တော်တော်များများက A-10 မြေပြင်ပစ်ကူ လေယာဉ်ကို ၎င်း၏ ပစ်ခတ်ရာမှာ ထွက်လာတဲ့ အတွဲလိုက် စက်အမြောက်သံကြီးကြောင့် ရင်းနှီးပြီးသား ဖြစ်မှာပါ။
Warthog လို့ သိကြတဲ့ A-10 Thunderbolt လေယာဉ်ဟာ ၎င်း၏ တိကျ ပြင်းထန်တဲ့ မြေပြင်ပစ်ကူ စွမ်းအင်ကြောင့် အလွန်ကျော်ကြားပြီး ဇာတ်ကားတွေ၊ ဗီဒီယို ဂိမ်းတွေထဲအထိ လွှမ်းမိုးမှု ရှိပါတယ်။
နောက်ခံ သမိုင်း
Fairchild Republic A-10 Thunderbolt II လေယာဉ်ကို ဗီယက်နမ် စစ်ပွဲအတွင်းမှာ မြေပြင်မှ ရန်သူ့ တပ်ဖွဲ့များအား တိုက်ခိုက်ရာတွင် ကူညီနိုင်ဖို့ ထုတ်လုပ်ခဲ့တာပါ။

အကြောင်းကတော့ ဒုတိယ ကမ္ဘာစစ် အပြီး အမေရိကန်ဟာ နျူကလီးယား တင်ဆောင်နိုင်တဲ့ လေယာဉ်များကိုသာ အာရုံစိုက်ခဲ့တဲ့အတွက် မြေပြင်ပစ်ကူ လေယာဉ် မယ်မယ်ရရ မရှိဘဲ ဗီယက်နမ် စစ်ပွဲမှာ လေတပ်ဟာ ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့ပါတယ်။
ဒါ့ကြောင့် လေတပ်ဟာ မြန်နှုန်းနိမ့်ဖြင့် ပျံသန်း လှုပ်ရှားနိုင်ပြီး ပစ်အားကောင်းကာ အကြမ်းခံတဲ့ လေယာဉ်တစင်း ထုတ်လုပ်ဖို့ ၁၉၆၆ ခုနှစ်မှာ စတင် လုပ်ဆောင်ခဲ့ပါတယ်။
၃၀ မီလီမီတာ စက်အမြောက်ကြီးကို တပ်ဆင်ပြီး ထုတ်လုပ်သည့်အခါ လိုအပ်မည့် အချက်များကို အဆင့်ဆင့် မွမ်းမံပြီးနောက် ၁၉၇၂ ခုနှစ်မှာတော့ ပထမဆုံး စတင် ပျံသန်းနိုင်ခဲ့ပါတယ်။
အဲဒီ့နောက် ၅ နှစ် အကြာမှာတော့ အမေရိကန် လေတပ်ဟာ A-10 လေယာဉ်ကို တရားဝင်အားဖြင့် ၎င်းတို့အတွက် အသုံးပြုရန် ရယူလိုက် ပါတယ်။

ထူးခြားချက်များ
လေယာဉ်ဟာ မြန်နှုန်းနိမ့် ပျံသန်းမှုအတွင်းမှာ လေယာဉ်ကို လိုသလို ထိန်းချုပ် လှုပ်ရှားနိုင်ပြီး ပြေးလမ်းတိုသာ လိုအပ်သည့်အတွက် စစ် ဆင်ရေး အများအပြားအတွက် အသုံးတည့်ခဲ့ပါတယ်။
ဒါဟာ ၎င်း၏ တောင်ပံဧရိယာ ကျယ်ပြန့်မှုကြောင့် နှင့် လေယာဉ် အထက်အောက် ရွေ့လျားမှုကို ထိန်းပေးသည့် aileron များကြောင့် ဖြစ်နိုင်ပါတယ်။
A-10 ကို နေ့ပိုင်း စစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရုံသာမက ညကြည့် စနစ်များ တပ်ဆင်ထားပြီး ညပိုင်း စစ်ဆင်ရေးများကိုပါ တွင်တွင် ကျယ်ကျယ် လုပ်ဆောင်နိုင်ပါတယ်။
ဒါ့အပြင် ခေတ်သစ် လမ်းညွှန်စနစ်များ အပါအဝင် အဆက်မပြတ် အဆင့်မြှင့်တင်လာမှုများကြောင့် A-10 ဟာ ယနေ့ခေတ်အထိ ခေတ်မှီနေဆဲဖြစ်ပြီး စစ်တပ်နှင့် သာမန်လူများကပါ ကြိုက်နှစ်သက်ကြပါတယ်။
အစိတ်အပိုင်းများဟာ လဲလှယ်ရန် အသေးအဖွဲများသာ ဖြစ်တဲ့အတွက် ပြုပြင်ဖို့ရာလည်း အလွန် လွယ်ကူပါတယ်။
ဒီလို ထူးခြားသည့် စွမ်းဆောင်ရည်များကြောင့် Warthog ဟာ အနီးကပ် ပစ်ကူဆောင်ရွက်ရာတွင် ရန်သူ့ ယာဉ်များဖြစ်စေ၊ စစ်သည်များဖြစ်စေ ချေမှုန်းနိုင်စွမ်း မြင့်မားပြီး စံပြဖြစ်စေပါတယ်။

လက်နက်စနစ်များ
A-10 ဟာ အထက်ပါ ထူးခြားချက်များအပြင် လက်နက်စနစ်များဟာလည်း ကျေနပ်လောက်စရာ ကောင်းအောင်ပင် စွမ်းဆောင်ရည်ပြည့်ဝပြီး ထိရောက်မှု ရှိစေပါတယ်။
အကျော်ကြားဆုံးအနေဖြင့်ကတော့ ၃၀ မီလီမီတာ ရှိတဲ့ လေယာဉ်၏ ထိပ်ပိုင်းတွင် တပ်ဆင်ထားတဲ့ GAU-8 စက်အမြောက်ကြီး ဖြစ်ပါတယ်။
GAU-8 ဟာ A-10 တွေကို အထူး ကျော်ကြား လူသိများစေတဲ့ လက်နက်စနစ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

၎င်းဟာ ပေ ၁၂,၀၀၀ အမြင့်လောက်မှနေပြီး တမိနစ်လျှင် အတောင့်ရေ ၃,၉၀၀ နှုန်းဖြင့် ပစ်ခတ်နိုင်ကာ မြင့်မားတဲ့ အရှိန်ဖြင့် ပစ်မှတ်များကို ဘက်စကတ်ဘော အရွယ်အစားရှိ အပေါက်တွေ ဖောက်ပစ်နိုင်ပါတယ်။
GAU-8 အကြောင်းကို အသေးစိတ် ဖတ်ရှုနိုင်ရန် “A-10 Warthog ၏ ပြိုင်စံရှားလက်နက်ဖြစ်တဲ့ AN/GAU-8 Avenger စက်အမြောက်” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။
၎င်းဟာ MK-82 ဗုံးများကိုလည်း တင်ဆောင် စစ်ဆင်နိုင်သည့်အပြင် မိုင်းများ ခင်းခြင်း၊ မီးလောင်ဗုံးများ နှင့် အခြား မရေမတွက်နိုင်လောက်တဲ့ သမားရိုးကျ လက်နက် မျိုးစုံကို တင်ဆောင်နိုင်ပါတယ်။
A-10 နှင့် ၎င်း၏ အနာဂါတ်

စွမ်းဆောင်ရည်တွေ ပြည့်ဝပေမယ့် သက်တမ်းကြာမြင့်လာတဲ့ A-10 လေယာဉ်တွေကို ပိုပြီး အဆင့်မြင့်တဲ့ F-35 Lightning II ရေဒါပျောက် တိုက်လေယာဉ်များနှင့် အစားထိုးဖို့ ကာကွယ်ရေး ခေါင်းဆောင် အများအပြားက စဉ်းစားနေပါတယ်။
လက်ရှိမှာတော့ စွမ်းဆောင်ရည်မြင့်မားတဲ့ A-10 Thunderbolt II မြေပြင်ပစ်ကူ လေယာဉ်များကို ၂၀၂၈ ခုနှစ် အထိ ဆက်လက် ထားရှိဖို့ မျှော်လင့်ရပါတယ်။
တကယ်တော့ MQ-9 Reaper လို မောင်းသူမဲ့ လေယာဉ်မျိုးနှင့် F-35 လို အဆင့်မြင့် တိုက်လေယာဉ်တွေဟာ A-10 ရဲ့ ပစ်အားနှင့် စွမ်းဆောင်ရည်ကို ဘယ်လိုမှ မယှဉ်နိုင်သေးပါဘူး။
A-10 ကို အစားထိုးနိုင်မယ့် အခြား ဖြစ်နိုင်တဲ့ လေယာဉ်အမျိုးအစား အကြောင်းကိုလည်း “အမေရိကန်တို့၏ နာမည်ကြီး A-10 Warthog အား အစားထိုးမည့် Machete” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် A-10 Thunderbolt II ဟာ အနီးကပ် မြေပြင်ပစ်ကူ လေယာဉ် တစင်းအနေဖြင့် ၎င်းကို အစားထိုးမယ့် ပိုမို စွမ်းဆောင်ရည် မြင့်တဲ့ လေယာဉ် မပေါ်လာမခြင်း ရှိနေဦးမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။