ပိုမိုကျန်းမာ ကြံ့ခိုင်လာ​စေဖို့ နေ့စဥ် ၃ စက္ကန့်လောက်သာ လေ့ကျင့်ခန်းလိုတဲ့ အကြောင်း

Health Lifestyle

အချိန်တိုလေး အတွင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျွန်ုပ်တို့ရဲ့ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်​စေနိုင်ကြောင်း ဆရာဝန်​တွေနှင့် သိပ္ပံပညာရှင်​တွေက အတိအလင်း ထောက်ခံကြပါတယ်။

သုတေသီအဖွဲ့တစ်ဖွဲ့ရဲ့လေ့လာမှုအသစ်တစ်ခုအရ တစ်နေ့ကို စက္ကန့်အနည်းငယ်မျှသာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ကျန်းမာကြံ့ခိုင်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

သြစတြေးလျရှိ Edith Cowan တက္ကသိုလ် နှင့် ဂျပန်နိုင်ငံရှိ Niigata University of Health and Welfare တို့မှ သုတေသီတွေဟာ ကျန်းမာသန်စွမ်းတဲ့ တက္ကသိုလ်ကျောင်းသားများကို ခေါ်ယူ လေ့လာခဲ့ကြပါတယ်။

၎င်းတို့ကို နှစ်ပိုင်းခွဲထားပြီး ကျောင်းသားတစ်ဝက်ကို တစ်နေ့လျှင် ၃ စက္ကန့်၊ တစ်ပတ်လျှင် ၅ ရက်၊ ၄ ပတ်ကျော်ကြာ အား စိုက် ထုတ်ရတဲ့ လက်မောင်း ကြွက်သားလေ့ကျင့်ခန်းတွေကို ပြုလုပ်စေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အခြားကျောင်းသားတစ်ဝက်ကို အလားတူအချိန်အတွင်းမှာ လေ့ကျင့်ခန်းမလုပ်ပဲ နေစေခဲ့ပါတယ်။

လေ့ကျင့်ခန်းအဖွဲ့ဟာ အလေးချိန်တိုးခြင်း၊ အလေးချိန်လျော့ခြင်းကဲ့သို့ မတူညီတဲ့ လက်မောင်းကြွက်သား လေ့ကျင့်ခန်း​တွေအတွက် အထူးစက်တွေကိုအသုံးပြုပြီး လုပ်ဆောင်ခဲ့ကြပါတယ်။

ယေဘုယျအားဖြင့် လေးပတ်တာကာလအတွင်း ၎င်းတို့ဟာ စက္ကန့် 60 မျှသာ အလုပ်လုပ်ခဲ့ကြသော်လည်း ရလဒ်တွေအနေနဲ့ ကောင်းမွန်တာကို မြင်တွေ့ခဲ့ရပါတယ်။

သုတေသီတွေဟာ လေ့ကျင့်ခန်း မပြုလုပ်ခင်နှင့်ပြုလုပ်အပြီး ကြွက်သားခွန်အား​တွေရဲ့ ရလဒ်ကို တိုင်းတာခဲ့ကြပါတယ်။

အံ့အားသင့်စရာကောင်းတာက လေ့ကျင့်ခန်းအဖွဲ့ထဲက ကျောင်းသားတွေဟာ ထူးထူးခြားခြားပြောင်းလဲမှုကို ပြသခဲ့တာကိုတွေ့ခဲ့ရပြီး ကျန်တစ်ဝက်က ပြောင်းလဲမှုမရှိတာကို တွေ့ခဲ့ရပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အဖွဲ့က လက်မောင်း ကြွက်သား လေ့ကျင့်ခန်း အားလုံးဟာ တိုးတက်မှုတွေ ​ပြသခဲ့ပါတယ်ဟု ဆိုပါတယ်။

စုစည်း အားကောင်းမှုအတွက် 12.8%၊ ခွန်အားအတွက် 10.2% နှင့် ကြံ့ခိုင်မှုအတွက် 12.2% တို့ကို ပြသခဲ့တာကို တွေ့ခဲ့ရပါတယ်။ ယေဘုယျအားဖြင့် ကြွက်သား ကြံ့ခိုင်မှု 11.5% တိုးတက်လာခဲ့ပါတယ်။

သို့သော်လည်း အခြားသော အစိတ်အပိုင်းတွေရဲ့ ခွန်အား အတိုင်းအတာတွေကို လေ့လာကြည့်တဲ့အခါ ရလဒ်တွေကတော့ အထင်ကြီးလောက်စရာ မရှိတာကို တွေ့ခဲ့ရပါတယ်။

ပျော့ပြောင်းတဲ့ တံတောင်ဆစ်နေရာတွေရဲ့ ၃ စက္ကန့်ကြာ ကြွက်သားခွန်အားတွေရဲ့ ရလဒ်တွေဟာ 10% ပို၍ တိုးတက်လာကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ရက်ပေါင်း 20 ကျော်အတွင်း နေ့စဉ် 3 စက္ကန့်ကြာ ကြွက်သားလေ့ကျင့်ခန်းဟာ အာရုံကြောကြွက်သားတွေ လိုက်လျော ညီ ထွေ ဖြစ်အောင် ပိုမိုအားကောင်းတဲ့ အကျိုးသက်ရောက်မှုကို ရရှိစေကြောင်း သုတေသီတွေက ကောက်ချက်ချခဲ့ကြပါတယ်။

ကြွက်သားထုထည်က သိသိသာသာ တိုးမလာဘူးလို့ သုတေသီတွေက မျှော်လင့်ထားသလို ဖြစ်လာခဲ့ပါတယ်ဟု ဆိုပါတယ်။

သေးငယ်တဲ့ လေ့လာမှုတစ်ခုဖြစ်သော်လည်း ရလဒ်ကောင်းတွေရရှိစေဖို့က အရေးကြီးပြီး အချိန်တိုအတွင်းပြုလုပ်တဲ့ လေ့ကျင့်ခန်းတွေကလည်း ခြားနားမှုတစ်ခုကို ဖန်တီးပေးနိုင်ကြောင်း ညွှန်ပြနေပါတယ်။

အဆိုပါ ရလဒ်ကောင်းတွေဟာ လေ့ကျင့်ခန်းလုပ်ဖို့ အစပြုသူ​တွေ၊ အမှန်တကယ် လေ့ကျင့်ခန်း မလုပ်ဖူးသူတွေ သို့မဟုတ် အချိန်အတော်ကြာ လေ့ကျင့်ခန်း မလုပ်ဖြစ်သူ​တွေအတွက် အထူးအသုံးဝင်ဖို့ မျှော်လင့်မိတယ် ဟု သုတေသီတွေက ဆိုပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ အသက်ကြီးလာတဲ့အခါတွေမှာ ကြွက်သားတွေ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

အဆိုပါ အချက်နဲ့ပတ်သတ်ပြီး အတည်ပြုဖို့ နောက်ထပ်လေ့လာမှုတွေ လိုအပ်သော်လည်း အခြားကြွက်သားအုပ်စုတွေမှာလည်း အလားတူအကျိုးသက်ရောက်မှုတွေ တွေ့ရှိနိုင်ကြောင်း သုတေသီတွေက ဆက်လက်ပြောကြားခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *