နျူကလီးယား စစ်ပွဲ ဖြစ်နိုင်ချေနှင့် ရုရှား၏ နျူကလီးယား အင်အား အကြောင်း

Article Military

စစ်အေးကာလ ပြီးဆုံးပြီးနောက်မှာ နျူကလီယား စစ်ပွဲနှင့် ပတ်သက်လို့ ကမ္ဘာပေါ်ရှိလူများဟာ စိတ်သက်သာရာ ရပြီးခဲ့ကြတာ သိပ်တောင် မကြာလိုက်သလိုပါဘဲ။

အခုတော့ ယူကရိန်း-ရုရှား ပြဿနာကြောင့် ရုရှား သမ္မတ ပူတင်ဟာ ၎င်း၏ နျူကလီးယားတပ်ဖွဲ့ကို အသင့်ပြင်ဖို့ အမိန်ပေးပြီး ကမ္ဘာကြီးကို ခြိမ်းခြောက်လိုက်ပါတယ်။

ဒါဟာ ကမ္ဘာကြီးကို စစ်အေးကာလပြီး နောက်ပိုင်းမှာ ပထမဦးဆုံး နျူကလီးယားစစ်ပွဲ အတွက် စိုးရိမ်မှုတွေ မြင့်တက်လာစေတဲ့ အရွေ့တခုလည်း ဖြစ်ပါတယ်။

အဲဒီ့နောက် ကမ္ဘာပေါ်ရှိ လူအများစုဟာ NATO ရှိ နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် အင်အားကြီးနိုင်ငံများလည်း အသင့်ပြင်လေမလားဆိုတာ အာရုံစိုက်လာကြပါတယ်။

RS-28

၂၀၂၁ ခုနှစ်အတွင်းက ပူတင်နှင့် ဘိုင်ဒင်တို့ဟာ “နျူကလီးယား စစ်ပွဲဟာ အောင်နိုင်ခြင်းကို မဖြစ်နိုင်သည့်အတွက် ဘယ် တော့မှ တိုက်ခိုက်ရမှာ မဟုတ်ဘူး” လို့ ပူးတွဲ ကြေငြာချက် ထုတ်ပြန်ဖူးပါတယ်။

သို့ပေမဲ့ ပူတင်၏ မကြာသေးမီက နျူကလီးယား တပ်ဖွဲ့အား အသင့်ပြင်စေသည့် အမိန့်ပေးမှုကြောင့် ၎င်း၏ စိတ်ဟာ ပြောင်းလဲသွားပုံရပါတယ်။

ဒါပေမယ့် ယခုအချိန် အထိတော့ ဒါဟာ ဟန်ဆောင်ခြင်း သပ်သပ်လား၊ တကယ်လား ဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးသလို အမေရိကန်ဘက်မှလည်း ပူတင်၏ မဟာဗျူဟာမြောက် နျူကလီးယား တပ်ဖွဲ့ လှုပ်ရှားမှုများ မတွေ့ရသေးဘူးလို့တော့ ပြောပါတယ်။

ရုရှားဖြစ်စေ၊ အမေရိကန်ဖြစ်စေ အင်အားကြီး နိုင်ငံများဟာ ၎င်းတို့၏ ပါဝါကို တည်တံ့နိုင်ဖို့ နှင့် ရန်သူများအား ဟန့်တားနိုင်ဖို့ အတွက် မဟာဗျူဟာမြောက် နျူကလီးယား လက်နက်များကို အဆင်သင့်ရှိအောင် ထားရပါတယ်။

တိုက်ချင်းပစ်ဒုံးကျည် ICBM တွင် နျူထိပ်ဖူးများ တပ်ဆင်ပုံ သရုပ်ပြ

ပူတင်၏ လက်တလော မှတ်ချက်ဟာ မဟာဗျူဟာမြောက် တိုက်ချင်းပစ် ဒုံးကျည်များ ပါဝင်သည့် နျူကလီးယား လက် နက် များကို မဆိုလိုဘဲ လက်ရှိ ဆင်နွဲနေသည့် စစ်ပွဲနှင့်သာ ဆက်စပ်နိုင်ပါတယ်။

နျူကလီးယားဟု ခေါင်းစဉ်တပ်ပေမယ့် ၎င်းတွင် ဒြပ်ဆွဲအားဗုံးများ၊ တာတိုပစ်ဒုံးကျည်များ၊ နျူကလီးယားအမြောက်ဆံသုံး အမြောက်များ၊ တော်ပီဒိုများ စသည့် နည်းဗျူဟာမြောက် လက်နက်များ ပါဝင်ပါသေးတယ်။

အဆိုပါလက်နက်များဟာ စစ်မြေပြင်တွင် အသုံးပြုဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပြီး ၎င်းတို့၏ တပ်ဖွဲ့များနှင့် အတော်လေး နီးကပ်သည့် နေရာများတွင် အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့် ပူတင်ဟာ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်တွေကို ရည်ညွှန်းတာ ဆိုရင်တော့ ကမ္ဘာကြီးအတွက် စိုးရိမ်စရာပါ။

ရုရှားရှိ နျူကလီးယား လက်နက်များ

ရုရှားဟာ ကမ္ဘာပေါ်တွင် နျူကလီးယား လက်နက် အများဆုံးကို ကိုင်ထားတဲ့ နိုင်ငံပါ။

လက်ရှိတွင် နျူကလီးယား လက်နက်ပေါင်းစုံ ၆,၂၅၇ ခုလောက် ရှိပြီး အမေရိကန်ဟာ ၅,၅၅၀ နှင့် ဒုတိယ နေရာမှ ရပ်တည်နေပါတယ်။

နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသည့် နိုင်ငံများ Image: Adapted from Arms Control Association

အဆိုပါ ထိပ်ဖူး လက်နက်များကို တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ် စနစ်များမှသည် အခြား သေးစားလက်နက်များ၊ လေယာဉ်မှ ပစ်လွှတ်နိုင်သည့် လက်နက်များအထိ တပ်ဆင်ထားပါတယ်။

သီအိုရီအရ ၎င်းတို့၏ နောက်ဆုံးလက်နက်ဖြစ်သည့် ဟိုက်ပါဆိုးနစ် ပဲ့ထိန်းဒုံးကျည်ဟာ အလွန်ကြီးများသည့် နျူကလီး ယား ထိပ်ဖူး အများအပြားကို တင်ဆောင်နိုင်ပြီး ကြားဖြတ်နိုင်ရန် ခဲယဉ်းသည်ဟု ဆိုကြပါတယ်။

လက်ရှိမှာ စမ်းသပ်ဆဲဖြစ်သည့် ဖျက်အားပြင်း လက်နက် တခု အကြောင်းကိုလည်း “ရုရှားလုပ် ဖျက်အားပြင်း မဟာဗျူ ဟာမြောက် တိုက်ချင်းပစ်ဒုံးပျံသစ် ဆောင်းဦးတွင် စမ်းသပ်မည်” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

တိုက်ချင်းပစ် ဒုံးကျည်များဟာ ဒုံးကျည်၏ ထိပ်ဖူးတွင် နျူကလီးယား ထိပ်ဖူးများ အစီအရီထည့်ပြီး ကမ္ဘာ့ မည်သည့် နေရာသို့မဆို မိနစ် အနည်းငယ်အတွင်း တိုက်ခိုက်နိုင်ပါတယ်။

နျူကလီးယားစစ်ပွဲ ဖြစ်နိုင်သလား

ဒီ့အတွက် အဖြေဟာ သေချာမှုမရှိပါဘူး။ ဖြစ်ကောင်း ဖြစ်လာနိုင်သလို ဖြစ်ချင်မှလည်း ဖြစ်ပါမယ်။

ပူတင်ရဲ့ အတွင်းနှင့် အပြင်မှ လူများဟာ ဘာလို့ နျူကလီးယား တပ်ဖွဲ့ကို အသင့်ပြင်ခိုင်းသလဲဆိုတာ အသေအချာ မသိကြပါဘူး။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကတော့ လူတစ်ဦး၏ နျူကလီးယား စစ်ပွဲ ဖြစ်နိုင်သလား ဆိုသည့် မေးခွန်းကို မဖြစ်နိုင်ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

Topol-M

အမေရိကန်နှင့် EU ဟာ နျူကလီးယား စစ်ပွဲကို ရှောင်ရှားနိုင်ဖို့ရာအတွင် no-fly zone သတ်မှတ်ခြင်းများ မပြုလုပ်ခြင်း၊ ထိပ်တိုက် ရင်ဆိုင်ခြင်းများကို ရှောင်ရှားထားပါတယ်။

ဒါဟာ နျူကလီးယားစစ်ပွဲ ဖြစ်နိုင်ချေကို အတတ်နိုင်ဆုံး ရှောင်ရှားတဲ့ အရွေ့တခုဖြစ်ပါတယ်။

ဒါ့ကြောင့် နျူကလီးယား စစ်ပွဲဖြစ်ဖို့ဆိုတာ ဖြစ်နိုင်ချေတော့ နည်းပေမယ့် စနစ်မတူတဲ့ ရုရှားရဲ့ လိုသလို အမိန်ပေးနိုင်တဲ့ အခြေအနေကြောင့် အားလုံးကတော့ အဆင့်အနေအထား ပြင်ထားရမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.