဆုံး မြေပေါ်နေ တိရစ္ဆာန်အဖြစ် ဂင်းနစ်စံချိန်တင်ထားပါတယ်။

Jonathan ဟာ ၁၈၃၂ ခုနှစ်တွင် မွေးဖွားခဲ့ပါတယ်ဟု သိရပါတယ်။

Jonathan Photo: Courtesy of KEVSTAN, WIKIMEDIA COMMONS // CC BY-SA 4.0

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

First Published 16/2/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published.