မိုးပေါက်ဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ လိပ်ပြာများ၏ အတောင်ပံ တည်ဆောက်မှု အကြောင်း

Article Nature

လူအားလုံး နီးပါးက အနှောက် အယှက် ဖြစ်စေတဲ့ ယင်ကောင်​တွေ၊ ပိုးဟပ်​တွေနှင့် အခြား အနှောင့် အယှက်ပေးတဲ့ အင်း ဆက် ​တွေကို မကြိုက်ကြပါဘူး။

သို့သော် လိပ်ပြာလေးတွေကတော့ အမျိုးမျိုးသော အရောင်အသွေးနှင့် ပုံစံတူ အတောင်ပံများ ပါရှိတာကြောင့် အချို့သောသူတွေက ၎င်းတို့ကို စုဆောင်းတတ်ကြပါတယ်။

ယနေ့ခေတ်တွင် အဆိုပါ Lepidoptera မျိုးစိတ်ပေါင်း နှစ်သိန်းကျော်ရှိပြီး ၎င်းတို့ဟာ သိပ္ပံသုတေသနအတွက် စိတ်ဝင်စားဖွယ်အရာများအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုရဲ့ တိုက်ခတ်မှု အောက်မှာ ကျိုးလွယ်တဲ့ လိပ်ပြာတွေရဲ့ အတောင်ပံတွေ ဘာကြောင့် မပျက်စီး သ လဲ ဆိုတာကို တွေးဖူးကြမှာပါ။

ဒါဟာ အမြင့်တစ်ခုကနေ လူတစ်ဦးပေါ်သို့ ဘိုးလင်း ဘောလုံးကို ပြုတ်ကျစေခြင်း ကဲ့သို့သော တိုက်ခိုက်မှုမျိုးဖြစ်တယ်ဟု သိပ္ပံပညာရှင်များက ဆိုပါတယ်။

သုတေသီများက မိုးရေစက်များရဲ့ အကျိုးသက်ရောက်မှုကို သိရှိသော်လည်း အင်းဆက် ပိုးမွှား အတောင်ပံများ မည်ကဲ့သို့ ရပ်တည်နေကြသလဲဆိုတာကို မကြာသေးမီက အ​ဖြေထုတ် ဖြေရှင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။

လိပ်ပြာများရဲ့ အတောင်ပံများ

သိပ္ပံပညာရှင်များရဲ့ အဆိုအရ မိုးရေစက်များရဲ့ အရှိန်ဟာ အလွန်မြင့်မားပြီး အချင်း ၅ မီလီမီတာရှိသော ရေမှုန်များဟာ တစ်စက္ကန့်လျှင် ၁၀ မီတာအထိ အရှိန်မြှင့်နိုင်တယ်ဟု ဆိုပါတယ်။

မိုးရေစက်များရဲ့ အလေးချိန်က အလွန် အရေးပါ ပါတယ်။ ကျိုးလွယ်သော အတောင်ပံများပေါ် ကျလာသည့် မိုးရေစက်များက ရူပဗေဒ သဘောအရ အင်းဆက်များကို ပျက်စီးစေနိုင်တဲ့ အစွမ်း ရှိပေမယ့် လုံးဝမဖြစ်လာနိုင်ပါဘူး။

လိပ်ပြာ အတောင်ပံများရဲ့ ဖွဲ့စည်းပုံတွင် တည်ရှိတဲ့ လျှို့ဝှက်ချက် သဘာဝက လိပ်ပြာ ကိုယ်ခန္ဓာရဲ့ အရေးကြီးဆုံး အစိတ် အပိုင်း အချို့ကို ပြင်ပလွှမ်းမိုးမှုမှ ကာကွယ်ပေးပါတယ်။

အဓိက အကြောင်းကတော့ Lepidoptera အင်းဆက်တွေရဲ့ အတောင်ပံတွေဟာ အကြေးခွံတွေနဲ့ ဖုံးအုပ်ထားတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ ငယ်စဉ်ကလေးဘဝတုန်းက လိပ်ပြာကိုဖမ်းမိပြီး ၎င်းတို့ရဲ့အတောင်ပံများကို လက်ချောင်းများကိုင်လိုက်ရင် အမှုန်အမွှား အကြွင်းအကျန်များ ကျန်ရှိနေသေးတာကို သတိပြုမိကြမှာပါ။

လူအချို့က ဒါကို ဝတ်မှုန်ဖြစ်တယ်ဟု ထင်ကြသော်လည်း အမှန်တကယ်တော့ ၎င်းက လိပ်ပြာရဲ့ဘဝတွင် အရေးပါသော၊ အဆုံးအဖြတ် ပေးလုနီးပါးရှိတဲ့ အကြေးခွံများဖြစ်ပါတယ်။

အဏုကြည့် မှန်ပြောင်းအောက်ရှိ လိပ်ပြာ တောင်ပံတွေဟာ အကြေးခွံများနှင့်တူတဲ့အကြောင်း

လိပ်ပြာများရဲ့အတောင်များကို အကြေးခွံများဖြင့် အများဆုံး ဖုံးအုပ်ထားတာကြောင့် ​ရေကို သဘာဝ အတိုင်း ကာကွယ်ပေးပါတယ်။

ဒီအကြေးခွံများဟာ လိပ်ပြာများရဲ့ အတောင်ပံများပေါ်တွင် လှပသော ပုံစံများဖြင့် ဖွဲ့စည်းကြပြီး၊ ၎င်းတို့ရဲ့ ခန္ဓာကိုယ် အပူ ချိန် ကို ထိန်းညှိပေးသည့်အပြင် ၎င်းတို့အပေါ်မှ ရေကျခြင်းကို တွန်းလှန်ပေးပါတယ်။

ဒီလျှို့ဝှက်ချက်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းက လိပ်ပြာများရဲ့ အတောင်ပံများကို အန္တရာယ်မဖြစ်စေနိုင်တာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး သိပ္ပံပညာရှင်တွေက အကြေးခွံများဟာ ရေအပေါ် မည်ကဲ့သို့အကျိုးသက်ရောက်ပြီး မည်မျှထိရောက်မှုရှိသလဲဆိုတာ လေ့လာခဲ့ကြပါတယ်။

ဒါတွေအားလုံးကို လေ့လာဖို့အတွက် ပရော်ဖက်ဆာ ဆွန်ဟိုကင် (Seungho Kim) ရဲ့ ဦးဆောင်မှုအောက်မှာ ဇီဝဗေဒ ပညာ ရှင် တစုက စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

၎င်းတို့ဟာ အရွက်များ၊ အမွှေးများနှင့် လိပ်ပြာ အတောင်ပံများကို ယှဥ်တွဲ လေ့လာခဲ့ကြပြီး ပထမဆုံး အရာနှစ်ခုမှာ ရေ စက်များ ပျက်စီးခြင်းနှင့် ပတ်သက်ပြီး သိသာမှုရှိသော်လည်း အကြေးခွံများရဲ့ထိရောက်မှုကိုတော့ မြင်တွေ့ခဲ့ရပါတယ်။

ဒီအတွက် သိပ္ပံပညာရှင်တွေက နှစ်မီတာအမြင့်ကနေ ရေစက်တွေချပြီး အရာအားလုံးကို ကင်မရာတွင် မှတ်တမ်းတင် ထားခဲ့ကြပါတယ်။

မှတ်တမ်းမှာ တွေ့ရတာက ရေတစ်စက်က အမှုန်အမွှားတွေကို ထိမှန်ပြီး သေးငယ်တဲ့ အစိတ်အပိုင်းများစွာကို ကွဲသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

စမ်းသပ်မှုအပြီးတွင် သိပ္ပံပညာရှင်များက လိပ်ပြာများအကြောင်း နောက်ထပ် စိတ်ဝင်စားစရာကောင်းသည့်အချက်တွေ ရှိနေသေးကြောင်း ပြောဆိုခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ် မတ်လတုန်းကလည်း နေရောင်ခြည်ရဲ့ 99% ကို စုပ်ယူနိုင်သော လိပ်ပြာအချို့ရဲ့ အတောင်ပံများ အကြောင်း နှင့် ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ် ထုတ်ဝေခဲ့ပါသေးတယ်။

သုတေသီများရဲ့ အဆိုအရ အတောင်ပံများရှိ နက်မှောင်သော နေရာများဟာ လိပ်ပြာအထီးများအတွက် လိပ်ပြာ အမတွေကို ဆွဲဆောင်ဖို့ ကူညီပေးတယ်ဟု ဆိုပါတယ်။

အနက်ရောင် အစိတ်အပိုင်းများဟာ အင်းဆက် ပိုးမွှားများရဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိဖို့ ကူညီပေးတယ်ဟု ထင်ကြေး ပေးမှုများကိုလည်း တွေ့ခဲ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.