Ayam Cemani ကြက်မျိုးဟာ တကိုယ်လုံး နက်မှောင်နေသည့် ကြက်တမျိုး ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းများမှ ပေါ် ပေါက် လာခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကြက်များကို ဓလေ့ထုံးတမ်းများတွင် အသုံးပြုခဲ့ပြီး အထက်တန်းစား အိမ်မွေးတိရစ္ဆာန်များအဖြစ် ရာစုနှစ်ပေါင်းများစွာ ရှိခဲ့တာပါ။
ခန္ဓာကိုယ်ရှိ အမွှေး၊ နှုတ်သီး၊ နှလုံး၊ လျှာ၊ အမောက် နှင့် လက်သည်းများဟာ အနက်ရောင်ဖြစ်နေပြီး ဒီလောက်ပဲလို ထင်ရင်မှားသွားပါလိမ့်မယ်။
အဆိုပါ ကြက်များ၏ အရိုးများ၊ ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါများနှင့် ကြွက်သားများဟာလည်း အနက်ရောင်ဖြစ်နေတာ ဖြစ်ပါတယ်။
ဒီလို နက်မှောင်နေတဲ့ကြက်များတွင် ၎င်းတို့ ဥချလိုက်တဲ့ ဥများသာ အနက်ရောင် မဟုတ်တာဖြစ်ပါတယ်။
ဒါဆို ဒီလိုမျိုး တကောင်လုံး မဲနက်နေအောင် ဘယ်လို ဖြစ်လာသလဲဆိုတာ မေးခွန်းထုတ်စရာ ရှိမှာပါ။
Ayam Cemani ကြက်များဟာ ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး ဖြစ်တဲ့ မျိုးရိုးဗီဇမှ အရောင်တွေ ဖယ်ထုတ်ခြင်း ဖြစ်စဉ်တခုမှ ဖြစ်ပေါ်လာတာပါ။

Ayam Cemani Image: Courtesy of Wikimedia/Thomon CC BY 4.0
ဒါကို dermal hyperpigmentation သို့မဟုတ် fibromelanosis လို့ခေါ်ပါတယ်။
အခြားသော ကြက်မျိုးများ ဖြစ်သည့် ပြင်သစ်မှ La Fleche နှင့် ဗီယက်နမ်မှ H’Mong ကဲ့သို့ ကြက်မျိုးများမှာလည်း ယခုလို အခြေအနေများ ရှိပါတယ်။
ဒါပေမယ့် အဲဒီ့အထဲက မျိုးရိုးဗီဇ အချို့ကသာ Ayam Cemani ကြက်မျိုးများ ကဲ့သို့ ခန္ဓာကိုယ်အတွင်းရော အပြင်ပါ နက်မှောင် နေတာမျိုး ရှိကြတာပါ။
တချို့ ကြက်မျိုးများတွင်တော့ Ayam Cemani ကြက်မျိုးများ ကဲ့သို့ အများကြီး နီးစပ်လာတာတွေ ရှိပါတယ်။
ဥပမာအားဖြင့် တရုတ်နိုင်ငံမှ ရှေးကျသည့် မျိုးကွဲတမျိုးဖြစ်သည့် Silkie Bantam ၏ အနက်ရောင် မျိုးစိတ်ဟာ မည်းနက်သည့် အမွှေးများနှင့် ခဲပြာရောင် အသားများနှင့် အရိုးများ ပါရှိပါတယ်။
ဆွီဒင်နိုင်ငံမှ Svarthöna ကြက်မျိုးများဟာလည်း အလားတူပင် လုံးဝအမဲရောင် ရှိတတ်ပါတယ်။
၎င်းတို့ဟာ Ayam Cemani ကြက်မျိုးများနှင့် ကမ္ဘာကြီးရဲ့ မတူညီတဲ့ နေရာတွေမှာ ပေါက်ဖွားကြပေမယ့် တူညီတဲ့ မျိုးရိုး ဗီ ဇ ပြောင်းလဲမှုများ ရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
ထူးဆန်းတာကတော့ ဒီလို မျိုးရိုးဗီဇပြောင်းလဲမှုမျိုးဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ရှိခဲ့သည့် ကြက်တကောင်ထဲက ဖြစ်လာတယ်လို့ သုတေသီများက ယုံကြည်နေ ကြတာပါ။

Svarthöna Image: Courtesy of Wikimedia/Freyja Imsland CC BY 3.0
ဒီလိုကြက်မဲတွေရဲ့ မျိုးရိုးဗီဇဟာ ကမ္ဘာပေါ်မှာ ဘယ်လို ပျံ့နှံ့လာခဲ့သလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။
မှတ်မှတ်သားသား ကိစ္စကတော့ ကမ္ဘာကျော် မာကိုပိုလို၏ ခရီးသွားမှတ်တမ်းမှာ ၁၂၉၈ ခုနှစ်က အာရှကို ခရီးသွားစဉ်က အ ရိုးအမဲရောင်ရှိသည့် ကြက်များ အကြောင်းကို ရေးသားထားဖူးပါတယ်။
ဒါ့ကြောင့် ဒီကြက်မဲတွေဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာမှ ကြက်တကောင်မှ မျိုးရိုးဗီဇ ပြောင်းလဲပြီး ၎င်း၏ မျိုးဆက်များမှ ထပ်မံ ပေါက်ဖွားလာကာ ကုန်သွယ်မှု လမ်းကြောင်းများမှ တဆင့် ကမ္ဘာတဝှမ်းသို့ ရောက်ရှိ လာတာ ဖြစ်နိုင်ပါတယ်။
ကြက်မဲတွေလိုပဲ အမွှေးမပါတဲ့ ကြောင်တွေဖြစ်တဲ့ Sphynx ကြောင်များဟာလည်း မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ် လာတာဖြစ်ပါတယ်။
ဒီအကြောင်းကို “အမွှေးမပါတဲ့ Sphynx ကြောင်များ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 29/3/2022