လေ့လာမှု အသစ် နှစ်ခုမှာတော့ သိပ္ပံပညာရှင်များဟာ အိမ်မွေးကြက်များ၏ ဇစ်မြစ် ဖြစ်နိုင်ချေ ရှိသည့် အကြောင်းကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။
ထိုလေ့လာမှုများအရ အိမ်မွေးကြက်များ၏ သမိုင်းဟာ လွန်ခဲ့သည့် နှစ်ပေါင်း ၃,၅၀၀ ခန့်က အရှေ့တောင် အာရှရှိ လယ်သ မားများ မှ အံ့အားသင့်ဖွယ် အစပြုခဲ့တာ ဖြစ်နိုင်တယ်လို့ တိရိစ္ဆာန်ဆိုင်ရာ ရှေးဟောင်းသုတေသန ပညာရှင် Joris Peters နှင့် သူ၏ အဖွဲ့ မှ ဆိုပါတယ်။
ထိုမှတဆင့် အဆိုပါကြက်များကို အနောက်ဘက်သို့ အစားအစာ အဖြစ်မဟုတ်ဘဲ ထူးခြားသည့် တိရိစ္ဆာန်များ အဖြစ် ပို့ ဆောင်ခဲ့တာ ဖြစ်တယ်လို့ Proceedings of the National Academy of Sciences တွင် ဖော်ပြခဲ့ပါတယ်။
ထို့နောက် ကြက်များဟာ လွန်ခဲ့သည့် နှစ်ပေါင်း ၂,၈၀၀ ထက်မစောတဲ့ ကာလလောက်မှာ ဥရောပ မြေထဲပင်လယ်ဒေသသို့ ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ ဝေးလ်ရှိ Cardiff တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Julia Best နှင့် အဖွဲ့က Antiquity တွင် ဖော်ပြခဲ့ပါတယ်။

အာဖရိက အနောက်မြောက်ပိုင်းကိုတော့ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀၀ နှင့် ၁,၁၀၀ ကြားလောက်မှာ ရောက်ရှိခဲ့တယ်လို့ ၎င်းတို့အဖွဲ့က ဆိုပါတယ်။
သုတေသီများဟာ ကြက်များ (Gallus gallus domesticus) နှင့် ပတ်သက်ပြီး မည်သည့် နေရာ မည်သည့် အချိန်တွင် အစ ပြုခဲ့သည်နှင့် ပတ်သက်ပြီး အခြေအတင် ဆွေးနွေးလာခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်လောက် ရှိပါပြီ။
အိန္ဒိယ Indus တောင်ကြား၊ တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့တောင် အာရှ ဒေသများကို ကြက်မွေးမြူရေးများ စတင်ခဲ့တယ်လို့ တော်တော်များများက သတ်မှတ်ထားပြီး ကြက်များ၏ ပထမဆုံး အသွင်အပြင်ဟာ လွန်ခဲ့သည့် နှစ် ၄,၀၀၀ မှ ၁၀,၅၀၀ အတွင်း ဖြစ်မယ်လို့ အများစုက သတ်မှတ်ထားပါတယ်။
၂၀၂၀ ခုနှစ်က မျိုးရိုးဗီဇ လေ့လာမှု တခုမှ ခေတ်သစ်ကြက်များဟာ အရှေ့တောင်အာရှ ဒေသရှိ အနီရောင်တောကြက်များကို မွေးမြူရာမှ ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် DNA ခွဲခြမ်း စိတ်ဖြာ လေ့လာမှုများ ပိုများလာသော်လည်း အိမ်မွေးကြက်များ မည်သည့် အချိန်တွင် စတင် ပေါ် ပေါက်လာတယ်ဆိုတာကို အတိအကျ မပြောနိုင်ကြပါဘူး။

Peters နှင့် အဖွဲ့ဟာ နိုင်ငံပေါင်း ၈၉ နိုင်ငံရှိ နေရာပေါင်း ၆၀၀ ကျော်မှ ယခင် တူးဖော်ရရှိခဲ့သည့် ကြက်ရိုးများကို လေ့လာကာ နေရာအသီးသီးမှ တွေ့ရှိသည့် အချိန်များ၊ ဒေသအသီးသီးမှ ကြက်များ၏ ရှင်သန်မှုနည်းဗျူဟာ ဆိုင်ရာ အချက် အ လက်များနှင့် အိမ်တွင် မွေးမြူသည့် အလေ့အထ ပျံ့နှံ့မှုတို့ကိုပါ ခြုံငုံ လေ့လာခဲ့ပါတယ်။
အရှေ့တောင်အာရှ
အိမ်မွေးကြက်များနှင့် ပတ်သက်သည့် ဇာတ်လမ်းအသစ်ကတော့ အရှေ့တောင်အာရှ စပါးခင်းများမှ စတင်ပြီး အစောဆုံးလို့ လူသိများသည့် ဘီစီ ၁,၆၅၀ နှင့် ၁,၂၅၀ လောက်က ကြက်ရုပ်ကြွင်းများဟာ ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ စပါးစိုက်ပျိုးသည့် နေရာ Ban Non Wat တွင် တွေ့ရှိခဲ့ရတာပါ။
ဆန်စပါးခင်းများဟာ တောကြက်နီများကို ဆွဲဆောင်ခဲ့ပုံပေါ်ပြီး ၎င်းတို့ဟာ စပါးခင်းများကို သာမက ဒေသတွင်း စိုက်ပျိုးသည့် ပြောင်းဆန်များကိုပါ စားသုံးခဲ့ပုံရတယ်လို့ Peters တို့အဖွဲ့က ခန့်မှန်းခဲ့ပါတယ်။
ကြက်များဟာ တရုတ်နိုင်ငံ အလယ်ပိုင်း၊ တောင်အာရှ သို့မဟုတ် မက်ဆိုပိုတေးရီးယား လူ့အဖွဲ့အစည်းဖြစ်သည့် အီရတ်နှင့် အီရန်တို့ဆီသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၃,၀၀၀ လောက်မှာတောင် မရောက်ရှိသေးကြောင်း အဖွဲ့က ခန့်မှန်းထားပါတယ်။
ယခု သုတေသနတွင် မပါဝင်သည့် ဆစ်ဒနီ တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Keith Dobney ကတော့ Peters တို့ အဖွဲ့၏ လေ့လာမှုဟာ ရရှိနိုင်သည့် အထောက်အထားများကို ပထမဆုံး စုစည်းပြီး ဘယ်အချိန်၊ ဘယ်နေရာတွင် ကြက်တွေ မွေးမြူလာသလဲဆိုတဲ့ ဖော်ပြခဲ့ခြင်းဟာ ခိုင်လုံတဲ့ ရှင်းပြချက် ဖြစ်တယ်လို့ ပြောပါတယ်။

အာဖရိကရှိ နေရာ ၁၆ ခုမှ ကြက်အရိုး ၂၃ ခုကို radiocarbon dating နည်းဖြင့် သက်တမ်း စစ်ဆေးရာတွင် ယခင်ထင်ထားတာထက် နှစ်ထောင်ပေါင်းများစွာ ငယ်ရွယ်နေတယ်လို့ ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် လေ့လာမှု အသစ်ကို ပိုမို ခိုင်မာစေခဲ့ပါတယ်။
ဥရောပရှိ အစောဆုံး တွေ့ရှိခဲ့သည့် ကြက်များအား လူသင်္ချိုင်းများတွင် မြှုပ်နှံထားခြင်း သို့မဟုတ် သီးခြား မြှုပ်နှံထားခြင်းများကို တွေ့ရှိခဲ့ပေမယ့် ၎င်းတို့ကို စားသုံးခဲ့သည့် လက္ခဏာတွေ မတွေ့ရှိခဲ့ရပါဘူး။
လွန်ခဲ့သည့် နှစ်ပေါင်း ၂,၀၀၀ ခန့်က ရောမအင်ပါယာ ချဲ့ထွင်ခြင်းမှသည် ကြက်နှင့် ဥများကို ပိုမိုကျယ်ပြန့်စွဦ စားသုံးမှုအား လှုံ့ဆော်စေခဲ့တာကို Best နှင့် အဖွဲ့က တွေ့ရှိခဲ့ပါတယ်။
အင်္ဂလန်မှာတော့ ကြက်များကို ပုံမှန် စားသောက်စရာအဖြစ် လွန်ခဲ့သည့် နှစ် ၁,၇၀၀ လောက်အထိကို မတွေ့ရှိခဲ့ရပါဘူး။
ယေဘုဘျအားဖြင့်တော့ အင်္ဂလန်တွင် ကြက်များကို စတင်တွေ့ရှိခြင်းနှင့် အစာအဖြစ် လက်ခံလာခြင်းကြားတွင် နှစ်ပေါင်း ၇၀၀ မှ ၈၀၀ လောက်အထိ ကြာမြင့်နိုင်မယ်လို့ သုတေသီများက ကောက်ချက်ချခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။