အောင်မြင်မှုတွေ ရရှိဦးမယ့် တူရကီ၏ မောင်းသူမဲ့လေယာဉ်သစ် Akıncı

Military Tech

တူရကီ၏ ဒရုန်းသစ်ဖြစ်တဲ့ Akıncı B မော်ဒယ်ဟာ ယခု တပတ်အတွင်း အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မောင်းသူမဲ့လေယာဉ်သစ်ကို အဆင့်မြှင့်တင်ထားသည့် အင်ဂျင်များ တပ်ဆင်ထားပြီး ထုတ်လုပ်သမျှထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်လာမှာပါ။

မြင်းကောင်ရေ ၇၅၀ လောက်ရှိတဲ့ အင်ဂျင်နှစ်လုံးကို တပ်ဆင်ထားတဲ့ Akıncı B unmanned combat aerial vehicle (UCAV)မောင်းသူမဲ့လေယာဉ်ဟာ ၁ နာရီနှင့် ၁၆ မိနစ်လောက် စမ်းသပ်ပျံသန်းမှု ပြုလုပ်ပြီး ဖြစ်ပါတယ်။

၎င်းဟာ ဒရုန်းထုတ်လုပ်သည့် ကုမ္ပဏီ Baykar ၏ လေ့ကျင့်ရေးနှင့် စမ်းသပ်ရေး စင်တာမှ ပျံတက်ပြီး စမ်းသပ်ခဲ့တာပါ။

Akıncı မောင်းသူမဲ့လေယာဉ် တစင်း Image: Courtesy of AA

အင်ဂျင် နှစ်လုံပေါင်း မြင်းကောင်ရေ ၁,၅၀၀ လောက်ရှိတဲ့ Akıncı B မောင်းသူမဲ့လေယာဉ်ဟာ ၎င်း၏ အတန်းအစားထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံး ဖြစ်လာမယ်လို့ Baykar ကုမ္ပဏီ၏ နည်းပညာပိုင်းဆိုင်ရာ အမှုဆောင် အရာရှိချုပ်မှ တွစ်တာတွင် ကြေငြာခဲ့ပါတယ်။

မြင်းကောင်ရေ ၄၅၀ ရှိတဲ့ အင်ဂျင် နှစ်လုံး တပ်ဆင်ထားသည့် ယခင် Akıncı A အမျိုးအစားကိုတော့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ကတည်းက တူရကီမှာ တပ်တော်ဝင်ပြီး ဖြစ်ပါတယ်။

ကုမ္ပဏီ၏ အဆိုအရ Akıncı မောင်းသူမဲ့ လေယာဉ်သစ်ပေါင်း ၆ စင်းလောက် အထိ တူရကီ စစ်တပ် TSK သို့ ပေးပို့ပြီး ဖြစ် ကြောင်း သိရပါတယ်။

ဒီ မောင်းသူမဲ့လေယာဉ်များဟာ အာမေးနီးယား-အဇာဘိုင်ဂျန်စစ်ပွဲနှင့် ယူကရိန်း စစ်မြေပြင်တွင် အစွမ်းပြခဲ့တဲ့ Bayraktar TB2 UCAV ထက် များစွာ အဆင့်မြင့်ပါတယ်။

Bayraktar TB2 UCAV

Bayraktar TB2 UCAV များကို လက်ရှိတွင် ကာတာ၊ အဇာဘိုင်ဂျန်၊ ယူကရိန်း နှင့် ပိုလန်နိုင်ငံများအပါအဝင် ၁၆ နိုင်ငံလောက်က အသုံးပြုနေကြပါတယ်။

တူရကီ မောင်းသူမဲ့လေယာဉ်များ နှင့် နိုင်ငံခြား ဈေးကွက်

Bayraktar TB2 များဟာ ဆီးရီးယား၊ လစ်ဗျား နှင့် ရှေ့က ဖော်ပြခဲ့သည့် နိုင်ငံစစ်ပွဲများတွင် ကမ္ဘာကျော်လောက်အောင် အစွမ်းပြနိုင်ခဲ့သည့်အတွက် Akıncı များစွာ ထူးခြားသာလွန်မယ်ဆိုတာ မငြင်းနိုင်ပါဘူး။

TB2 ၏ အဆင့်မြင့် မျိုးကွဲကိုလည်း ယခုနှစ်အတွင်းမှာ စတင် ပျံသန်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။

လက်ရှိ Baykar ၏ ထုတ်လုပ်ရေး စက်ရုံတွင် ဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက် လုပ်ဆောင်နေတဲ့ Bayraktar TB3 ဟာ တူရကီ၏ အဆင့်အမြင်ဆုံး ကုန်းရေ နှစ်သွယ် စစ်ဆင်ရေး သင်္ဘော TCG Anadolu နှင့် တွဲဖက်ပြီး တာဝန်ထမ်းဆောင်နိုင်ဖွယ် ရှိပါတယ်။

TCG Anadolu ကုန်းရေနှစ်သွယ် စစ်ဆင်ရေး ရဟတ်ယာဉ်တင် သင်္ဘော Image: Courtesy of Raillynews

ရဟတ်ယာဉ်တင် TCG Anadolu သင်္ဘောဟာ ၎င်းနှင့် အမျိုးစားတူ သင်္ဘောများတွင် ကမ္ဘာ့ပထမဆုံး အနေဖြင့် မောင်းသူမဲ့လေယာဉ်များနှင့် တွဲဖက် စစ်ဆင်ရေးလုပ်ဆောင်နိုင်မည့် သင်္ဘောဖြစ်လာမှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ ယခု မောင်းသူမဲ့လေယာဉ်သစ်ဖြစ်တဲ့ Akıncı များကိုလည်း နိုင်ငံ ၂ နိုင်ငံသို့ တင်ပို့ရောင်းချရန် သဘောတူညီမှု ရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တင်ပို့ရောင်းချမှုကို ၂၀၂၃ ခုနှစ်တွင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကုမ္ပဏီမှ ပြောပါတယ်။

TB2 များ၏ အောင်မြင်မှုကြောင့် တူရကီဟာ လွန်ခဲ့သည့်နှစ်က မောင်းသူမဲ့လေယာဉ် တင်ပို့ရောင်းချရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၆၄ သန်းအထိ ရရှိခဲ့ပါတယ်။

Akıncı ဟာ TB 2 ထက် ပိုရှည်ကာ တောင်ပံ ပိုကျယ်ပြီး မဟာဗျူဟာမြောက် တာဝန်များကို ထမ်းဆောင်နိုင်ပါတယ်။

၎င်း၏ တောင်ပံဟာ ၆၅ ပေလောက် ကျယ်ပြီး အလိုအလျှောက် မောင်းနှင် ထိန်းချုပ်စနစ် တပ်ဆင် ထားကာ အလိုအလျှောက်စနစ်ချွတ်ယွင်းမှု မဖြစ်စေရန် ၃ ခုအထိ တပ်ဆင်ထားပါတယ်။

Akıncı မောင်းသူမဲ့လေယာဉ် Image: Courtesy of AA

AESA ရေဒါကို တပ်ဆင်နိုင်ပြီး လက်နက်အားဖြင့် Smart Micro Munitions (MAM-L) များ၊ ဝေဟင်မှ ဝေဟင်ပစ် Gökdoğan (Merlin) နှင့် Bozdoğan (Peregrine) ကဲ့သို့ ဒုံးကျည်များ၊ Roketsan-built Stand-Off Missile (SOM) ဒုံးကျည်များ နှင့် ဝေဟင်မှ မြေပြင် မိုင် ၁၅၀ လောက်မှ ပစ်နိုင်သည့် ခရုဇ်ဒုံးကျည်များ ကို တပ်ဆင်နိုင်ပါတယ်။

Akıncı မောင်းသူမဲ့လေယာဉ်များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ပထမဆုံး ပျံသန်းခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီမှာတော့ ပထမဆုံး စမ်းသပ်မှုများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယခု မောင်းသူမဲ့လေယာဉ်များဟာ ထွက်ရှိသမျှ တူရကီမောင်းသူမဲ့လေယာဉ်များ အားလုံးထက် ဝေဟင်တွင် ကြာမြင့်စွာ စစ်ဆင်နိုင်ပြီး တိုက်လေယာဉ်များနှင့် ယှဉ်ကာ ပျံသန်းနိုင်ကာ ဝေဟင်ရော မြေပြင်ပါ တိုက်ခိုက်နိုင်မှာပါ။

A နှင့် B မျိုးကွဲများထက် ပိုမို အဆင့်မြင့်မည့် Akıncı C များကတော့ အင်ဂျင်တလုံးလျှင် မြင်းကောင်ရေ ၉၅၀ (စုစုပေါင်း ၁,၉၀၀) လောက်အထိ ရှိလာမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *