လေသင်္ဘောကြီးများ၏ တကျော့ပြန် ခေတ်တခု အနေဖြင့် မကြာမီမှာ ဧရာမ ကုန်တင် လေသင်္ဘောကြီးများကို မြင်တွေ့လာရတော့မှာ ဖြစ်ပါတယ်။
Aerosmena လို့ သိကြတဲ့ ရုရှား လေသင်္ဘောထုတ်လုပ်ရေး Airship Initiative Design Bureau Aerosmena (AIDBA) ကုမ္ပဏီမှ ပန်း ကန်ပြားပျံ ပုံသဏ္ဍာန်ရှိတဲ့ တန် ၆၀၀ လောက် အလေးချိန်ရှိတဲ့ လေသင်္ဘောကို ၂၀၂၄ ခုနှစ်လောက်မှာ ထုတ်လုပ်ဖို့ လုပ်ဆောင်နေပါတယ်။
မူလက အတွေ့အကြုံရင့်ကျက်တဲ့ ရုရှားလေယာဉ် ဒီဇိုင်း ဖန်တီးသူ Orfey Kozlov (မနှစ်က ကပ်ရောဂါအတွင်း ဆုံးပါးသွားပြီဖြစ်) မှ ဦး ဆောင်သည့် လေသင်္ဘောကြီးဟာ မြေပြင် အခြေခံ အဆောက်အုံများ မလိုအပ်ဘဲ ကုန်တင် ကုန်ချ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ လေဆိပ်တွေ၊ ပြေးလမ်းတွေ နှင့် အခြား အပို လိုအပ်မယ့် အခြေခံ အဆောက်အအုံတွေ မလိုအပ်တဲ့အတွက် ကုန်ကျစ ရိတ် သက်သာမှာ ဖြစ်ပါတယ်။
အဆိုပါ လေသင်္ဘောကြီးဟာ မည်သည့် မြေမျက်နှာ သွင်ပြင်တွင် မဆို စက်သီး စနစ်ဖြင့် ကုန်ပစ္စည်းများကို အတင်အချ ပြုလုပ်မှာ ဖြစ်ပါတယ်။

“ယခုလို ဒီဇိုင်းကို အသုံးပြုပြီး ကုန်စည် ပို့ဆောင်တာဟာ ရိုးရှင်းသည့် သယ်ယူပို့ဆောင်သည့် စနစ်တခုဖြစ်ပြီး သယ်ယူစရိတ်နှင့် ဂိုဒေါင်အတွက် သိုလှောင်စရိတ်များကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်”
လို့ Aerosmena ၏ CEO ဖြစ်သည့် Sergei V. Bendin က ကြေငြာချက်တွင် ပြောဆိုခဲ့ပါတယ်။
၎င်းက ဆက်ပြီး Aerosmena ကုန်တင် လေသင်္ဘောမှ ပျံသန်းမှု ကုန်ကျစရိတ်ဟာ သယ်ယူပို့ဆောင်ရေး လေယာဉ် တစီးထက်ကို အများကြီး သက်သာပါတယ်လို့ ဆိုပါတယ်။
ဘေးတိုက် လေပြင်း တိုက်ခတ်နေချိန်တွင် ဆင်းသက်ရန် ပိုမိုလွယ်ကူစေသည့် ပန်းကန်ပြားပျံ ပုံစံ ဒီဇိုင်း
သမားရိုးကျ လေသင်္ဘောများဟာ ရှည်လျားတဲ့ ဒီဇိုင်းပုံစံရှိပြီး ၎င်းတို့ဟာ ဘေးတိုက် လေပြင်း တိုက်ခတ်နေသည့် အချိန်တွင် ဆင်းသက်ရသည်မှာ ခက်ခဲပါတယ်။

Aerosmena ၏ ကုန်တင် လေသင်္ဘောကတော့ ဒီပြဿနာကို ဖြေရှင်းပြီးဖြစ်ကာ သမားရိုးကျ လေသင်္ဘောများလို ကွေ့ပတ်သွားနေစရာ မလိုတော့ပါဘူး။
အဆိုပါ ဒီဇိုင်းဟာ သမားရိုးကျ လေသင်္ဘောတွေအတွက် သွားလာရခက်ခဲ့သည့် နေရာများနှင့် နယ်မြေဒေသများတွင် ကုန်စည်ပို့ဆောင်ဖို့ အဆင်ပြေ လွယ်ကူစေမှာ ဖြစ်ပါတယ်။
ကုန်စည်များကို တောင်ပေါ် ဒေသများသို့လည်း ပို့ဆောင်နိုင်မှာ ဖြစ်ပြီး တောမီး လောင်ကျွမ်းမှုများအတွက်ပင် မီးငြှိမ်းသတ်ရင် အသုံးဝင်နိုင်ပါသေးတယ်။
တည်ဆောက်ပုံ
လေပေါ်သို့ ပျံတက်နိုင်ရန်အတွက် ဓာတ်ငွေ့ခန်း ၂ ခန်း ကို လေသင်္ဘောကြီး အတွင်းမှာ ထည့်သွင်း တည်ဆောက်ထားပါတယ်။

အလေးချိန် တန် ၆၀၀ လောက်ရှိသည့် မော်ဒယ်အတွက် ဟီလီယမ် ဓာတ်ငွေ့ ကုဗပေပေါင်း ၆၂၀,၀၀၀ လောက် လိုအပ်မှာ ဖြစ်ပါတယ်။
နံရံများအတွင်းတွင် အပူချိန် ၂၀၀ ဒီဂရီ ဆဲစီးယပ် အထိ အပူပေးထားသည့် လေများကို ဖြည့်သွင်းထားပြီး ရဟတ်ယာဉ် အင်ဂျင် ၈ လုံးဖြင့် ဝန်များကို မတင်နိုင်မှာ ဖြစ်ပါတယ်။
Aerosmena ဟာ တနာရီလျှင် ကီလိုမီတာ ၂၅၀ (၁၅၅ မိုင) နှုန်းလောက်ဖြင့် အကွာအဝေး ၈,၀၀၀ ကီလိုမီတာ (၄,၉၇၀ မိုင်) လောက်အထိ ပျံသန်းနိုင်တဲ့ အဆိုပါ လေသင်္ဘောကြီးများကို တန် ၂၀ မှ တန် ၆၀၀ အထိ မော်ဒယ် အမျိုးမျိုးဖြင့် ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။
ဒါ့အပြင် လေသင်္ဘောကြီးများကို ပျံသန်းနေတဲ့ ကမ္ဘာလှည့် ဟိုတယ်များကဲ့သို့ မျိုးကွဲများကိုလည်း ဖန်တီးသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီ၏ CEO က ပြောပါတယ်။
ထို့ကြောင့် ကုမ္ပဏီမှ စီစဉ်ထားသည့်အတိုင်း အားလုံး အဆင်ပြေစွာ ထုတ်လုပ်နိုင်ပါက ကမ္ဘာ့ မြို့ကြီးများတွင် ပန်းကန်ပြားပျံပုံစံ လေသင်္ဘောကြီးများကို တွေ့မြင်လာရဖွယ် ရှိပါတယ်။

တကယ်တော့ Aerosmena ကုမ္ပဏီ တခုထဲသာ ဧရာမ လေသင်္ဘောကြီးတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။
Google ကို ပူးတွဲ တည်ထောင်ခဲ့သူ Sergey Brin ၏ လေသင်္ဘောထုတ်လုပ်သည့် ကုမ္ပဏီဟာ လည်း အလွန် ကြီးမားတဲ့ လေသင်္ဘောကြီးများကို ထုတ်လုပ်ဖို့ လုပ်ဆောင်နေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။