မသိရသေးသော နည်းပညာများကို စမ်းသပ်ခဲ့ဖွယ်ရှိသည့် ရေဒါပျောက်လေယာဉ် တမျိုး အကြောင်း

Article Military

၁၉၉၀ အစောပိုင်းနှစ်များမှာ ရေဒါပျောက်နည်းပညာဟာ အရှိန်ယူဆဲ အချိန်သာ ဖြစ်ပါတယ်။ အမေရိကန်တို့ဟာ B-2 Spirit ရေဒါပျောက် ဗုံးကြဲလေယာဉ်ကို တီထွင်ခဲ့ပေမယ့် လုပ်စရာတွေက ကျန်ပါသေးတယ်။

ထို့ကြောင့် အမေရိကန်၏ အကောင်းဆုံး ကာကွယ်ရေး လေယာဉ်များ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ ဘိုးအင်း Boeing ဟာ ဆက်လက်ပြီး ရေဒါပျောက်လေယာဉ်တွေအတွက် သုတေသနများ ပြုလုပ်ခဲ့ပါတယ်။

ကုမ္ပဏီရဲ့ Phantom Works လို့ခေါ်တဲ့ ဌာနခွဲဟာ ဘိုးအင်း၏ ခေတ်ရှေ့အရောက်ဆုံး အနာဂါတ် လေယာဉ်ဖြစ်တဲ့ တယောက်မောင်း ရေဒါပျောက်တိုက်လေယာဉ် Bird of Prey ကို ဖန်တီးခဲ့ ပါတယ်။

ဘိုးအင်းရဲ့ Bird of Prey ဟာ F-22 Raptor နှင့် အနည်းငယ် ဆင်တူပြီး သိပ္ပံ ဝတ္ထုများမှာ အာကာသ တိုက်လေယာဉ် ပုံစံမျိုး ဖြစ်ပါတယ်။

၎င်း၏ အသေးစိတ် နည်းပညာများကို အများကြီး မသိရပေမယ့် စမ်းသပ်ပျံသန်းပြီး ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဒီ စမ်းသပ် ဂျက်တိုက်လေ ယာဉ်၏ ရည်ရွယ်ချက် အစစ်မှန်ကိုလည်း လူတွေ သိပ်မသိကြပါဘူး။

ဒီ တိုက်လေယာဉ်ကို UFO (Unidentified Flying Object) အမျိုးအမည်မသိ ယာဉ်ပျံတွေ တွေ့လေ့ရှိတယ်လို့ နာမည်ကြီးတဲ့Area 51 မှာ Phantom Works ဌာနခွဲက တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။

တိုက်လေယာဉ်ဟာ ခေတ်ရှေ့ပြေးတဲ့ အနာဂါတ် ဒီဇိုင်ပုံစံရှိပေမယ့် ဒီ စီမံကိန်းဟာ ကုန်ကျစရိတ်တော့ အတော်လေး သက်သာခဲ့တယ်လို့ သိရပါတယ်။

တန်ဖိုး အမေရိကန်ဒေါ်လာ ၆၇ သန်းသာရှိတဲ့ Bird of Prey ကို ကာကွယ်ရေး ကန်ထရိုက်တာအတွက် “တန်ဖိုးနည်း” စီမံကိန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

Bird of Prey အကြောင်း သိကြတဲ့ အချက်မှာ ၎င်းဟာ တွေ့မြင် နိုင်စွမ်းနိမ့် နည်းပညာများနှင့် လေယာဉ် ဒီဇိုင်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ခြေလှမ်းတလှမ်း ဖြစ်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

၎င်းမှ ရရှိသော နည်းပညာနှင့် ဒီဇိုင်း အစိတ်အပိုင်းအချို့ကို နောင်တွင် X-45 မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်တွင် ထည့်သွင်း တည် ဆောက်ခဲ့ပါတယ်။

X-45 စီမံကိန်းဟာ ရန်သူ့လေကြောင်း ကာကွယ်ရေးများကို မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်များဖြင့် တိုက်ခိုက်နိုင်ဖို့ ပထမဆုံး လိုအပ်သည့် နည်းပညာကို စမ်းသပ်မှု ဖြစ်ပါတယ်။

Bird of Prey ထုတ်လုပ်ခဲ့ခြင်းနှင့် ၎င်း၏ ဆက်စပ်နည်းပညာများကို ၁၉၉၂ ခုနှစ်မှာ ပထမဆုံး စတင်ခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ဟာ ၁၉၉၆ ခုနှစ်မှာ ပထမဆုံး ပျံသန်းခဲ့ပြီး ၎င်းဟာ စစ်ဘက်ဆိုင်ရာ စမ်းသပ်လေယာဉ် စစ်စစ် မဟုတ်တဲ့အတွက် စစ်တပ်သုံး လေယာဉ်အဖြစ် မထုတ်လုပ်ခဲ့ပဲ နောက်ပိုင်းမှာ ၎င်း၏ နည်းပညာများကို F-22 နှင့် F-35 များမှာ ထည့်သွင်းခဲ့ပါတယ်။

Bird of Prey နှင့်အတူ လေယာဉ်ပျံများအတွက် ကိုယ်ထည်အရောင် ပြောင်းလဲခြင်း၊ ပျံသန်းနေချိန်တွင် ပတ်ဝန်းကျင်အပေါ်မူတည်ပြီး အရောင်ပြောင်းခြင်း စတဲ့ ပုံဖျက် နည်းပညာများကိုပါ စမ်းသပ်ခဲ့ဖွယ် ရှိပါတယ်။

ဒီလေယာဉ်ဟာ မသိသေးသည့် နည်းပညာများ၊ အမျိုးအစားခွဲခြားနေဆဲ နည်းပညာများ ကို ကုန်ကျစရိတ်နည်းပါစွာဖြင့် ကွန်ပျူတာစနစ်မဟုတ်သည့် ထိန်းချုပ်မှုများ၊ သမားရိုးကျ လေယာဉ်အင်ဂျင်များ ဖြင့် စုပေါင်း စမ်းသပ်ရာ လေယာဉ်တစီးသဖွယ် ဖြစ်နေပါတယ်။

ခွဲခြားထားသည့် အနာဂါတ် နည်းပညာများမှလွဲပြီး အမေရိကန် လေတပ်အဆိုအရ အဆိုပါလေယာဉ်ကို လက်ရှိ အသုံးပြုနေတဲ့ နည်းပညာများ၏ စက်မှုစံနှုန်းများ အတွက် စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းတွင် အလျှားလိုက် tailplane နှင့် သမားရိုးကျ ဒေါင်လိုက်ပဲ့ များ မပါဝင်ဘူး။ ဒါတွေဟာ နောက်ပိုင်းမှာ ရေဒါပျောက် ဒရုန်း သုတေသနများမှာ အသုံးပြုခဲ့ပါတယ်။

ဘိုးအင်း၏ Phantom Works ဌာနဟာ Boeing X-51 Waverider ဟိုက်ပါဆိုးနစ် လေယာဉ်အပါအဝင် အမည်မပေးရသေးတဲ့ ဆဌမ မျိုးဆက် တိုက်လေယာဉ် အယူအဆဆိုင်ရာ ရှေ့ပြေးပုံစံတွေ ထုတ်လုပ်နေတဲ့ ဌာန တခု ဖြစ်ပါတယ်။

Bird of Prey ဟာ ၂၁ ရာစုမရောက်ခင်မှာ တရားဝင် စမ်းသပ်မှုတွေ ရပ်တန့်ခဲ့ပေမယ့် ဒီလေယာဉ်ဟာ ယနေ့ခေတ် လေယာဉ်တွေနှင့် ဆင်တူပါတယ်။

တရားဝင် စမ်းသပ်မှုတွေဖျက်သိမ်းပြီး ၎င်းတွင် တပ်ဆင်ထားတဲ့ မြေပြင်မှ အာရုံခံကိရိယာများကို ရှောင်ရှားနိုင်တဲ့ နည်းပညာတွေပါဝင်တဲ့ အရာတွေ အားလုံးကို ဖယ်ရှားလိုက်ပြီးနောက် ယခုအခါ အမေရိကန်လေတပ်၏ အမျိုးသားပြတိုက်မှာ အနားယူနေပြီပဲဖြစ်ပါတယ်။

လာရောက်လေ့လာသူများဟာ Bird of Prey လေယာဉ်ကို X-36 သရုပ်ပြလေယာဉ်နှင့် F-22 Raptor အနီးမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါကြောင်း ယနေ့ခေတ် ရေဒါပျောက် နည်းပညာများ၏ ဖခင် နှင့် မသိရသေးသော နည်းပညာ အသစ်အဆန်းများကို စမ်းသပ်ခဲ့သည့် လေယာဉ်တစီးအကြောင်းကို Knowledgeworms မှ ဖော်ပြလိုက်ရပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *