ဒူဘိုင်းက ယခု ဖွင့်လှစ်လိုက်တဲ့ ရဟတ်ကြီးဟာ ဗြိတိန်က London Eye ရဟတ်ကြီးထက် ၂ ဆတောင် ပိုမြင့်တယ်လို့ သိရပါတယ်။
ယခု ရဟတ်သစ်ကြီး မတိုင်ခင် ကမ္ဘာ့ အမြင့်ဆုံး ရဟတ်ကြီးဟာ အမေရိကန်နိုင်ငံ Las Vegas မြို့မှာရှိတဲ့ High Roller လို့ အမည်ရတဲ့ ရဟတ်ကြီး ဖြစ်ပါတယ်။
High Roller ဟာ ၇ နှစ်လောက် ကမ္ဘာ့ အမြင့်ဆုံး ရဟတ်ကြီး တခုအနေဖြင့် ရပ်တည်ခဲ့ပြီး အခုတော့ ဒီ သရဖူကို Ain Dubai က လုယူသွားပြီ ဖြစ်တယ်လို့ NPR သတင်းဌာန အဆိုအရ သိရပါတယ်။
၂၀၁၃ ခုနှစ်ကတည်းက စတင် တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့သည့် ဒီ ကြီးမားလှတဲ့ ရဟတ်ကြီးဟာ ၎င်း၏ ကနဦးအစမှာပင် နာမည် အမျိုးမျိုး ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်နေချိန်မှာ အမည်ကို ဗြိတိန်မှ London Eye ရဟတ်ကြီးကဲ့သို့ ဒီ ဒူဘိုင်းက ရဟတ်ကြီးကို Dubai Eye လို့ ခေါ်ဆိုခဲ့ပါတယ်။

အဲဒီ့ နောက်ပိုင်းမှာတော့ အတိုချုံးပြီး Dubai-I လို့ ခေါ်ကြတာ အပြီးသတ်မှာတော့ Ain Dubai လို့ ဖြစ်သွားပါတယ်။
ပေ ၈၂၀ (၂၅၀ မီတာ) လောက်ရှိတဲ့ Ain Dubai ရဟတ်ကြီးဟာ အမြင့် ပေ ၄၄၀ (၁၃၄ မီတာ) လောက်သာရှိတဲ့ London Eye ရဟတ်ကြီးထက် ၂ ဆ နီးပါးလောက် ပိုမြင့်ပါတယ်။
ကမ္ဘာ့အမြင့်ဆုံး ဖြစ်ခဲ့တဲ့ Las Vegaus မှ “High Roller” ကတော့ ပေ ၅၅၀ (၁၆၇.၇ မီတာ) လောက်သာ ရှိတဲ့အတွက် ပေ ၂၇၀ (၈၂.၄ မီတာ) လောက်ပိုမြင့်တဲ့ Ain Dubai ရဟတ်ကြီးဟာ အထင်ကြီးစရာကောင်းတဲ့ အမြင့်ဖြင့် ကမ္ဘာ့ အမြင့်ဆုံး စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။
ဒီလို အမြင့်စံချိန်ကို ချိုးဖျက်နိုင်ဖို့ဆိုတာ နောက်ထပ် နှစ်ပေါင်းများစွာ အချိန် ယူရမယ့် အနေအထား ဖြစ်ပါတယ်။
CNN ၏ အဆိုအရ ဒီဇိုင်းနှင့် ဆောက်လုပ်ရေး ကန်ထရိုက်တာများဖြစ်တဲ့ တောင်ကိုရီးယား Hyundai စက်မှုနှင့် ဆောက်လုပ်ရေး နှင့် Starneth စက်မှု တို့ဟာ ၂၀၁၅ ခုနှစ်မှာ ဒီရဟတ်ကြီးကို စတင် တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။
Ain Dubai ဝက်ဘ်ဆိုဒ်တွင် ဖော်ပြ ထားချက်အရ ရဟတ်ကြီး တည်ဆောက် ရာတွင် သံမဏိ တန်ချိန် ၁၁,၂၀၀ ခန့် အသုံးပြုခဲ့ရပြီး စုစု ပေါင်း ၁၄၉၁ မိုင် (၂,၄၀၀ ကီလိုမီတာ) လောက် အရှည်ရှိတဲ့ ကေဘယ်ကြိုးပေါင်း ၁၉၂ ချောင်းကို စုစည်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Bluewaters ကျွန်းပေါ်တွင် တည်ဆောက်ထားသည့် ဒီ ကြီးမားလှတဲ့ ရဟတ်ကြီးဟာ ဒူဘိုင်းမြင်ကွင်းကို ကောင်ကင်မှ တဆင့် ၃၆၀ ဒီဂရီ ပတ်လည် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ ရဟတ်ကြီးပေါ်မှ အထင်ကရနေရာများဖြစ်တဲ့ ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဟိုတယ်များထဲက တခုဖြစ်တဲ့ Burj AI Arab၊ အုန်းပင်ကဲ့သို့ ပင်လယ်ထဲတွင် ပြုလုပ်ထားသည့် လူလုပ်ကျွန်း Palm Jumeirah နှင့် ကမ္ဘာ့ အမြင့်ဆုံး အဆောက်အဦးဖြစ်သည့် Burj Khalifa တို့ကို ရှုစားနိုင်မှာ ဖြစ်ပါတယ်။
ဒီလို ရှုခင်းများကို ခံစားနိုင်ဖို့ Ain Dubai ရဟတ်ပေါ်တွင် ခုံတန်းများ နှင့် လေအေးပေးစက်များ ပါဝင်သည့် အဆင့်မြင့် နည်းပညာသုံး အတွဲခန်းပေါင်း ၄၈ ခု အထိ ချိတ်ဆွဲ တပ်ဆင်ပေးထားပါတယ်။
ဒါအပြင် ရဟတ်ကြီးမှ အင်ဂျင်နီယာ နည်းပညာနှင့် ပတ်သက်သည့် စွမ်းဆောင်နိုင်မှုများကို အနီးကပ် လေ့လာနိုင်သည့် အားသာချက်တွေလည်း ရှိပါတယ်။

ဒါ့ကြောင့် ဒီကြီးမားလှတဲ့ ရဟတ်ကြီးပေါ်မှာ လိုက်ပါ စီးနင်းရတာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အရာတခုလို့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။
ရဟတ်ကြီး လည်ပတ်မှု တပတ်ပြည့်ရန် ၃၈ မိနစ်ခန့် ကြာမြင့်သောကြောင့် ရဟတ်စီးနင်းရင်း စားသောက်ရန် အစာပြေနှင့် ဆိုဒါ အချို့ကိုပင် ယူဆောင်နိုင်ပါတယ်။
ဒီလိုရဟတ်ပေါ်တွင် စီးနင်းပြီး ရှုခင်းများကို လေ့လာနိုင်ဖို့တွက် လက်မှတ်တစောင့်လျှင် ၁၃၀ Dirhams သို့မဟုတ် ၃၆ ဒေါ်လောက်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။