အင်ဂျင်နီယာ ကျောင်းသားတယောက်က iPhone အတွက် USB-C အားသွင်းပေါက် ဖန်တီးလိုက်တဲ့အကြောင်း

News Tech

ဥရောပ သမဂ္ဂ Apple အား အခြား စမတ်ဖုန်း ထုတ်လုပ်သူများကဲ့သို့ တူညီတဲ့ အားသွင်းကြိုး အဖြစ် ပြောင်းလဲဖို့ ဖိအား ပေးနေစဉ်မှာပဲ အင်ဂျင်နီယာ ကျောင်းသားတဦးက ကိုယ်တိုင်လုပ်ဆောင် ပြလိုက်ပါတယ်။

ဒီ အကြောင်းကို ပထမဆုံး ဖော်ပြခဲ့တဲ့ Apple Insider သတင်းအရ အောင်မြင်မှုရရှိဖို့ လပေါင်းများစွာ အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။

Apple ဟာ ၎င်း၏ ထုတ်ကုန်အချို့ကို USB-C port များဖြင့် စတင် ပြောင်းလဲ တပ်ဆင်နေပြီ ဖြစ်ပေမယ့် ၎င်း၏ လူသိများတဲ့ နာမည်ကျော် iPhone ၏ နောက်ဆုံးထွက် ဗားရှင်းမှာတော့ Lightning Connector ကိုသာ တပ်ဆင်ထားပါသေးတယ်။

ကုမ္ပဏီအနေဖြင့် EU ရဲ့ လုပ်ပိုင်ခွင့်ကို ဆန့်ကျင်မလား ဒါမှမဟုတ် ရိုးရိုးရှင်းရှင်းပဲ လိုက်နာမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

အဲဒီလို အခြေအနေမှာပဲ Swiss Federal Institute of Technology မှ စက်ရုပ် နည်းပညာပိုင်း ဆည်းပူးနေတဲ့ အင်ဂျင်နီယာ ကျောင်းသားတယောက်ဖြစ်တဲ့ Ken Pillonel က Apple ၏ အားသွင်းပေါက်ကို USB-C အမျိုးအစား အဖြစ် ဘယ်လို ပြောင်းလဲနိုင်မလဲဆိုတာ ပြသခဲ့ပါတယ်။

၎င်းပြသခဲ့တဲ့ ဗီဒီယိုဟာ လက်ရှိ လုပ်ဆောင်ဆဲ အဆင့်မှာသာ ဖြစ်ပြီး Phillonel အနေဖြင့် မွမ်းမံမှုတွေ ထပ်မံ လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

Pillonel ၏ ကိုယ်ပိုင် Blog ဖြစ်တဲ့ kenp. io မှာတော့ ဒီလို လုပ်ဆောင်နိုင်ဖို့ သူ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ များကို ဖော်ပြခဲ့ပြီး Apple ဟာ Lightning port များနှင့် ပတ်သက်ပြီး MFI (Made for iPhone) ကြိုးထုတ်လုပ်သူများ သိထားသည်များကို မည်သို့ ထိန်းချုပ် ထားတယ်ဆိုတဲ့ အချက်အလက်အချို့ကို ပြောပြခဲ့ပါတယ်။

iPhone ၏ Lightning port ကို ပြန်လည် ပြုပြင်ရန်အတွက် Phillonel အနေဖြင့် မည်သို့ အလုပ်လုပ်သည်ကို နားလည်ဖို့ရာအတွက် Apple ကေဘယ်ကြိုးများကို ဖွင့်ကာ နာရီပေါင်းများစွာ လေ့လာခဲ့ရတယ်လို့ သိရပါတယ်။

၎င်း၏ အဆိုအရ Apple ၏ ကေဘယ်ကြိုးများဟာ တင့်ကားများ ကဲ့သို့တောင် ကြံ့ခိုင်အောင် တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

ကြိုးစား အားထုတ်မှု များစွာ ပြုလုပ်ပြီးတဲ့နောက်မှာတော့ Pillonel ဟာ Apple အသုံးပြုသည့် C94 port ၏ ဆားကစ်ပြား PCB ကို ပြန် လည် ပြုပြင်ထားသည့် ပုံတပုံကို မျှဝေခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ သူဟာ Apple ၏ port ပုံစံ ကို reverse engineer နည်းဖြင့် ပုံတူယူကာ ပြုလုပ်ခဲ့ပေမယ့် iPhone အတွင်းသို့ ထည့် သွင်းရန်တော့ အလွန်ကြီးမားနေပါသေးတယ်။

လပေါင်းများစွာ ကြိုးစား အားထုတ်ပြီးနောက် သူဟာ ၎င်းကို iPhone ထဲသို့ ထည့်သွင်းနိုင်ရုံသာမက အားသွင်းခြင်း နှင့် Data အချက် အ လက် များ လွှဲပြောင်းခြင်းကိုပါ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အင်ဂျင်နီယာ မဟာဘွဲ့ တက်ရောက်နေတဲ့ ဒီကျောင်းသား၏ ဒီလို လက်တွေ့ တွေ့ရှိမှုနှင့် လုပ်ဆောင်မှုများကို မည်သည့်အချိန်မှာ အစအဆုံး ဖော်ပြမလဲဆိုတာကတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

သေချာတာကတော့ ဒီလို port ကို iPhone မှာ ပြောင်းလဲ တပ်ဆင်ရင်တော့ အာမခံတော့ ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် အနာဂါတ်မှာတော့ Apple ဟာ နောက်ဆုံးမှာ USB-C port ကို ပြောင်းလဲ တပ်ဆင်မလား Lightning port ကိုပဲ ဆက်သုံးနေဦးမှာလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *