ငယ်ငယ်က “ဘုတ်ဘုတ်ကလေး နောက်ဆုတ်” ဆိုပြီး ဆော့ကစားခဲ့တဲ့ ဘုတ်ကောင်၊ ကျွဲ၊ ဗွေကောင် စသဖြင့် အမျိုးမျိုး ခေါ်ကြတဲ့ အင်းဆက်လေးတွေကို မှတ်မိမယ်ထင်ပါတယ်။
တကယ်တော့ ဒီအင်းဆက်လေးတွေဟာ သားလောင်းများသာ ဖြစ်ပြီး ဆက်လက် ဖွံ့ဖြိုးကြကာ နောက်ဆုံးမှာ ပျံသန်းနိုင်တဲ့ အကောင်ဖြစ်လာတယ်ဆိုရင် အံ့အားသင့်မိကြမှာပါ။
ဟုတ်ပါတယ်။ ဒီဘုတ်ကောင်လေးတွေကို အင်္ဂလိပ်လို Antlion လို့ခေါ်တဲ့ Neuroptera မျိုးနွယ်ဝင်အင်းဆက် (သိပ္ပံအမည် Myrmeleontidae) ဖြစ်ပြီး လူသိအများဆုံး မျိုးစုကတော့ Myrmeleo ဖြစ်ပါတယ်။
Antlion များကို ကမ္ဘာအနှံ့ တွေ့ရှိနိုင်ပြီး အထူးသဖြင့် ခြောက်သွေ့ကာ သဲထူတဲ့ ဒေသတွေမှာ နေထိုင် ကျက်စားလေ့ ရှိပါတယ်။
၎င်းတို့ဟာ များပြားလှတဲ့ မျိုးစိတ်တွေရှိပြီး သိရှိထားသမျှ မျိုးစိတ်ပေါင်း ၂,၀၀၀ ခန့် ရှိပါတယ်။

Image: Courtesy of Queensland Museum
များသောအားဖြင့် ဘုတ်ကောင်လေးများ ရှိကြောင်းကို ၂ လက်မ ဝန်းကျင်လောက် အထိ ရှိနိုင်သည့် သဲကျင်းငယ်လေးများကြောင့် သိနိုင်ပါတယ်။
အဆိုပါ သဲကျင်းများဟာ ၎င်းတို့၏ သားလောင်း အဆင့်တွင် ရှင်သန်ဖို့အတွက် ပုရွက်ဆိတ်ကဲ့သို့သော အင်းဆက်များကို ထောင်ချောက်ဆင်ထားတာ ဖြစ်ပါတယ်။
ဖမ်းမိသည့် သားကောင်များကို စုပ်ယူစားသုံးကာ နောက်ဆုံးမှာ အခွံကို တွင်းအပြင်သို့ လွှင့်ပစ်တတ်ကြပါတယ်။
အရွယ်မရောက်ခင် လုံလောက်သည့် အစားအစာ လိုအပ်ကာ ထောင်ချောက်တွင် သားကောင် ဝင်လာနိုင်ဖို့ ကြာမြင့်စွာစောင့်စားရတဲ့ အတွက် ၎င်းတို့တွင် နှေးကွေးသည့် ဇီဝဖြစ်ပျက်မှုကို ပိုင်ဆိုင်ထားပါတယ်။
ဒါ့ကြောင့် ၎င်းတို့၏ ဘဝသံသရာဖြစ်စဉ်ဟာ နှစ်အနည်းငယ် ကြာမြင့်တတ်ပြီး အစာပေါများသည့် နေရာများတွင်တော့ အ ရွယ်ရောက်သည့် အချိန် ပိုပြီး မြန်ဆန်ပါတယ်။

Antlion ၏ ဘဝသံသရာ စက်ဝန်း Image: Adapted from Wiki Commons CC BY-SA 3.0
လုံလောက်တဲ့ အစားအစာများ စားသောက်ပြီး ကြီးထွားလာတဲ့ အခါမှာ သားလောင်းဟာ သဲတွေနှင့် ပိုးမျှင်များကို လုံးကာ အရွယ်ရောက်သည့် အဆင့်သို့ ပြောင်းလဲလာပါတယ်။
သဲများနှင့်လုံးပြီး ပြုလုပ်ထားတဲ့ cocoon ပိုးအိမ်ဟာ သဲများ၏ အောက် စင်တီမီတာ အနည်းငယ်လောက် အနက်အထိ ရှိနေနိုင်ပါတယ်။
အရွယ်ရောက်ပြီး antlion များဟာ ကောင်းကောင်း မပျံသန်းနိုင်ဘဲ တိုတောင်းတဲ့ ဦးမှင်နှင့် နူးညံ့ပြီး ကျဉ်းမြောင်းတဲ့ တောင်ပံ ၄ ခုကို ပိုင်ဆိုင်ထားပါတယ်။
ရုတ်တရက် ကြည့်လိုက်ပါက ပုစဉ်း တကောင်နှင့် ခပ်ဆင်ဆင် ဖြစ်နေပါတယ်။
အရွယ်ရောက်ပြီးနောက် ၎င်းတို့ဟာ ဝတ်ရည်နှင့် ဝတ်မှုံများကို အစာ အာဟာရ အဖြစ် စားသုံးကြပါတယ်။
ထို့နောက် သက်တမ်းဟာ အနည်းဆုံး ၂၅ ရက်မှ အများဆုံး ၄၅ ရက်လောက်အထိသာ ရှင်သန်ကြပြီး မိတ်ဖက်ရှာ မျိုးပွားပြီးနောက် ၎င်းတို့၏ ဘဝဟာ ပြီးဆုံးသွားပါတယ်။

အရွယ်ရောက်ပြီး Antlion တကောင် Image: Courtesy of Wiki Commons CC BY-SA 4.0
ငယ်စဉ်က အဆိုပါ အင်းဆက်များကို ခုံဖြစ်ဖြစ် မြေကြီးပေါ်ဖြစ်ဖြစ် လက်နှင့် ပုတ်ပြီး ဆော့ကစားသည့် အခါ တုန့်ပြန်ခြင်းဟာ အကြောင်းရှိပါတယ်။
၎င်းတို့ဟာ မြေပြင် တုန်ခါမှုကဲ့သို့ တုန်ခါမှုများ အပေါ်မှာ အလွန် တုန့်ပြန်တတ်ကြပြီး တုန်ခါသံကြားလျှင် လှုပ်ရှား သွားလာတတ်ပါတယ်။
အကြောင်းကတော့ ၎င်းတို့ဟာ တုန်ခါမှုကို ခန္ဓာကိုယ်ရှိ အာရုံခံနိုင်သည့် အမွှေးအမျှင်များမှ သိရှိကြပြီး တုန်ခါမှု၏ နေရာကို ရှာဖွေတတ်လို့ပါ။
Antlion များတွင် ရှိသည့် အာရုံခံ အမွှေးအမျှင်များဟာ ၎င်းတို့အနီးရှိ ပုရွက်ဆိတ်တကောင် ရောက်ရှိလာတာကို ၂၀ စင်တီမီတာ အကွာကနေ သိနိုင်တယ်လို့ Prelights Biologists မှ သုတေသန တခုတွင် ဖော်ပြထားပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 9/5/2022