ကမ္ဘောဒီးယားတွင် ရေတပ် အခြေစိုက်စခန်း လျှို့ဝှက်စွာ တည်ဆောက်နေတဲ့ တရုတ်နိုင်ငံ

Article Military

တရုတ်ဟာ နိုင်ငံရပ်ခြားသို့ ၎င်း၏ ရေတပ်အား ပိုမို ခြေဆန့်နိုင်စေရန် ကမ္ဘောဒီးယား နိုင်ငံအတွင်းမှာ ရေတပ်အခြေစိုက် စခန်းတခု လျှို့ဝှက်စွာ တည်ဆောက်နေတယ်လို့ ဝါရှင်တန်ပို့စ် သတင်းမှာ ဖော်ပြခဲ့ပါတယ်။

တရုတ်ရေတပ်ဟာ စစ်သင်္ဘော စုစုပေါင်း ၃၅၀ ကျော်နှင့် ကမ္ဘာ့ အကြီးဆုံး ရေတပ်ကို ပိုင်ဆိုင် ထားတဲ့ နိုင်ငံပါ။

အမေရိကန်၏ ၂၉၆ စင်းသာရှိသည့် စစ်သင်္ဘော၊ ရေငုပ်သင်္ဘော စုစုပေါင်း နှင့်စာလျှင် အတော်လေး များနေပေမယ့် စွမ်းဆောင်ရည်ကတော့ အမေရိကန်နောက်တွင် များစွာ ကျန်နေပါသေးတယ်။

လက်ရှိ တရုတ်နိုင်ငံဟာ နိုင်ငံရပ်ခြားတွင် ရေတပ် အခြေစိုက်စခန်း တခုသာ ရှိပြီး အရှေ့အာဖရိကရှိ Djibouti တွင် တည်ရှိပါတယ်။

တရုတ်ရေကြောင်းလေ့လာရေး အင်စတီကျုမှ သုတေသန ညွှန်ကြားရေးမှုး Andrew Erickson ကတော့ ကိန်းဂဏန်းတွေက အထင်ကြီးလောက်စရာ ဖြစ်ပေမယ့် ခိုင်မာတဲ့ နိုင်ငံရပ်ခြား အဆောက်အဦးတွေ ချိတ်ဆက်မှု မရှိရင် ထို သင်္ဘောတွေကို အသုံးပြုနိုင်စွမ်းက နိုင်ငံနှင့် ဝေးလေလေ ကျဆင်းလေလေပါပဲ လို့ ပြောပါတယ်။

ကမ္ဘောဒီးယားရှိ စီမံကိန်းဟာ တရုတ်နိုင်ငံအား အရှေ့တောင် အာရှတွင် ခြေကုပ်ယူနိုင်ပြီး တောင်တရုတ်ပင်လယ် အနောက်ဘက်ဒေသတွင် နေရာရစေနိုင်မှာပါ။

ဒါဟာ ဘေဂျင်းရဲ့ ကမ္ဘာ တဝှမ်း ၎င်း၏ စစ်တပ် ဩဇာ လွှမ်းမိုးမှုကို တိုးမြှင့် နိုင်စေရန် လုပ်ဆောင်နေသည့် ရည်ရွယ်ချက်၏ တစိတ်တပိုင်း ဖြစ် ကြောင်း အနောက်နိုင်ငံများမှ အရာရှိများက ဆိုပါတယ်။

တရုတ်၏ ရေတပ်အခြေစိုက်စခန်းကို ကမ္ဘောဒီးယားနိုင်ငံ Ream ရေတပ် အခြေစိုက် စခန်း၏ မြောက်ဘက်ခြမ်းတွင် တည် ဆောက်မှာ ဖြစ်ပြီး အုတ်မြစ်ချသည့် အခမ်းအနားကို မကြာခင် ရက်ပိုင်းအတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။

Wall Street ဂျာနယ်မှ ၂၀၁၉ ခုနှစ် အတွင်းက တရုတ်ဟာ ကမ္ဘောဒီးယားနိုင်ငံနှင့် ၎င်း၏ တပ်ဖွဲ့များ အခြေစိုက်ရန်နှင့် လက် နက်များ ထားရှိရန် လျှို့ဝှက်သဘောတူ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် က ငြင်းဆိုခဲ့ပါတယ်။

ယခုတော့ ဒီလို ငြင်းဆိုခဲ့တာဟာ ဖုံးကွယ် ခဲ့တယ်ဆိုတာ အတော်လေးကို ထင်ရှားလာပါတယ်။

Ream ရေတပ် အခြေစိုက် စခန်းတွင် တရုတ်၏ ပါဝင် ပတ်သက်နေမှုကို ထောက်ပြရပါက ယမန်နှစ်က အခြေစိုက် စခန်းမှ အမေရိကန် အထောက်အပံ့နှင့် တည်ဆောက်ထားသည့် အဆောက်အဦးများကို ဖြိုချပြီး အဆောက်အဦး ၂ ခုကို အလျှင်အမြန် ဆောက်လုပ်ခဲ့ပါတယ်။

ဒါဟာ ကမ္ဘောဒီးယား အနေဖြင့် အမေရိကန် အစား တရုတ်ထံမှ ရန်ပုံငွေများ ရှာဖွေ နေတာကို ထင်သာ မြင်သာ ရှိစေပါတယ်။

ကမ္ဘောဒီးယား ထိပ်တန်း‌ ရေတပ်အရာရှိ တဦးကတော့ အဆိုပါ အခြေစိုက်စခန်းကို တရုတ်က တည်ဆောက်ဖို့ ကူညီနေခြင်းသာ ဖြစ်ပြီး တရုတ်အသုံးပြုဖို့ ရည်ရွယ်ထားတာ မဟုတ်ကြောင်း Nikkei သတင်းဌာနကို ပြောခဲ့ပါတယ်။

ဒီလိုမျိုးတွေ ပြောကြားခဲ့ပေမယ့် တရုတ်ဘက်က အရာရှိများကတော့ အနည်းဆုံး အခြေစိုက်စခန်း၏ အပိုင်းတပိုင်းကို စစ်တပ်က အသုံးပြုမယ်လို့ အတည်ပြုခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းက ဖော်ပြခဲ့ပါတယ်။

ကမ္ဘောဒီးယား တာဝန်ရှိသူများကတော့ ထို အခြေစိုက်စခန်းဟာ တရုတ်နိုင်ငံ သီးသန့်အသုံးပြုမှု မဟုတ်ဘဲ သိပ္ပံပညာရှင်များကိုသာ လက်ခံမှာ ဖြစ်ကြောင်း အခိုင်အမာ ပြောခဲ့ပါတယ်။

တရုတ်နှင့် ကမ္ဘောဒီးယားတို့ဟာ Ream အခြေစိုက်စခန်းတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ဖုံးကွယ်ဖို့ အတွက် သိသိ သာ သာ လုပ်ဆောင်နေပါတယ်။

နိုင်ငံခြားမှ ကိုယ်စားလှယ်အဖွဲ့များ အခြေစိုက်စခန်းသို့ လာရောက်သည့် အခါတိုင်း တရုတ်ဝန်ထမ်းများအား ၎င်းတို့၏ ယူ နီဖောင်းများ ချွတ်ရန် သို့မဟုတ် ကမ္ဘောဒီးယား စစ်ဝတ်စုံနှင့် ဆင်တူသည့် ဝတ်စုံများ ဝတ်ရန် ညွှန်ကြားခံခဲ့ရကြောင်း သိရပါတယ်။

အထူးသဖြင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Wendy Sherman မှ Ream ရေတပ် အခြေစိုက်စခန်းသို့ သွားရောက် လည်ပတ်ရာတွင် သူမအား ကြိုတင်ခွင့်ပြုထားသော နေရာအများအပြားကို အကန့်အသတ်ဖြင့်သာ ဝင်ရောက်ခွင့် ပြုခဲ့ပါတယ်။

Ream ရေတပ် အခြေစိုက် စခန်းဟာ တရုတ်၏ စစ်အင်အားတွေ ထားရှိဖို့ အတွက် ကြိုးပမ်းနေသည့် တခု ထဲသော နေရာတော့ မဟုတ်ပါဘူး။

၂၀၂၁ ခုနှစ် နိုဝင်ဘာလလောက်က UAE နိုင်ငံ အဘူဒါဘီအနီးရှိ ဆိပ်ကမ်းတခုတွင် စစ်ဘက်ဆိုင်ရာ အခြေစိုက် စခန်းတခု တည်ဆောက်ဖို့ တရုတ်နှင့် လျှို့ဝှက်သဘော တူညီမှုတခု ရရှိခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

အဆိုပါ စီမံကိန်းကို အမေရိကန်က စိစစ်မှု အပြီးမှာတော့ အဆိုပါ အဆောက်အဦး၏ လက်ရှိ အခြေအနေမှာ ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း ဝါရှင်တန်ပို့စ် သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *