ပုစဉ်းရင်ကွဲ များ အကြောင်း သိကောင်းစရာ

Knowledge Nature

ပုစဉ်းရင်ကွဲ အသံတွေနဲ့ လွမ်းစရာလိုလို ပျင်းစရာလိုလို နေ့တွေကို တော်တော်များများ ဖြတ်သန်းဖူးကြမယ် ထင်ပါတယ်။

၎င်းတို့ဟာ အပင်စား အင်းဆက်မျိုးများ ဖြစ်ပြီး Cicadoidea မျိုးရင်းကြီးမှ Tettigarctidae မျိုးရင်း ၂ မျိုး ဆင်းသက်လာပြီး မျိုးစိတ်ပေါင်း ၃ ထောင်လောက် အထိ ရှိပါတယ်။

ပုံမှန်အားဖြင့် ၎င်းတို့ဟာ မြေအောက်တွင် နေထိုင်ကြကာ ၁၃ နှစ်မှ ၁၇ နှစ်ကြားလောက်တွင် အစုအလိုက်အပြုံလိုက် ထွက် လာပြီး အရေခွံလဲ၊ မိတ်လိုက်ကြကာ ဥများကို ဥပြီး ဘဝကုန်ဆုံးသွားတတ်ကြပါတယ်။

ပုစဉ်းရင်ကွဲ ဘဝသံသရာ Image: Courtesy of Worksheet created by Education

ဒါပေမယ့် မျိုးစိတ်များအပေါ် မူတည်ပြီး မြေအောက်မှ ထွက်တာတဲ့ အချိန်တော့ ကွဲပြားကြပါတယ်။

တောင်ပံ အကျယ်ဟာ ၁ လက်မမှ ၆ လက်မ လောက်အထိ ရှိတတ်ပြီး တောင်ပံ ၄ ခုပါဝင်ပေမယ့် ပျံသန်းတဲ့အခါမှာတော့ ကောင်းကောင်း မပျံသန်းနိုင်ဘဲ ဟိုတိုက်ဒီတိုက် ဖြစ်တတ်ပါတယ်။

ပုစဉ်းရင်ကွဲများဟာ ကမ္ဘာပေါ်တွင် အသံ အကျယ်ဆုံး အင်းဆက် အဖြစ် ဗိုလ်စွဲထားပါတယ်။

၎င်းတို့ အသံဟာ ၁၂၀ ဒက်စီဘယ်‌ လောက်ရှိပြီး ဒီအတိုင်းအတာဟာ အနီးကပ် နားထောင်ပါက လူ့နားကို နာကျင်စေ ပေမယ့် သေးငယ်တဲ့ အင်းဆက်က ထွက်လာတဲ့အတွက် အဲဒီ့လောက်ကြီးတော့ မထိရောက်ပါဘူး။

ဒါပေမယ့် ခွေးတွေနဲ့ အခြား တိရိစ္ဆာန်များအပေါ်မှာတော့ ကြီးကြီးမားမား သက်ရောက်မှု ရှိနိုင်ပါတယ်။

အရေခွံလဲနေပုံ

လူများကို အန္တရာယ် မပေးနိုင်သလို ကိုက်လဲ မကိုက်တတ်တဲ့အပြင် ၎င်းတို့ စားသုံးတဲ့ အပင်ဟာလည်း စားသုံးသည့် အရေ အတွက်အပေါ် မူတည်ပြီး အပင်၏ ကြီးထွားနှုန်းသာ မဆိုစလောက် အနည်းငယ် ထိခိုက်တာ ဖြစ်ပါတယ်။

ဖိုတေးသီသံ

ပုစဉ်းရင်ကွဲများဟာ မြေအောက်မှ တဆင့် ဘဝပြောင်း အရေခွံလဲကာ တောင်ပံများနှင့် အရွယ်ရောက်ပြီး နောက်မှာတော့ ၎င်းတို့၏ မိတ်ဖက်ကို ရှာဖွေကြပါတော့တယ်။

အသံပြုခြင်းကို tymbal ဆိုသည့် အင်္ဂါမှ ထုတ်လွှတ်တာဖြစ်ပြီး tymbal တွေဟာ ဝမ်းဗိုက်အောက်မှာ ရှိနေတဲ့ အမြှောင်းလိုက်ရှိနေတဲ့ အမြှေးပါးတစုံ ဖြစ်ပါတယ်။

Tymbal များမှ အတွင်းမှ ကြွက်သားများကို ကျုံ့စေကာ စူးရှသည့် အသံကို ထွက်လာစေတာ ဖြစ်ပါတယ်။

၎င်းတို့ဟာ ကြွက်သားများကို တစက္ကန့်အတွင်းမှာ အကြိမ် ၅၀ လောက်အထိ လှုပ်ရှားအောင် ကျုံ့နိုင်စွမ်း ရှိပါတယ်။

အသံထွက်ရှိအောင် tymbal များမှ အလုပ်လုပ်ပုံ Image: Courtesy of April Neander

ထွက်ရှိလာသည့် အဖိုများ၏ အသံများက ပုစဉ်းရင်ကွဲ အမများကို ဆွဲတောင်ကာ မျိုးပွားမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြပါတယ်။

ပုစဉ်းရင်ကွဲများဟာ တနေ့တာရဲ့ အပူပြင်းဆုံး အချိန်များတွင် အသံပြုတတ်ကြပြီး ၎င်းတို့ အသံများကြောင့် ငှက်များဟာလည်း အနီးအနားမှာ မနေနိုင်ကြပါဘူး။

အကြောင်းကတော့ အဲဒီ့ အသံများဟာ အလွန် စူးရှတဲ့အတွက် ငှက်များ၏ နားများကို နာကျင်စေပြီး အုပ်လိုက် ဆက်သွယ်မှုများကို ပြုလုပ်နိုင်ဖို့ ခဲယဉ်းတဲ့အတွက် ဖြစ်ပါတယ်။

မျိုးစိတ်တူ အဖိုများဟာ အစုလိုက် အသံပြုကာ အသံအကျယ်ကို မြှင့်တင်ကြပြီး ငှက်များ၏ ဖမ်းဆီးစား သောက်ခံရနိုင်မှုကိုလည်း လျော့ချနိုင်ပါတယ်။

၎င်းတို့ဟာ အသံကျယ်လောင်စွာ ပြုတတ်သလို အဲဒီ့အသံကြောင့် ကိုယ့်ကိုကိုယ် ထိခိုက်နိုင်မှုကိုလည်း ကာကွယ်ထားပါတယ်။

ပုစဉ်းရင်ကွဲ အဖိုနှင့် အမများတွင် tympana လို့ခေါ်တဲ့ အမြှေးပါးများ ပါဝင်ပြီး ၎င်းတို့ဟာ နားကဲ့သို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

Tympana အမြှေးများဟာ အကြားအာရုံခံ အင်္ဂါနှင့် တိုတောင်းတဲ့ အရွတ်လေးဖြင့် ချိတ်ဆက်ထားတာဖြစ်ပြီး အဖိုမှ အသံ ပြုသည့် အခါမှာတော့ အဲဒီ့အရွတ်နှင့် ချိတ်ဆက်မှုကို ရပ်တန့်ထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.