လေယာဉ်မှာ တပ်ဆင်လေ့ရှိတဲ့ ဂျက်အင်ဂျင်ဆိုတာ ဒုံးပျံများတွင် အသုံးပြုထားတဲ့ ရော့ကတ် အင်ဂျင်လိုပဲ reaction အင်ဂျင် အမျိုးအစားများပဲ ဖြစ်ပါတယ်။
ဂျက်အင်ဂျင်ဟာ လောင်စာ (Kerosense ကဲ့သို့) များကို လေနှင့် အတူ လောင်ကျွမ်းပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။
လောင်ကျွမ်းနေတဲ့ လောင်စာမှ အပူဟာ လေကို ပြန့်ကားလာစေပြီး လေပူများကို အင်ဂျင်ရဲ့ အဆုံးမှာရှိတဲ့ အိပ်ဇော ပေါက်မှ တဆင့် မှုတ်ထုတ်ကာ တွန်းအားကို ဖန်တီးတာ ဖြစ်ပါတယ်။

ခေတ်မှီ ဂျက်အင်ဂျင် အများစုဟာ အင်ဂျင်၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန် တာဘိုင်ကို အသုံးပြုကြပြီး အင်ဂျင်ကို နှေးကွေးတဲ့ အမြန်နှုန်းမှာ အလုပ်လုပ်နိုင်စေပါတယ်။
တာဘိုင်၏ ရှေ့ဘက် တပိုင်းဟာ လေကို စုပ်ယူပြီး လောင်စာဆီ မထည့်သွင်းခင်တွင် ဖိသိပ်ပေးထားပါတယ်။
တာဘိုင်ရဲ့ အနောက်ဘက် ပိုင်းကတော့ လေရဟတ်ကဲ့သို့ လုပ်ဆောင်ပြီး အိတ်ဇောမှ ထွက်လာတဲ့ ဓာတ်ငွေ့များမှ စွမ်းအင်ကို ထုတ်ယူကာ ကွန်ပရက်ဆာအပိုင်းကို လည်ပတ်နိုင်ရန် အဲဒီ့ စွမ်းအင်ကို အသုံးပြုပါတယ်။

ခေတ်သစ် တာဘိုင် အင်ဂျင်များဟာ အလွန်ကောင်းမွန်လာကာ လည်ပတ်ဖို့အတွက် အောက်စီဂျင်လိုအပ်မှု လျော့ကျလာတဲ့အတွက် အိတ်ဇောမှ ထွက်လာသည့် လေစီးကြောင်းတွင် အောက်စီဂျင်များစွာ ကျန်ရှိနေပါသေးတယ်။
afterburner ရဲ့ လုပ်ဆောင်ပုံကတော့ အိပ်ဇောနောက်မှာ ထွက်လာတဲ့ ကျန်ရှိနေသေးတဲ့ အောက်စီဂျင်များကို လောင်စာဆီ တိုက်ရိုက်ကျွေးပြီး လောင်ကျွမ်းစေတာပဲ ဖြစ်ပါတယ်။
ထိုကဲ့သို့ လုပ်ဆောင်ခြင်းဟာ အိတ်ဇောမှ ထွက်လာတဲ့ ဓာတ်ငွေ့များကို ပိုမို ပူလာစေပြီး ဂျက်အင်ဂျင်၏ တွန်းအားကို မူလထက် ၅၀ ရာခိုင်နှုန်းလောက် သို့မဟုတ် ထို့ထက် ပိုပြီး တိုးလာစေပါတယ်။
Afterburner ၏ ကြီးမားသည့် အားသာချက်မှာ အင်ဂျင်၏ အလေးချိန် သို့မဟုတ် ရှုပ်ထွေးသည့် တည်ဆောက်မှုများ ထည့်သွင်းစရာမလိုဘဲ အင်ဂျင်တွန်းအားကို သိသိသာသာ တိုးစေနိုင်တာပဲ ဖြစ်ပါတယ်။

တကယ်တော့ Afterburner အပိုင်းဟာ ဂျက် အင်ဂျင်နောက်ပိုင်းရှိ လောင်စာဆီ ထိုးသွင်းပိုက်များ၊ ထွက်ပေါ်လာသည့် မီးတောက်ကို ထိန်းထားသည့် ပြွန်နှင့် ကျုံ့နိုင် ချဲ့နိုင်သည့် အိတ်ဇောနော်ဇယ်ခေါင်း တို့ ပါဝင်တဲ့ အပိုင်းတခုသာ ဖြစ်ပါတယ်။
လေယာဉ်တွင် တပ်ဆင်ထားတဲ့ ဂျက်အင်ဂျင်ဟာ Afterburner စနစ် ပါရှိပါက တွန်းကန်အားကို ခံနိုင်ရန် ကျုံ့နိုင် ချဲ့နိုင်သည့် အိတ်ဇော နော်ဇယ်ခေါင်း ပါဝင်ရမှာ ဖြစ်ပြီး ၎င်းမှ Afterburner အဖွင့် အပိတ် လုပ်သည့် အချိန်တွင် လိုက်ပြီး ပြောင်းလဲရမှာ ဖြစ်ပါတယ်။
ဒီစနစ်၏ အဓိက အားနည်းချက်ကတော့ လောင်စာဆီကို တိုက်ရိုက် ထိုးပြီး လောင်ကျွမ်းရသောကြောင့် လောင်စာဆီ အမြောက်အများ ကုန်ဆုံးတတ်တာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် လေယာဉ်အများစုဟာ ဒီစနစ်ကို လျှော့ချ အသုံးပြုလေ့ရှိကာ များသောအားဖြင့် လေယာဉ်တင် သင်္ဘောပေါ်မှ ပြေးလမ်းတိုဖြင့် ပျံတက်သည့် အခါ တို့ လေယာဉ် တစင်းနှင့် တစင်း လေပေါ်တွင် တိုက်ခိုက်နေစဉ်အတွင်း မြန်နှုန်းမြှင့် ပျံသန်း လှုပ်ရှားတာမျိုးမှသာ အသုံးပြုကြပါတယ်။

နောက်ပိုင်း F-22 ကဲ့သို့ နည်းပညာမြှင့် တိုက်လေယာဉ်များတွင် Afterburner မသုံးဘဲ ကြာမြင့်စွာဖြင့် အသံထက် မြန်အောင် ပျံသန်းနိုင်မည့် Supercruise လို့ ခေါ်တဲ့ နည်းပညာများကို ထည့်သွင်းလာကြပါတယ်။
F-22 ဟာ Supercruise နည်းပညာဖြင့် Afterburner ကို အသုံးမပြုဘဲ အသံထက် ၁.၅ ဆ အထိ မြန်အောင် ပျံသန်းနိုင်သောကြောင့် အ ခြား တိုက်လေယာဉ်များထက် အချိန်ကြာမြင့်စွာဖြင့် ပျံသန်းစစ်ဆင်နိုင်ပါတယ်။
တိုက်လေယာဉ်မျိုးဆက် အလိုက် Supercruise ပါဝင်မှုတွေကို “ဂျက်တိုက်လေယာဉ် မျိုးဆက်များ အကြောင်း” တွင် လေ့လာနိုင် ပါတယ်။
4.5 generation မှာ supercruise စနစ်ပါဝင်တာကတော့ Eurofighter Typhoon (၁.၅ ဆ) , Gripen (၁.၂ ဆ) , Rafale နှင့် Su-35 (ဘာမှချိတ်ဆွဲမထားမှသာ အသုံးပြုနိုင်) တို့ဖြစ်ကြပါတယ်။
လက်ရှိ ပဥ္စမျိုးဆက် တိုက်လေယာဉ်များကတော့ အမေရိကန်လုပ် F-22၊ F-35 ရုရှားလုပ် Su-57 နှင့် တရုတ်လုပ် J-20 တို့ပဲ ဖြစ်ပြီး J-20 ၏ အင်ဂျင်သစ်ဟာ Supercruise အပြည့်အဝ လုပ်နိုင်လား မလုပ်နိုင်ဘူးလားဆိုတာ အငြင်းပွားနေဆဲပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။