၁၉၇၀ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုဟာ အာကာသအတွင်းမှာ ပထမဆုံး အမြောက်ပစ်ခတ်နိုင်တဲ့ နိုင်ငံဖြစ်လာပြီး ယနေ့အထိ အခြားနိုင်ငံတွေ မလုပ်ဆောင်ခဲ့ပါဘူး။
အာကာသစခန်းတွင် တပ်ဆင်အသုံးပြုဖွယ်ရှိတဲ့ အဆိုပါ အမြောက်ကြီး၏ တကယ့် အချက်အလက် အသေးစိတ်တွေဟာ လျှို့ဝှက်ချက်တွေအနေနဲ့ နှစ် ၄၀ ကျော်လောက် ရှိနေခဲ့တာပါ။
တကယ်ပဲ ဆိုဗီယက်တို့ အာကာသထဲမှာ စက်အမြောက်ကို စမ်းသပ်ခဲ့သလား
တိုတိုနဲ့ ပြောရရင်တော့ တကယ်ပဲ စမ်းသပ်ခဲ့ပါတယ်။ အောင်မြင်ခဲ့လား ဘာတွေ ဖြစ်ခဲ့နိုင်သလဲ ဆိုတာကတော့ ကိုယ်တိုင် ဆောင်းပါးကနေ အဖြေရှာကြည့်ရမှာပါ။
အဆိုပါ R-23M လို့ခေါ်တဲ့ စက်အမြောက်ကို ဆိုဗီယက် ပြည်ထောင်စု၏ Almaz အာကာသစခန်းတွင် တပ်ဆင်ပြီး စမ်း သပ်ဖို့ လုပ်ဆောင်ခဲ့တာပါ။

အာကာသထဲမှာ အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့တယ်ဆိုတဲ့ ဒီစက်အမြောက်ဟာ စစ်အေးခေတ် ကာလအတွင်း ဗုံးကြဲလေ ယာဉ်၏ အမြီးတွင် တပ်ဆင်သည့် စက်အမြောက်မှ ဆင်းသက်လာတာ ဖြစ်ပါတယ်။
မှတ်တမ်းများ အရတော့ ဒီလက်နက်အတွက် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေကို မော်စကို အခြေစိုက် KB Tochmash Design Bureau က ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။
KB Tochmash ဟာ ဒုတိယ ကမ္ဘာစစ် ကတည်းက ဆိုဗီယက်တို့အတွက် လေယာဉ်သုံး လက်နက်နည်းပညာများကို ဖန်တီးပေးခဲ့သည့်အတွက် ဆိုဗီယက်တို့က ဒီစီမံကိန်းအတွက် ရွေးချယ်ခဲ့တာ အံ့ဩစရာတော့ မရှိပါဘူး။
အဆိုပါ ၁၄.၅ မီလီမီတာ စက်အမြောက်ငယ်ဟာ ၂၀၀ ဂရမ်လောက်လေးတဲ့ ကျည်ကို တမိနစ်လျှင် အတောင့် ၉၅၀ မှ ၅၀၀၀ နှုန်းနှင့် အမြန်နှုန်း တနာရီ မိုင် ၁,၅၀၀ ဖြင့် ၂ မိုင်လောက်က ပစ်မှတ်ကို တိုက်ခိုက်နိုင်ပါတယ်။

တကယ်တော့ အာကာသထဲမှာ ဒီလို တွန်းကန်ပေါက်ကွဲ စနစ်ဖြင့် စက်အမြောက်ကို စမ်းသပ်ဖို့ဆိုတာ ပြဿနာတွေ အများကြီး ရှိပါတယ်။
သို့ပေမဲ့ ၁၉၇၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့မှာ Salyut-3 အာကာသစခန်းကို အသုံးပြုပြီး တကယ်ပဲ စမ်းသပ် ခဲ့ကြောင်း သ တင်း ရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။
ဒီလို စမ်းသပ်မှုကို ပြုလုပ်ရာမှာ စက်အမြောက်မှ တချက်ပစ်တိုင်း အာကာသယာဉ်မှ ဂျက်အင်ဂျင် တွန်းကန်စနစ်ဟာ လည် ပတ်ပြီး တွန်းပေးတယ်လို့ သိရပါတယ်။
ဒီနည်းအားဖြင့် recoil ခေါ် နောက်သို့ တွန်းကန်အားကို ထိန်းညှိ ပေးတာဖြစ်ပြီး ဒီနည်းဟာ ၎င်းတို့ လုပ်ဆောင်နိုင်တဲ့ အ ကောင်းဆုံး တခုထဲသော နည်းလမ်း ဖြစ်ပါတယ်။

စမ်းသပ်မှုတွင် စက်အမြောက်ကျည် ၂၀ ကို အသုံးပြုကာ အတွဲလိုက် ၂ ကြိမ်မှ ၃ ကြိမ် အထိ ပစ်ခတ်ခဲ့ပြီး ကျည်များဟာ ကမ္ဘာ့လေထုထဲမှာ လောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။
စမ်းသပ်မှု၏ ရလဒ်တွေကို အမှန်တကယ် ဟုတ်မဟုတ် အတည်ပြုဖို့ ကြိုးစားနေဆဲ ဖြစ်ပြီး နောက်ပိုင်းမှာ ဆိုဗီယက်၏ အာကာသစခန်းများမှာ ဒုံးကျည်များဖြင့်သာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။
ဒါ့ကြောင့် အောင်မြင်ခြင်း ရှိမရှိ ဆိုတာကတော့ သင်ကိုယ်တိုင် ကောက်ချက်ချလို့ ရမှာပါ။
ဘယ်လိုပဲဖြစ်စေ နောက်ပိုင်းမှာ လက်နက်တပ်ဆင်ထားတဲ့ အာကာသစခန်း တခုမှ မပြီးစီးတော့ဘဲ ၁၉၇၈ မှာတော့ Almaz စီမံကိန်းဟာ လုံးပါးပါးသွား ခဲ့ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။