ကြောင်နှုတ်ခမ်းမွှေးတွေ အကြောင်း

Article Nature

ကြောင်လေးတွေရဲ့ နှုတ်ခမ်းမွှေးတွေက စိတ်ဝင်စားစရာ ကောင်းသလို ၎င်းတို့ဟာ ကြောင်လေးတွေအတွက် အသုံးဝင်ပါတယ်။

ခွေးတွေ၊ ဖျံတွေနဲ့ အခြား တိရိစ္ဆာန်တွေရဲ့ နှုတ်ခမ်းမွှေးတွေကဲ့သို့ပဲ ကြောင်လေးတွေရဲ့ မျက်နှာမှ အမွှေးများဟာ အလှဆင်ရန် သပ်သပ်တော့ မဟုတ်ပါဘူး။

ကြောင်တွေရဲ့ နှုတ်ခမ်းမွှေးကို နည်းပညာဆိုင်ရာ အသုံးအနှုန်း အားဖြင့် vibrissae လို့ ခေါ်ပါတယ်။

ထိုအသုံးအနှုန်းဟာ တုန်ခါမှုကို ရည်ညွှန်းတဲ့ လက်တင် ဘာသာစကားကနေ ဆင်းသက် လာတာ ဖြစ်ပြီး ကြောင်တွေ ဘာ အတွက် အသုံးပြုတယ် ဆိုတာကို ပြသနေပါတယ်။

Purina တွင်ဖော်ပြထားချက်အရ ကြောင်တွေရဲ့ နှုတ်ခမ်းမွှေး တချောင်းစီဟာ proprioceptor လို့ခေါ်တဲ့ အာရုံခံပေးတဲ့ အ ရာတွေပဲ ဖြစ်ပါတယ်။

Proprioceptor ဟာ ကြောင်တွေရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ တုန်ခါမှုတွေနှင့် လေစီးကြောင်းတွေကို ကောက်ယူပါတယ်။

အဲဒီ့နောက် အဆိုပါ အချက်အလက်များကို မွှေးညှင်းပေါက်ရှိ အာရုံကြောများမှ တဆင့် ဦးနှောက်သို့ ပေးပို့ကာ အခြေအနေတွေကို သိရှိစေပါတယ်။

ကြောင်တွေအတွက် လေစီးကြောင်းတွေ အာရုံခံဖို့ အခြေအနေဖြစ်လာတာက အလကား သပ်သပ်တော့ မဟုတ်ပါဘူး။

လေစီးကြောင်းတွေ ပြောင်းလဲမှု ကနေ အခန်းထဲကို လူဝင်လာတာ သို့မဟုတ် ခွေးတကောင် အနီးအနားကို ရောက်လာတာလား ဆိုတာကို သိရှိစေနိုင်ပါတယ်။

ဒါ့အပြင်ကြောင်တွေဟာ အာရုံခံစနစ်ကြောင့် ဝင်လာသည့် အရာ၏ အရွယ်အစား၊ ပုံသဏ္ဍာန် နှင့် ရောက်ရှိနေသည့် အကွာအဝေး များကို ဆုံးဖြတ် သိရှိနိုင်စွမ်း ရှိပါတယ်။

ထိုနည်းလမ်းများဖြင့် ကြောင်များဟာ မရင်းနှီးသည့် ပတ်ဝန်းကျင်ကို အတားအဆီးများကို ထိစရာ မြင်စရာတောင် မလိုဘဲ သွားလာနိုင်ပါတယ်။

HowstuffWorks တွင် ဖော်ပြထားချက်အရ ကြောင်တွေရဲ့ နှုတ်ခမ်းမွှေးများဟာ ၎င်းတို့၏ ခန္ဓာကိုယ် အနံနီးပါးလောက် ရှိတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ၎င်းတို့ဟာ နှုတ်ခမ်းမွှေးကို အသုံးပြုပြီး ခွေးတိုးပေါက် သို့မဟုတ် တခုခု အတွင်း ဝင်ရောက်သည့်အခါ သူတို့နှင့် ဆံ့မဆံကို သိရှိနိုင်ပါတယ်။

တကယ်လို့ ကြောင်ဟာ ကျဉ်းမြောင်းတဲ့ ကတ်ထူပုံးထဲကို ခေါင်းထိုးပြီး နောက်မှ ဝင်ဖို့ စိတ်မဝင်စားတော့ဘူး ဆိုရင် ဒါဟာ သူ့ တကိုယ်လုံးအတွက် အဆင်မပြေနိုင်ဘူးလို့ သတ်မှတ်လို့ ဖြစ်ပါတယ်။

စိတ်ခံစားမှု

ကြောင်များ၏ နှုတ်ခမ်းမွှေးများဟာ ၎င်းတို့၏ လက်ရှိဖြစ်နေသည့် စိတ်ခံစားချက်များကို ဖော်ပြနိုင်ပါတယ်။

နှုတ်ခမ်းမွှေးများဟာ တောင့်တင်းနေပြီး သို့မဟုတ် နောက်သို့ ကပ်နေပါက ၎င်းတို့ဟာ ခြိမ်းခြောက်ခံရတယ် ခံစားရခြင်း သို့ မဟုတ် စိတ်ဆိုးနေခြင်းကြောင့် ဖြစ်ပါတယ်။

ပြေလျော့နေတဲ့ နှုတ်ခမ်းမွှေးများကတော့ သင့်ကြောင်ဟာ စိတ်အေးလက်အေး ရှိနေတယ်ဆိုတာကို ပြသနေတာပါ။

အရေအတွက်

အရေအတွက်ကို အတိအကျ အနေဖြင့် ကြောင်တကောင်ချင်းစီအပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

သို့ပေမဲ့ ကြောင်အများစုမှာတော့ ပျမ်းမျှအားဖြင့် နှုတ်ခမ်းမွှေး တဖက်လျှင် ၁၂ ခုစီနှင့် စုစုပေါင်း ၂၄ ခုလောက် ရှိပါတယ်။

နှုတ်ခမ်းမွှေးတွေဟာ ပြန်ပေါက်နိုင်လား

အထက်က ဖော်ပြခဲ့သလို ကြောင်တွေအတွက် နှုတ်ခမ်းမွှေးဟာ အရေးပါတာကြောင့် သူတို့ရဲ့ နှုတ်ခမ်းမွှေးတွေကို ညှပ်မပစ်သင့်ပါဘူး။

ဒါပေမယ့် နှုတ်ခမ်းမွှေးများဟာ သူ့ဘာသာသူ အလိုအလျောက် ကျွတ်ပြီး ပုံမှန် ပြန်ပေါက် တတ်ကြပါတယ်။

အကယ်၍ သင့်ကြောင်ဟာ ပုံမှန်ထက် နှုတ်ခမ်းမွှေးတွေ ပိုမို ဆုံးရှုံးနေတယ်ဆိုရင်တော့ ဓာတ်မတည့်မှု တုံ့ပြန်မှု၊ ရောဂါပိုးဝင်ခြင်း သို့မဟုတ် စိတ်ဖိစီးမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ နီးစပ်ရာ ကျွမ်းကျင်သူ သို့မဟုတ် တိကု နှင့် တိုင်ပင်ရမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *