National Geographic ဟာ ၂၀၅၀ လောက်ဆိုရင် ကမ္ဘာပေါ်မှာ အစာစားသုံးဖို့ နောက်ထပ် ပါးစပ်ပေါက် နှစ်ဘီလီယံကျော်လောက် တိုးလာမည်ဟု မကြာသေးမီက ခန့်မှန်းထားပါတယ်။
သို့သော်လည်း ကမ္ဘာကုန်းမြေစိုက်ခင်းပမာဏဟာ အတူတူပဲဖြစ်ရာ အမြဲတိုးပွားနေတဲ့ လူဦးရေအတွက် စားနပ်ရိက္ခာတွေ ပိုမိုခက်ခဲလာပါတယ်။
ဒေါင်လိုက်စိုက်ပျိုးခြင်းဟာဆိုရင် ဝေးလံတဲ့စိုက်ခင်းခြံတွေကနေ အစားအစာများကို ပို့ဆောင်ပေးတဲ့ ကြီးမားတဲ့ကာဗွန်ခြေရာမပါစေဘဲ လူသားတွေ စားနပ်ရိက္ခာအတွက် အရေးပါတဲ့ တီထွင်မှုတစ်ခု ဖြစ်ပါတယ်။
San Francisco မှ Startup Plenty ရဲ့ တွဲဖက် တည်ထောင်သူ နှင့် သိပ္ပံအရာရှိချုပ် Nate Story ဟာ ဉာဏ်ရည်တုနှင့် ၎င်းရဲ့ စိုက်ပျိုးနည်း ဗျူဟာ အသစ်ကို အသုံးပြုပြီး ကုန်ထုတ်စွမ်းအား နှင့် ထုတ်လုပ်မှုအရည်အသွေးကို မြှင့်တင်နိုင်ခဲ့တယ်ဟု ဆိုပါတယ်။

ကုမ္ပဏီရဲ့ လယ်ယာ ခြံစိုက်ခင်းတွေဟာ ၂ ဧကသာ ကျယ်ဝန်းသော်လည်း ဧက ၇၂၀ တန်ဖိုးရှိတဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ထွက်ရှိတယ်ဟု ဆိုပါတယ်။
၎င်းတို့ရဲ့ အထင်ကြီးလောက်စရာ အစားအစာထုတ်လုပ်မှုကို စက်ရုပ်များ နှင့် ဉာဏ်ရည်တုများဖြင့် ထုတ်လုပ်မှုကို စီမံခန့်ခွဲတယ်ဟု သိရပါတယ်။
၎င်းတို့ရဲ့ လယ်ယာစိုက်ခင်းတွေဟာ မိရိုးဖလာ လယ်ယာစိုက်ခင်းတွေထက် အဆ ၄၀၀ ခန့် ပိုထွက်ရှိတယ်ဟု ကုမ္ပဏီက ဆိုပါတယ်။
ရေသုံးစွဲမှုတွေ၊ အလင်းရောင်နှင့် အပင်ပေါက်ရောက်တဲ့ ပတ်ဝန်းကျင်အပူချိန်ကို စောင့်ကြည့်ဖို့ စက်ရုပ်များ နှင့် AI စနစ်ကို အသုံးပြုထားပါတယ်။
အချိန်ကြာလာတာနှင့်အမျှ AI စနစ်ဟာ ပိုမိုကောင်းမွန်တဲ့အရည်အသွေးဖြင့်ကောက်ပဲသီးနှံများကို ဘယ်လိုမြန်မြန်စိုက်ပျိုးရမည်ကို သိရှိလာတယ်ဟု ဆိုပါတယ်။
အဆိုပါ နည်းပညာဟာ အစားအစာအရည်အသွေးအတွက် ကောင်းမွန်သည့်အပြင် အရင်းအမြစ်များကို ထိန်းသိမ်းရာတွင်လည်း ကူညီပေးပါတယ်။ ရေကို ပြန်လည်အသုံးပြုပြီး အငွေ့ပြန်တဲ့ရေကိုလည်း ပြန်လည်သိမ်းဆည်းနိုင်တဲ့အတွက်ကြောင့် စွန့်ပစ်ပစ္စည်း လုံးဝမရှိပါဘူး။

အဆိုပါ လယ်ယာစိုက်ခင်းတွေဟာဆိုရင် ပုံမှန်လယ်ယာလုပ်ငန်းတွေထက် ရေသုံးစွဲမှု ၉၅ ရာခိုင်နှုန်းနည်းပြီး ၉၉ ရာခိုင်နှုန်းအထိ နည်းတဲ့မြေပမာဏကို အသုံးပြုပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုကောင်းမွန်စွာ ထုတ်လုပ်နိုင်တယ်ဟု ဆိုပါတယ်။
ထုတ်လုပ်မှုတိုးလာတဲ့အပြင် နည်းပညာက ပိုးသတ်ဆေးလိုအပ်မှုကို ဖယ်ရှားပေးတဲ့အတွက် ဘေးထွက်ဆိုးကျိုးအတွက်လည်း စိတ်ပူစရာမလိုပါဘူး။
ကျွန်ုပ်တို့အနေနဲ့ ဘယ်လိုရာသီဥတုမဆို အပင်များကို စိုက်ပျိုးထုတ်လုပ်နိုင်တာတွေအပြင် သယ်ယူပို့ဆောင်ရေးရဲ့ ကာဗွန်ခြေရာကိုလည်း လျော့ချပေးမှာဖြစ်တယ် ဟု ဆိုပါတယ်။
မိရိုးဖလာစိုက်ပျိုးရေးအပေါ် သက်ရောက်မှုရှိတဲ့ ပြင်ပအချက်များဟာ ဒေါင်လိုက်စိုက်ပျိုးရေး နည်းပညာအပေါ် သက်ရောက်မှုမရှိပါဘူး။

ဒါဟာ အကောင်းဆုံးဖြေရှင်းချက်ဖြစ်သည့်အပြင် အစားအစာရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ဖို့နှင့် အရင်းအမြစ်များကို လျှော့သုံးနိုင်ဖို့ ရည်ရွယ်တယ်ဟု ဆိုပါတယ်။
Nate Story ကတော့ ဒေါင်လိုက်စိုက်ပျိုးခြင်းနှင့် ကုမ္ပဏီမှာ စမ်းသပ်နေသည့် နည်းပညာဟာ ကမ္ဘာကြီးအတွက် သိသာထင်ရှားတဲ့ အကျိုး ကျေးဇူးများ ရရှိ လိမ့်မည်ဟု ယုံကြည်နေပါတယ်။
အလွန်အလားအလာကောင်းပြီး ရာသီဥတုကို ထိန်းချုပ်နိုင်တဲ့ ဒေါင်လိုက်စိုက်ခင်းများကို စိုက်ပျိုးနိုင်ဖို့ ၎င်းတို့ဟာ ယခင် Google ဥက္ကဌ Eric Schmidt ၊ Amazon တည်ထောင်သူ Jeff Bezos နှင့် SoftBank တို့ထံမှ ရန်ပုံငွေဒေါ်လာ သန်း ၄၀၀ ထုတ်ယူခဲ့တယ်ဟုလည်း သိရပါတယ်။
ယခုဆိုရင် ကယ်လီဖိုးနီးယားရှိ စတိုးဆိုင်ပေါင်း ၄၃၀ ဆီကို မကြာမီ တိုးချဲ့သွားမှာဖြစ်ပြီး ပြည်တွင်းရော အခြားပြည်နယ်များမှာပါ ဒေါင်လိုက်စိုက်ခင်းများ ထပ်မံစိုက်ပျိုးတည်ထောင်ဖို့ မျှော်လင့်ထားပါတယ်ဟု သိရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။