၁၉၆၀ ဝန်းကျင်လောက်က Atomic Clock ဆိုတဲ့ Atomic Physics ကိုအခြေခံထားတဲ့ နာရီတွေ တီထွင်နိုင်ခဲ့ပါတယ်။
အဲဒီ့ နာရီတွေဟာ မီလီစက္ကန့် အတိုင်းအတာလောက် အထိ တိကျအောင် တိုင်းတာပေးနိုင်ပါတယ်။
Atomic Clock နာရီကအချိန်ကို The international atomic time (TAI) လို့ခေါ်ပြီး ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ ကမ္ဘာ့ကိုယ်ပိုင်လည်ပတ်မှုကိုအခြေခံထားတဲ့ အချိန်ကို Coordinated Universal Time (UTC) လို့ခေါ်ပါတယ်။
UTC ဟာ TAI ကနေ သတ်မှတ် ထားတဲ့အချိန်ဖြစ်ပြီး သုည လောင်ဂျီကျုမှာ ရှိတဲ့အချိန် UT1 နှင့် ၀.၉ စက္ကန့်လောက်ပဲ ကွာ အောင် Leap seconds များ ထပ်ပေါင်းပေးထားရတဲ့ အချိန် ဖြစ်ပါတယ်။
အခုတော့ ကမ္ဘာပေါ်တွင် ၎င်း၏ အမျိုးအစားထဲမှာ ပထမဆုံးအနေဖြင့် ဗြိတိန် တော်ဝင်ရေတပ်၏ လေယာဉ်တင် သင်္ဘော HMS Prince of Wales မှာ atomic clock ကို တပ်ဆင်တော့မှာ ဖြစ်ပါတယ်။

ဒီ atomic နာရီဟာ သင်္ဘော၏ သွားရာ နေရာကို တိကျစွာ သိရှိနိုင်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
HMS Prince of Wales ဟာ အရှည် ၂၈၀ မီတာ (၉၁၈ ပေ) ရှိပြီး ဗြိတိန်၏ အဆင့်အမြင့်ဆုံးသော နည်းပညာများဖြင့် ထည့် သွင်းတည်ဆောက်ထားတဲ့ လေယာဉ်တင် သင်္ဘောတစင်း ဖြစ်ပါတယ်။
ဗြိတိန်ရေတပ်ဟာ ဒီလို atomic နာရီကို တပ်ဆင်နိုင်ဖို့ BP နှင့်အတူ Teledyne e2v ကုမ္ပဏီတို့နှင့် အနီးကပ် လုပ်ဆောင်နေခဲ့တာပါ။
ကွန်ပျူတာ တလုံး သာသာလောက်သာ ရှိမည့် အဆိုပါ atomic နာရီဟာ တိကျမှု မြင့်မားတဲ့ time signal ကို ထုတ်ပေးမှာ ဖြစ်ပြီး လေယာဉ်တင် သင်္ဘော၏ သမားရိုးကျ GPS များ အလုပ်မလုပ်နိုင်သည့် ရှုပ်ထွေးသည့် တိုက်ခိုက်ရေး စနစ်များကို ကိုင်တွယ်နိုင်မှာပါ။
တော်ဝင်ရေတပ်၏ အဆိုအရ time signal ဟာ စစ်သင်္ဘောများအတွက် အသက်တမျှ အရေးကြီးပြီး တိကျသော အချက် အလက်များ ရှိခြင်းကြောင့် သင်္ဘောဟာ ပင်လယ်ပြင်မှာ စစ်ဆင်ရေး လုပ်ဆောင်နေစဉ် ဘေးကင်းမှု ရှိစေရန် ကူညီပေးနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် GPS ကဲ့သို့ စနစ်တခုထဲကိုသာ အားကိုးခြင်းဟာ GPS တခုခု ဖြစ်သွားပါက သို့မဟုတ် signal မရရှိပါက ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။
ဒါ့ကြောင့် ကွမ်တမ် နည်းပညာသုံး atomic clock များကို အသုံးပြုခြင်းဟာ စိတ်ချရတဲ့ အရန်စနစ် တခု အဖြစ်ပါ လုပ်ဆောင်နိုင်မှာပါ။
ယခုကဲ့သို့ နည်းပညာကို သင်္ဘောတစီးပေါ်မှာ အသုံးပြုခြင်းဟာ ကမ္ဘာပေါ်မှာ ပထမဆုံး အကြိမ် အသုံးပြုခြင်း ဖြစ်ပါတယ်။
စနစ်ဟာ အခြားသော time-signal ထုတ်ပေးသည့် စက်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ အရွယ်အစား သေးငယ်ပါတယ်။
တကယ်လို့ အဆင်ပြေ ချော့မွေ့ပါက အခြား ရေယာဉ်စုများရှိ သင်္ဘောများနှင့် တော်ဝင်မရင်း ကွန်မန်ဒို တပ်ဖွဲ့များ သယ် ဆောင်သည့် ယာဉ်များတွင် အသုံးပြုဖို့ အလားအလာ ရှိနေပါတယ်။

HMS Prince of Wales ဟာ ဗြိတိန်၏ Queen Elizabeth အတန်းအစား လေယာဉ်တင် သင်္ဘော ၂ စီးထဲမှ တစီးဖြစ်ပြီး တပ်သား ၇၀၀ မှ ၁,၆၀၀ လောက်အထိ တင်ဆောင်စစ်ဆင် နိုင်ပါတယ်။
အရှည် မီတာ ၁၈၀ ရှိပြီး မီတာ ၇၀ ကျယ်တဲ့ လေယာဉ် ပြေးလမ်းဟာ ဘောလုံးကွင်း ၃ ကွင်းစာလောက် ကျယ်ဝန်းပါတယ်။
၎င်းဟာ ရဟတ်ယာဉ် အစီး ၄၀ လောက် သို့မဟုတ် F-35B အမျိုးအစား ၂၄ စင်း လောက် အထိ တင်ဆောင်နိုင်ကာ ၄၅ ရက်စာ ရိက္ခာတင်ဆောင်ပြီး ကာလ ကြာရှည်စွာ ပင်လယ်ပြင်တွင် သွားလာနိုင်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။