လူသားတွေရဲ့ ဦးနှောက်ဟာ တဖြည်းဖြည်း ကျုံ့လာ နေတာကို သိပ္ပံ ပညာရှင်တဦးက အတည်ပြုလိုက်တဲ့ အကြောင်း

Knowledge Science

လူသားတွေရဲ့ ဦးနှောက်ဟာ လူ့ခန္ဓာကိုယ်တွင် အရေးအကြီးဆုံးသော အင်္ဂါတစ်ခုပါ။

၎င်းဟာ လုပ်ဆောင်ချက်များနှင့် တုံ့ပြန်မှုများကို ထိန်းချုပ်ပြီး ပေါင်းစပ် ညှိုနှိုင်းပေးကာ ကျွန်တော်တို့ကို လူသား အဖြစ် သတ်မှတ်လို့ရတဲ့ အရာ အားလုံးအတွက် အမှတ်တရများနှင့် ခံစားမှုများကို ဖြစ်စေပါတယ်။

သိပ္ပံပညာရှင် တယောက်မှ လူတွေ အတွက် အလွန် အရေးပါလှတဲ့ ဦးနှောက်ဟာ အရွယ်အစား တဖြေးဖြေး သေးငယ်လာတယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။

လော့စ်အိန်ဂျယ်လ်စ် သဘာဝ သမိုင်း ပြတိုက်မှ ဦးနှောက်နှင့် ဆိုင်သည့် သိပ္ပံပညာရှင် J.M. Stibel ဟာ Behavior and Evolution ဂျာနယ်တွင် ထုတ်ဝေခဲ့သည့် ဒီလေ့လာမှုအား ရေးသားခဲ့သူ ဖြစ်ပါတယ်။

၎င်း၏ အဆိုအရ လွန်ခဲ့သော နှစ်ပေါင်း ၅၀,၀၀၀ လောက် အတွင်းမှာ လူသားများ၏ ဦးနှောက် အရွယ်အစားဟာ လွန်စွာ လျော့ကျသွားကြောင်း သိရပါတယ်။

တကယ်လည်း လေ့လာမှုအရ ခေတ်သစ် လူသားမျိုးနွယ်ဖြစ်တဲ့ Homo sapiens တွေမှာ ဦးနှောက် အရွယ်အစားဟာ ၅ ရာ ခိုင်နှုန်းကျော်လောက် သေးငယ်သွားတာကို တွေ့ရှိခဲ့ရတာပါ။

J.M. Stibel မှ လူတွေ အဝလွန်တဲ့ ပြဿနာများကြောင့် encephalization လို့ သိကြတဲ့ ခန္ဓာကိုယ် အချိုးအစား အတိုင်း ဦးနှောက် အရွယ်အစား ကြီးထွားလာခြင်းဟာ လျော့ကျ သွားကြောင်း တွေ့ရှိခဲ့ပါတယ်။

သို့ပေမယ့် ” အထွေထွေ ဥာဏ်ရည်နှင့် ပညာရေး ဆိုင်ရာ အတိုင်းအတာများဟာ လွန်ခဲ့သည့် ရာစုနှစ်များစွာ အတွင်းမှာ မြင့်တက်လာခဲ့တယ်” လို့ စာတမ်းတွင် မှတ်တမ်းတင်ထားပါတယ်။

ကျန်းမာရေး၊ ပညာရေးနဲ့ နည်းပညာတို့လို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရင်းတွေက ကျွန်တော်တို့ ဦးနှောက်တွေကို ကျုံ့သွားစေနိုင်တယ်ဆိုတဲ့ အချက်များကို ဖန်တီးပေးနိုင်ပါတယ်။

ဒါပေမယ့် ဦးနှောက်ရဲ့ ထုထည်ကတော့ ဥာဏ်ရည် ဥာဏ်သွေးနှင့် ဆက်စပ်မှု ကြီးကြီမားမား မရှိတာလည်း ဖြစ်နိုင်ပါတယ်။

ဒီစာတမ်းမှာ Stibel ဟာ ဥာဏ်ရည် ဥာဏ်သွေးကို တိုင်းတာရာတွင် အတိုင်းအတာ တခုအဖြစ် IQ ကို အသုံးပြုခဲ့ကြောင်း မှတ်သားရပါတယ်။

စံတိုင်းတာမှုဟာ ရှည်လျားပြီး ခိုင်မာသော သမိုင်းကြောင်းရှိခဲ့ပြီး သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို အကဲဖြတ်ဖို့ရာအတွက် စံညွှန်းအဖြစ် ကျယ်ပြန့်စွာ ယူဆနေဆဲ ဖြစ်ပါတယ်။

Stibel ဟာ စိတ်ပျက်စရာကောင်းလောက်အောင် “လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း ကမ္ဘာ့ နေရာ အများအပြားမှ သိသိသာသာ IQ ကျဆင်းမှုများအား မှတ်သားထားပြီး စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများတွင် အကြီးမားဆုံး ကျဆင်းမှုများ တွေ့ရတယ်” လို့ သိရပါတယ်။

ဆိုလိုတာကတော့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်များဟာ ကျွန်တော်တို့၏ ဥာဏ်ရည် အဆင့်အတန်းကို‌ ရေရှည်မှာ တိုးမြှင့်လာဖို့ သို့မဟုတ် ထိန်းသိမ်းထားဖို့ မကူညီနိုင်ဘူး ဆိုတာပါပဲ။

ဒါ့ကြောင့် ကမ္ဘာဟာ “Idiocracy” ဇာတ်ကားထဲကလို လူပိန်းတွေပဲ ကြီးစိုးနေတဲ့ နေရာကြီး အဖြစ် အနာဂါတ်မှာ အမှန်တကယ် ဖြစ်လာနိုင်ချေတောင် ရှိနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *