Boeing ကုမ္ပဏီမှ SR-72 ကိုတောင် ယှဉ်ပြိုင်နိုင်ဖွယ်ရှိတဲ့ ဟိုက်ပါဆိုးနစ် လေယာဉ်သစ် ဒီဇိုင်းပြသ

Military Tech

အမေရိကန် ဘိုးအင်း Boeing ကုမ္ပဏီရဲ့ ဟိုက်ပါဆိုးနစ် လေယာဉ် အယူအဆ ဒီဇိုင်းသစ်ဟာ အသံထက် ၃ ဆ မြန်တဲ့ SR-71 Blackbird လေယာဉ် နေရာမှာ အစားထိုးနိုင်မယ့် လေယာဉ်တောင် ဖြစ်လာနိုင်ပါတယ်။

ဘိုးအင်း ကုမ္ပဏီ မှ ဖော်ပြလိုက်တဲ့ Delta ပုံစံ အတောင်ပံတပ် လေယာဉ် မော်ဒယ်၏ ကွန်ပျူတာနှင့် ပုံဖော်ထားသည့် အယူအဆ ဒီဇိုင်းကို ကို AIAA SciTech လေကြောင်း ဖိုရမ်မှာ ယခု အပတ်အတွင်းမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဘိုးအင်း၏ Valkyrie II အယူအဆ ဒီဇိုင်း

Aviation Week မှ သတင်းများအရ ဘိုးအင်းကုမ္ပဏီဟာ ယခု လေယာဉ်သစ်ကို Valkyrie II လို့ အမည်ပေးထားပြီး ၎င်းနဲ့ ပတ်သက်တဲ့ တရားဝင် အချက်အလက်တွေတော့ မဖော်ပြထားသေးပါဘူး။

Boeing ၏ ယခင် ၂၀၁၈ က အယူအဆ ဒီဇိုင်း Image: Courtesy of Boeing

လေယာဉ်ဟာ အယူအဆ ဒီဇိုင်း ကနဦး အဆင့်သာ ရှိသေးတဲ့အတွက် လက်ရှိသုံးသပ်ချက်များဟာ လေယာဉ်၏ မျက်မြင် ဒီဇိုင်းနှင့် အခြား သတင်း ရင်းမြစ်များမှ သတင်းများကို အခြေခံပြီး ခန့်မှန်းထားတာ ဖြစ်ပါတယ်။

တိုက်ခိုက်ရေး နှင့် ကင်းထောက် စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်တဲ့ ဒီလေယာဉ်ဟာ သီအိုရီအားဖြင့် အသံထက် ၅ ဆ ကျော်လောက်မှာ ပျံသန်းနိုင်ဖွယ် ရှိပါတယ်။

လေယာဉ်များဟာ အသံထက်မြန်သည့် အမြန်နှုန်းဖြင့် ပျံသန်းသည့် အခါ အသံ ကြားခံ အတားအဆီးကို ကျော်ဖြတ်လာသည့်အတွက် shock waves လို့ခေါ်သည့် လှိုင်းများ ထွက်ပေါ်လေ့ရှိပါတယ်။

Valkyrie II တွင် လေယာဉ်၏ ပင့်တင်အားကို တိုးလာစေရန် နှင့် လေ၏ နောက်သို့ တုန့်ပြန် တွန်းကန်မှုကို ‌လျော့ချစေရန် အတွက် ၎င်းမှ ထွက်လာသည့် shock wave များကို ပြန်လည် အသုံးပြုနိုင်သည့် “waverider” သို့မဟုတ် လှိုင်းစီးခြင်း လို့ခေါ်တဲ့ ဖွဲ့စည်းပုံစနစ် ပါရှိပါတယ်။

၁၉၉၈ ခုနှစ်ကတည်းက အနားပေးလိုက်ပြီ ဖြစ်တဲ့ SR-71 Blackbird ကမ္ဘာ့ အမြန်ဆုံး ထောက်လှမ်းရေး လေယာဉ်

ဒီလေယာဉ်ဟာ ဘိုးအင်း ကုမ္ပဏီရဲ့ ၂၀၁၈ ခုနှစ်က ဖော်ပြခဲ့တဲ့ လန်ဒန်မှ နယူးရော့ခ်ကို ၂ နာရီအတွင်း ပျံသန်းနိုင်မယ့် Valkyrie ဟိုက်ပါဆိုးနစ် ခရီးသည်တင်လေယာဉ် အယူအဆ ဒီဇိုင်းမှ ဆင့်ကဲပြောင်းလဲလာတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

ယခု ဒီဇိုင်းအသစ်ဟာ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်နေတဲ့ SR-71 ရဲ့ နောက်မျိုးဆက် SR-72 စီမံကိန်း နဲ့တောင် နှိုင်းယှဉ်လို့ ရပါတယ်။

ဟိုက်ပါဆိုးနစ် လေယာဉ်အတွက် Boeing နှင့် Lockheed Martin ဟာ လေယာဉ်ကို အသံထက် ၃ ဆ လောက်အမြန်ရောက်ဖို့ကို combined-cycle အင်ဂျင်ကို အသုံးပြုမှာ ဖြစ်ပြီး အဲဒီ့နောက်မှာတော့ ဟိုက်ပါဆိုးနစ် အမြန်နှုန်းကို ရောက်ရှိအောင် Ramjet အင်ဂျင် ၂ လုံးတွဲကို ဖွင့်ပြီး မောင်းနှင်နိုင်ဖို့ ဒီဇိုင်းဆွဲနေကြတာပါ။

Lockheed ဟာ ၎င်း၏ အင်ဂျင်သစ် ထုတ်လုပ်ဖို့အတွက် Aerojet Rocketdyne နှင့် ပူးပေါင်းထားပြီး Boeing ကတော့ Orbital ATK နှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိနေပါတယ်။

SR-72 ဒီဇိုင်း Image: Courtesy of Lockheed Martin

ဟိုက်ပါဆိုးနစ် ပြိုင်ပွဲ

Lockheed Martin ရဲ့ SR-72 သို့မဟုတ် “Son of Blackbird” ဟာ ၎င်း၏ ပထမဆုံး ပျံသန်းမှုကို ၂၀၂၅ ခုနှစ်မှာ စတင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

အမြန်နှုန်းအားဖြင့် အသံထက် ၆ ဆ သို့မဟုတ် တနာရီလျှင် ၄,၆၀၃ မိုင် (၇,၄၀၀ ကီလိုမီတာ) လောက် အထိ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိမှာတော့ ၁၉၉၈ ခုနှစ်မှာ အမေရိကန် လေတပ်က အနားပေးခဲ့တဲ့ SR-71 ဟာ လူမောင်းနှင်တဲ့ လေယာဉ်များထဲမှာ အမြန်ဆုံးလေယာဉ်အဖြစ် သမိုင်းဝင်ထားပါတယ်။

SR-72 နှင့် Boeing ၏ ဟိုက်ပါဆိုးနစ် အယူအဆ ဒီဇိုင်းသစ်ဖြစ်တဲ့ Valkyrie II တို့ဟာ လူမပါဝင်နိုင်မယ့် မောင်းသူမဲ့ လေယာဉ်တွေ ဖြစ်ဖို့များပါတယ်။

တရုတ်ရဲ့ ဟိုက်ပါဆိုးနစ် လက်နက် စွမ်းဆောင်ရည်ဟာ များစွာ တိုးတက်လာခဲ့ပြီး မကြာသေးမီက ၎င်းတို့ ပစ်လွှတ်လိုက်တဲ့ လက်နက်ကြောင့် အမေရိကန်တို့ကို အံ့အားသင့်စေခဲ့ပါတယ်။

Quarterhorse Prototype Image: Courtesy of Hermeus

ဒါပေမယ့် ဟိုက်ပါဆိုးနစ် လေယာဉ်များ နှင့် ပတ်သက်လို့တော့ အမေရိကန်ဟာ စီမံကိန်း တခု မကရှိနေပြီး Hermeus ကုမ္ပဏီဟာ မကြာသေးမီက ၎င်း၏ ရှေ့ပြေးပုံစံကို ပြသနိုင်ခဲ့ပါတယ်။

ဒီအကြောင်းကို “အသံထက် ၅ ဆ အမြန်နှုန်း အထိ ပျံသန်းနိုင်မည့် လေယာဉ် အမေရိကန်က ပြသလိုက်တဲ့ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဟိုက်ပါဆိုးနစ် လေယာဉ် စီမံကိန်း အများအပြားမှာ ဘယ်စီမံကိန်းတွေက အောင်မြင်ပြီး အကောင်အထည်ဖော်နိုင်မလဲ ဆိုတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.