အင်္ဂါဂြိုဟ်ပေါ်ရှိ သက်ရှိများ ရှိနိုင်သည့် အထောက် အထား အသစ်နှင့် အနာဂါတ် လုပ်ငန်းစဉ်များ

News Science

NASA မှ အင်္ဂါဂြိုဟ်ပေါ်သို့ စေလွှတ်ထားတဲ့ Curiosity Rover ဟာ ရှေးခေတ် အင်္ဂါဂြိုဟ် သက်ရှိများ၏ လက္ခဏာများဖြစ်တဲ့ အံ့ဩဖွယ်ရာကောင်းတဲ့ အော်ဂဲနစ် ဒြပ်ပေါင်း အချို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Curiosity ဂြိုဟ်သွားယာဉ်မှ စုဆောင်း ရရှိခဲ့သော နှစ်များအတွင်း အချို့သော ကျောက်မှုန့် နမူနာများဟာ ကမ္ဘာပေါ်ရှိ သက်ရှိများ နှင့် ဆက်နွယ်နေသည့် ကာဗွန်အမျိုးစား ကြွယ်ဝသည့် အော်ဂဲနစ်များ ပါဝင်ကြောင်း သုတေသီများက လေ့လာမှု အသစ်တွင် ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ကမ္ဘာနှင့် အင်္ဂါဂြိုဟ်ဟာ အလွန်ကွာခြားတဲ့အတွက် အဆိုပါ ဆန်းကြယ်သည့် ဓာတုပစ္စည်းများနှင့် ပတ်သက်လို့ ဖြစ်ပေါ်စေသည့် အရာများကို ပြောပြရန် အချိန်စောလွန်းနေသေးကြောင်း အလေးပေး ဖော်ပြခဲ့ပါတယ်။

ဆယ်စုနှစ် တခုနီးပါး နမူနာ ခွဲခြမ်းစိတ်ဖြာ လေ့လာမှု

Curiosity ဟာ ၉၆ မိုင်လောက် ကျယ်တဲ့ အဏုဇီဝ သက်ရှိများ ကို ထောက်ပံ့နိုင်ဖွယ်ရှိသည့် Gale ချိုင့်ဝှမ်းကြီးထဲသို့ ၂၀၁၂ ခုနှစ် ဩဂုတ် လ က ရောက်ရှိခဲ့ပါတယ်။

Curiosity ဂြိုဟ်သွားယာဉ်

အချိန်တို အတွင်းမှာပဲ Gale ချိုင့်ဝှမ်းအတွင်း နှစ် သန်းထောင်ပေါင်းများစွာက သက်ရှိများ ရှင်သန်ခဲ့နိုင်သည့် အလားအလာများကို တွေ့ရှိခဲ့ရပြီး ရေကန်များနှင့် စမ်းချောင်းများဟာ နှစ် သန်းပေါင်းများစွာ တည်တံ့ခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ဂြိုဟ်သွားယာဉ်မှ စုဆောင်းခဲ့သည့် ကျောက်မှုန့်ပေါင်းဟာ ၂ ဒါဇင်ခန့်ရှိပြီး ၂၀၁၂ ခုနှစ် ဩဂုတ်လမှ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းမှာ နေရာအမျိုးမျိုးမှ တူးဆွ ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ ကျောက်မှုန့်တွေကို Curiosity ဂြိုဟ်သွားယာဉ်၏ Sample Analysis at Mars (SAM) လို့ခေါ်တဲ့ အော်ဂဲနစ်များကို ခွဲခြားနိုင်သည့် စနစ်အတွင်းသို့ ထည့်သွင်းကြည့်ရှုရာ ကမ္ဘာပေါ်ရှိ သက်ရှိများတွင် တွေ့ရတဲ့ ကာဗွန် မော်လီကျူးတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်များဟာ ကျောက်မှုန့် နမူနာများထဲက တဝက်လောက်တွင် နျူထရွန် ၆ လုံးပါ ကာဗွန်-၁၂ များ ကြွယ်ဝစွာ ပါရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီနမူနာများကို Gale ချိုင့်ဝှမ်းကြီး အတွင်းရှိ နေရာ ၅ နေရာမှ ရရှိခဲ့တာ ဖြစ်ပြီး အဲဒီ့နေရာတွေ အားလုံးမှာ ရှေးခေတ်ကတည်းက တည်ရှိခဲ့ပြီး ခေတ်အဆက်ဆက် ထိန်းသိမ်းလာခဲ့တဲ့ မျက်နှာပြင်နေရာများ ရှိပါတယ်။

Image: Courtesy of NASA

ကမ္ဘာပေါ်ရှိ ဇီဝ ဖြစ်စဉ်များ အတွက် ကာဗွန် ၁၂ ကို ဦးစားပေး အသုံးပြုပြီး ရှေးခေတ် ကျောက်နမူနာ များမှာ ယခုလို အိုင်ဆိုတုပ် များ ကြွယ်ဝနေတာဟာ ဇီဝဓာတုဗေဒဆိုင်ရာ အချက်ပြမှု တခုဖြစ်တယ်လို့ အများက သတ်မှတ်ကြပါတယ်။

ဒီလို ယူဆမှုမျိုးကို ခိုင်ခိုင်မာမာ ရှိဖို့ကတော့ အင်္ဂါဂြိုဟ်ပေါ်ရှိ ကာဗွန် စက်ဝန်း အကြောင်းကို လေ့လာမှု ပြုလုပ်သည့် အဖွဲ့များက ပြည့်ပြည့်ဝဝ နားမလည်ကြသေးပါဘူး။

၎င်းတို့၏ ရှင်းလင်းချက်အရ ပထမ အနေဖြင့် အင်္ဂါဂြိုဟ်ရှိ အဏုဇီဝ သက်ရှိများဟာ မီသိန်းဓာတ်ငွေ့ကို ထုတ်လွှတ်ပြီး ခရမ်းလွန် ရောင် ခြည်နှင့် ထိတွေ့သည့်အခါ ပိုမို ရှုပ်ထွေးသည့် အော်ဂဲနစ် မော်လီကျူးများအဖြစ် ပြောင်းလဲသွားကာ ပိုကြီးတဲ့ အော်ဂဲနစ်များဟာ မြေပေါ်သို့ ကျလာပြီး Curiosity နမူနာယူထားသည့် ကျောက်တုံးများထဲသို့ ရောက်တာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

သို့ပေမယ့် ဒုတိယ ယူဆချက်အားဖြင့် အဲဒီလိုမဟုတ်ဘဲ ဇီဝမဟုတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ခရမ်းလွန်ရောင်ခြည် ဓာတ်ပြုပါကလည်း အလားတူ ရလဒ်မျိုးကို ထုတ်ပေးနိုင်ပြန်ပါတယ်။

တတိယတခုကတော့ သုတေသီများအဆိုအရ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက နေအဖွဲ့အစည်းအတွင်းမှာ ကာဗွန် ၁၂ ကြွယ်ဝတဲ့ မော်လီ ကျူး တိမ်တိုက်ကြီး တခု ဖြတ်သန်းသွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင် ပြန်ပါတယ်။

အထက်ပါ သုံးမျိုးလုံးဟာ အချက်အလက်များနှင့် ကိုက်ညီပြီး ဒါကို သေချာ သိနိုင်ဖို့ အချက်အလက်တွေ ပိုပြီး လိုအပ်တယ်လို့ လေ့လာသည့် အဖွဲ့ခေါင်းဆောင် Penn State တက္ကသိုလ် အခြေစိုက် Curiosity သိပ္ပံပညာရှင် Christopher House က ဆိုပါတယ်။

Perseverance ဂြိုဟ်သွားယာဉ် Image: Courtesy of NASA/JPL-Caltech

အချက်အလက်များ ပိုလိုအပ်

ယခု အသစ်တွေ့ရှိမှုဟာ ကာဗွန် ၁၂ များ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် စိတ်ဝင်စားစရာ အလွန်ကောင်းပေမယ့် Curiosity ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ အော်ဂဲနစ် ဒြပ်ပေါင်းများကို ယခင်ကလည်း တွေ့ရှိခဲ့ပါတယ်။

အကြိမ်များစွာအားဖြင့် ခြောက်ဘီးတပ် ဒီဂြိုဟ်သွားယာဉ်ဟာ အရိုးရှင်းဆုံး မော်လီကျူးများဖြစ်တဲ့ မီသိန်း အမှုန်အမွှားများကို ဖြတ်သန်း မောင်းနှင်ခဲ့ပြီး ဖြစ်ပါတယ်။

အေးမြတဲ့ အင်္ဂါဂြိုဟ် မျက်နှာပြင်အောက်ရှိ အဏုဇီဝများ၏ ဇီဝဖြစ်စဉ်ဟာ မီသိန်းများကို ထုတ်လွှတ်နိုင်ပေမယ့် အင်္ဂါဂြိုဟ်ပေါ်ရှိ မီသိန်းများဟာ ဘယ်လိုဖြစ်ပေါ်ပြီး ဘယ်လောက် သက်တမ်းရှိပြီလဲဆိုတာ သေချာ မသိရသေးပါဘူး။

၎င်းကို သက်ရှိများ မပါဝင်ဘဲ မြေအောက်‌ ကျောက်သားနှင့် ပူနွေးတဲ့ ရေတို့ အပြန်အလှန် သက်ရောက်မှုကနေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

သို့မဟုတ်ပါက ရှေးခေတ် နှစ်ပေါင်းများစွာက မြေအောက်တွင် ပိတ်မိနေသည့် သက်ရှိများမှ ဇီဝနည်းအရ ထုတ်လုပ်ခဲ့သည့် ရံဖန်ရံခါ အပေါ်တက်လာသည့် ပစ္စည်းများလည်း ဖြစ်နိုင်ပါသေးတယ်။

Curiosity ဂြိုဟ်သွားယာဉ် အဖွဲ့ဟာ အခြားသော မီသိန်း အမှုန်အမွှားများကို ဖြတ်ကျော်ပြီး ကာဗွန် ၁၂ ပါဝင်မှုကို ဆုံးဖြတ်လိုပေမယ့် မည်သည့် အချိန်နှင့် နေရာတွင် ပေါ်လာမည်ကို မခန့်မှန်းနိုင်တဲ့အတွက် ကံကောင်းခြင်းများစွာ လိုအပ်မှာပါ။

Perseverance ဂြိုဟ်သွားယာဉ်မှ နမူနာများကို အင်္ဂါဂြိုဟ်ပတ်လမ်း အတွင်း ပစ်လွှတ်ပေးမည့် ယာဉ်ပုံစံ (အဲဒီ့နောက် ကမ္ဘာသို့ အခြား ယာဉ်ဖြင့် ပေးပို့မှာ ဖြစ်ပါတယ်) Image: Courtesy of NASA/JPL-Caltech

ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်အတွင်း အင်္ဂါဂြိုဟ်၏ အခြား ချိုင့်ဝှမ်း နေရာတွင် ဆင်းသက်ခဲ့သည့် Perseverance ဂြိုဟ်သွားယာဉ်မှလည်း နောက်ထပ် အသုံးဝင်သည့် အချက်အလက်များကို ပေးစွမ်းနိုင်ဦးမှာပါ။

Perseverance ဟာလည်း အင်္ဂါဂြိုဟ်ပေါ်ရှိ ရှေးဟောင်း သက်ရှိများ၏ အထောက်အထားများကို ရှာဖွေနေပြီး နမူနာများကို စုဆောင်းကာ ၂၀၃၁ ခုနှစ်ထက် မစောတဲ့ ကာလတွင် ကမ္ဘာပေါ်သို့ ပြန်လည်ပို့ဆောင်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *