တရုတ်နိုင်ငံရှိ ကြီးမားတဲ့ “Sky Eye” တယ်လီစကုပ်မှ တဆင့် ဝေးကွာတဲ့ ဂြိုဟ်သားအဖွဲ့အစည်း တခုက အချက်ပြလှိုင်းတွေ ခြေရာခံနိုင်ခဲ့တယ်လို့ တရုတ် သိပ္ပံပညာရှင်များက ဖော်ပြခဲ့ပါတယ်။
ဒါ့ပေမယ့် အဲဒီ့ အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါးကို တင်ပြီး မကြာခင်မှာဘဲ ပြန်ဖျက်သွားတာကို တွေ့ရပါတယ်။
ဖြစ်စဉ်ကတော့ Beijing Normal တက္ကသိုလ်မှ နက္ခတ်ဗေဒပညာရှင်များဟာ တရုတ် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာ၏ တ ရားဝင် သတင်းစာတခုမှာ “ကမ္ဘာ့ပြင်ပရှိ သက်ရှိအဖွဲ့အစည်းများနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ ခြေရာခံနိုင်မှုတွေ အများအပြား ရှိခဲ့တယ်” လို့ ဇွန်လ ၁၄ ရက်နေ့က ဖော်ပြခဲ့တာပါ။
ဒီ အချက်ပြမှုတွေကို တရုတ်နိုင်ငံမှာ တည်ဆောက်ထားတဲ့ မီတာ ၅၀၀ လောက်ရှိသည့် ကမ္ဘာ့အကြီးဆုံး Five-hundred-meter Aperture Spherical radio Telescope (FAST) ရေဒီယို တယ်လီစကုပ်ကနေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
Sky Eye တယ်လီစကုပ်ဟာ ကမ္ဘာ့ပြင်ပ သက်ရှိများနှင့် အာကာသအတွင်းကို လေ့လာဖို့အတွက် ၂၀၁၉ ခုနှစ်က စတင် စကင်ဖတ်ခဲ့ကာ ၂၀၂၀ ခုနှစ်မှာတော့ ရရှိလာသည့် အချက်အလက်များအရ သံသယဖြစ်ဖွယ် ရေဒီယို အချက်ပြလှိုင်း ၂ ခုကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ နေအဖွဲ့အစည်း ပြင်ပမှ exoplanet ခေါ် ဂြိုဟ်များကို ပစ်မှတ်ထား စစ်တမ်း ကောက်ယူတဲ့ အခါမှာတော့ နောက်ထက် narrow-band radio signal တခုကို ဖမ်းယူနိုင်ခဲ့ပြီး ၃ ခုမြောက် တွေ့ရှိတာ ဖြစ်လာပါတယ်။
ဒီအချက်ပြလှိုင်း ကြိမ်နှုန်းဟာ လူသားများ၏ လေယာဉ်များနှင့် ဂြိုဟ်တုများတွင်သာ အသုံးပြုတာ ဖြစ်တဲ့အတွက် ဒါဟာ ဂြိုဟ်သားတွေရဲ့ နည်းပညာ တခု ဖြစ်ကောင်း ဖြစ်နိုင်မယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။
“ဒါတွေဟာ အရင်ကနဲ့ ကွဲပြားတဲ့ narrow-band ရေဒီယိုအချက်ပြ လှိုင်းတွေ ဖြစ်ပြီး လောလောဆယ်မှာတော့ အဖွဲ့ဟာ နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” လို့ Beijing Normal University မှ တရုတ်နိုင်ငံ ပြင်ပသက်ရှိအဖွဲ့အစည်း သုတေသန အဖွဲ့ သိပ္ပံပညာရှင် Zhang Tongjie က ပြောပါတယ်။
ဒီအကြောင်းကို ဖော်ပြပြီးတဲ့နောက် တရုတ်လူမှုကွန်ယက်ဖြစ်တဲ့ Weibo တွင် လျှင်မြန်စွာ သတင်းတွေ ပျံ့နှံ့သွားပေမယ့် ထိုသတင်းကို ဖျက်ပစ်လိုက်တဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
ယခုလို အချက်ပြလှိုင်းတွေကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ရတာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။
၁၉၇၇ ခုနှစ် ဩဂုတ်လက အမေရိကန် အိုဟိုင်းယိုးပြည်နယ်ရှိ Big Ear တယ်လီစကုပ်မှ ပြင်ပကမ္ဘာမှ အသိဥာဏ်ရှိ သက်ရှိများ ရှာဖွေမှု SETI သုတေသနမှ အခြား သက်ရှိအဖွဲ့အစည်းမှ ထွက်လာတယ်လို့ သံသယ ဖြစ်စရာ ရှိတဲ့ မိနစ်နှင့်ချီကြာမြင့်တဲ့ အားကောင်းလှတဲ့ လျှပ်စစ်သံလှိုင်းလှိုင်းတွေကို ဖမ်းယူရရှိခဲ့ဖူးပါတယ်။

ဒါပေမယ့် အဆိုပါ အချက်ပြလှိုင်းကို အလားတူနေရာမှာ ဆက်လက် ရှာဖွေခဲ့ပေမယ့် ဘာမှ ထပ်ပြီး မပေါ်လာခဲ့ပါဘူး။
နောက်ပိုင်း သုတေသန ပြုလုပ်မှုများအရ အဆိုပါ အချက်ပြလှိုင်းဟာ Sagittarius ကြယ်စုတွေ ရှိသည့် နေနှင့်တူသည့် ကြယ်မှ လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
မည်သို့ပင် ဆိုစေကာမူ အဆိုပါ အချက်ပြလှိုင်း၏ ရင်းမြစ်ဟာ ပဟေဠိ ဖြစ်နေဆဲ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ နက္ခတ္တဗေဒပညာရှင်များဟာ နေနှင့် အနီးဆုံး (အလင်းနှစ် ၄.၂ နှစ် အကွာအဝေး) တွင် ရှိသည့် အနည်း ဆုံး သက်ရှိများနေထိုင်နိုင်မယ့် ဂြိုဟ်တလုံး ရှိနေနိုင်တယ်လို့ ယူဆတဲ့ Proxima Centauri မှ ကမ္ဘာသို့ ရောက်လာသည့် အချက်ပြလှိုင်းကို တွေ့ရှိခဲ့ပြန်ပါတယ်။
အဆိုပါ အချက်ပြလှိုင်းဟာ narrow-band ရေဒီယိုလှိုင်းဖြစ်ပြီး လူလုပ် ပစ္စည်းများနှင့် ယေဘုယျအားဖြင့် ဆက်စပ်နေတာဖြစ်သည့် အတွက် သိပ္ပံပညာရှင်များဟာ ဂြိုဟ်သားတွေရဲ့ နည်းပညာလားဆိုတာ စိတ်ဝင်စားခဲ့ပါတယ်။
နောက်ထပ် ၂ နှစ်အကြာ ၂၀၂၁ ခုနှစ်က လေ့လာမှု အသစ်များအရတော့ အဆိုပါ အချက်ပြလှိုင်းဟာ လူသားများ၏ နည်းပညာချွတ်ယွင်းမှုကနေ ထွက်လာတာ ဖြစ်နိုင်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။
အလားတူ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်မှ ရရှိခဲ့သည့် အချက်ပြလှိုင်းများကို လေ့လာသည့် အခါတွင်လည်း သိပ္ပံပညာရှင်များ နေ့လည်စာစားရန် မိုက်ခရိုဝေ့ဖ်မှ ထွက်လာသည့် လှိုင်းများကြောင့် ဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။

Zhang Tongjie ကတော့ ၎င်း၏ အဖွဲ့ဟာ နေအဖွဲ့အစည်း ပြင်ပမှ သက်ရှိအဖွဲ့အစည်းများ တည်ရှိနေမှုကို ပထမဆုံး တွေ့ရှိ အတည်ပြုနိုင်ဖို့ မျှော်လင့်နေကြောင်း ပြောခဲ့ပါတယ်။
စကြဝဠာကြီး၏ နယ်ပယ် အကျယ်အဝန်းနှင် သက်တမ်းတို့ ကွာဟမှုကြောင့် သက်ရှိများကို လက်ရှိအချိန်အထိ မတွေ့ရှိရသေးတဲ့အတွက် သိပ္ပံပညာရှင်များအတွက် Fermi Paradox လို့ခေါ်တဲ့ ဝိရောဓိကို ဖြစ်စေပါတယ်။
ဒီ ဝိရောဓီကို နိုဘယ်ဆုရ ရူပဗေဒပညာရှင် Enrico Fermi ၏ ဦးနှောက်စားစရာ ကိစ္စကို စဉ်းစားနေရင်း နေ့လည်စာ စားချိန်မှာ အမှတ်မထင် ပြောမိခဲ့တဲ့ “ဒါဆို လူတိုင်းက ဘယ်ရောက် နေတာလဲ” ဆိုတဲ့ စကားကို အစွဲပြုပြီး Fermi Paradox လို့ အ မည်ပေးခဲ့တာ ဖြစ်ပါတယ်။
ယခု Sky Eye မှ တွေ့ရှိခဲ့တဲ့ အချက်ပြလှိုင်းဟာလည်း သိပ္ပံပညာရှင်တွေ နေ့လည်စာနွှေးဖို့ သုံးလိုက်တဲ့ မိုက်ခရိုဝေ့ဖ်ကနေ ထွက်လာတာ မဟုတ်ရင်တော့ မျှော်လင့်ချက်တွေ အများကြီး ဖြစ်လာမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။