နေ၏ လှုပ်ရှားမှုများနှင့် ဆိုလာမုန်တိုင်းများ အန္တရာယ်

Article Science

ပုံမှန်အားဖြင့် အာကာသ အတွင်း ရာသီဥတုဟာ အပြောင်းအလဲ ကြီးကြီးမားမား သိပ်မရှိပေမယ့် လူ့အဖွဲ့အစည်း အနေနဲ့ အာကာသတွင်း ရာသီဥတုကို နားလည်ရန်နှင့် ကြိုတင်ခန့်မှန်းနိုင်ရန် ရေးကြီးပါတယ်။

အာကာသ ရာသီဥတု ဆိုသည်မှာ ကျွန်တော်တို့ နေ့စဉ် ကြုံတွေနေရတဲ့ ကမ္ဘာပေါ်က ရာသီဥတုမျိုးကို ပြောတာ မဟုတ်ပါဘူး။

နေမှ လျှပ်ဆောင်အမှုန်အမွှားများနှင့် သံလိုက်စက်ကွင်းများဟာ အာကာသ အတွင်း အဆက်မပြတ် ဖြတ်သန်းနေပြီး ကမ္ဘာ့ကိုယ်ပိုင် သံလိုက် စက်ကွင်းနှင့် တိုက်မိနေပါတယ်။

ဒီလို ဖြစ်စဉ်ကြောင့် တခါတရံ Aurora လို့ခေါ်တဲ့ ရောင်စဉ် အလင်းတန်းတွေ ကောင်းကင်ယံမှာ ဖြစ်နေတတ်ပါတယ်။

အပြင်းထန်ဆုံး အာကာသ ရာသီဥတု အခြေအနေဟာ နေမှ ပေါက်ကွဲမှုကြောင့် တန်ချိန် ဘီလီယံပေါင်း များစွာသော အမှုန်တွေ တစက္ကန့်ကို ၃,၀၀၀ ကီလိုမီတာနှုန်းဖြင့် ကမ္ဘာကို တိုက်ရိုက် ရိုက်ခတ်တဲ့အချိန်မှာ ဖြစ်ပွားတတ်တာပါ။

ဒီလို နေ၏ ပေါက်ကွဲပြီး အမှုန်တွေ ပမာဏကြီးမားစွာ ထုတ်လွှတ်လိုက်သည့် အခြေအနေကို Coronal mass ejections (CMEs) ခေါ် ဆိုလာမုန်တိုင်းလို့ ခေါ်ကြပြီး ၎င်းဟာ အာကာသယာဉ်မှူးများ၊ ဂြိုဟ်တုများ နှင့် အာကာသယာဉ်များကို ထိ ခိုက်စေနိုင် ပါတယ်။

Aurora ရောင်စဉ်တန်းများ

CMEs နှင့် geomagnetic မုန်တိုင်းများ

Geomagnetic မုန်တိုင်းများဟာ ကမ္ဘာ့ သံလိုက် စက်ကွင်းကို အနှောင့်အယှက် ဖြစ်တဲ့ အခါ ဖြစ်ပေါ်ပြီး အပြင်းထန်ဆုံးကတော့ CME ကြောင့် ဖြစ်ပါတယ်။

ကမ္ဘာကဲ့သို့ သံလိုက်စက်ကွင်းရှိတဲ့ အရာကို CME များ သက်ရောက်သည့်အခါ ၎င်း၏ အရွယ်အစားနှင့် အမြန်နှုန်း အပေါ် မူတည်ပြီး ကြီးမားတဲ့ ဘေးဆိုးကြီးကို ဖြစ်စေနိုင်တယ်လို့ NASA မှ အာကာသ ရာသီဥတုဆိုင်ရာ အကြီးအကဲ James Spann က ပြောပါတယ်။

အပြင်းထန်ဆုံး CME များထဲမှ တခုကတော့ ၁၈၅၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် Carrington Event ဖြစ်ကာ ကမ္ဘာပေါ်ရှိ ကြေးနန်း ဆက်သွယ်ရေး ကြိုးများ လောင်ကျွမ်းသွားခဲ့ပြီး အဆက်အသွယ်များ ပြတ်တောက် သွားခဲ့ရပါတယ်။

ထိုအချိန်တွင် ကာရစ်ဘီယံ တောင်ဖျားတွင် Aurora ရောင်စဉ် အလင်းတန်းများကို အများအပြား တွေ့မြင်ခဲ့ရပါတယ်။

နှစ် တစ်ရာ ဝန်းကျင်နီးပါးလောက် သိပ္ပံပညာရှင်များဟာ CME အသေးစားမှ အလတ်စားများ အထိ သိရှိခဲ့ရပြီး အများစုမှာ ၁၁ နှစ်တိုင်း နေ၏ ပိုမိုလှုပ်ရှားလာမှုနှင့် sunspot လို့ခေါ်တဲ့ အမဲကွက်များ များပြားလာတဲ့အခါမှာ ဖြစ်တတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဆွီဒင်ရှိ တယ်လီစကုပ်မှ Sunspot တခုကို အနီးကပ် မြင်ရစဉ်

သို့ပေမဲ့ သုတေသီ အချို့ဟာ Carrington Event ကဲ့သို့ အပြင်းထန်ဆုံး CME များ ဖြစ်လာနိုင်ဦးမယ်လို့ သံသယ ရှိနေကြပါတယ်။

အင်္ဂလန်နိုင်ငံ Reading တက္ကသိုလ်မှ အာကာသဆိုင်ရာ ရူပဗေဒ ပါမောက္ခ Mathew Owens ဦးဆောင်တဲ့ လေ့လာမှုတခုမှာ အပြင်းထန်ဆုံး CME များဟာ နေ၏ လှုပ်ရှားမှု အမြင့်ဆုံးအချိန်မှာ ဖြစ်လာတတ်တာကို တွေ့ရှိခဲ့ပါတယ်။

သုတေသီများဟာ နှစ် ၁၅၀ စာ ကမ္ဘာ့ သံလိုက်စက်ကွင်း အနှောင့်အယှက် ဖြစ်ခဲ့မှုများကို လေ့လာခဲ့ရာ ၁၇၄၉ ခုနှစ်က စပြီး solar cycle လို့ခေါ်တဲ့ လှုပ်ရှားမှု စက်ဝန်းပေါင်း ၂၄ ခုကို အပြည့်အဝကြုံတွေ့ထားပြီး နောက်လာမည့် နေ၏ တက်ကြွလှုပ် ရှားမှုဟာ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်ကြားတွင် ဖြစ်နိုင်ပါတယ်။

Carrington Event ဟာ ၁၀ ခုမြောက် စက်ဝန်းတွင် နေ၏လှုပ်ရှားမှု အထွတ်အထိပ်ကို မရောက်ခင် ၆ လ အလိုမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီ့နောက်မှာ အပြင်းထန်ဆုံးလို့ ယူဆတဲ့ geomagnetic မုန်တိုင်း ၆ ခု ခန့် ရှိခဲ့တယ်လို့ Ownes က ပြောပါတယ်။

ကုန်းမြေပေါ်ရှိ နည်းပညာများကို သက်ရောက်မှု

Geomagnetic မုန်တိုင်းများဟာ သံလိုက်စက်ကွင်းများကို ပြောင်းလဲစေမှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းမှ ထရန်စဖော်များကို ပျက်စီးစေပြီး ဓာတ်အားများ ပြတ်တောက်စေနိုင်ပါတယ်။

အဆိုးဆုံး ဖြစ်ရပ်ကတော့ ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့က ကနေဒါရှိ Quebec တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ကာ လူ ၆ သန်းလောက် လျှပ်စစ်မီး မရှိဘဲ ၉ နာရီလောက် နေခဲ့ရပါတယ်။

NOAA မှ အာကာသ ရာသီဥတု ခန့်မှန်းရေး စင်တာရှိ သိပ္ပံပညာရှင်များ အကြီးအကဲ ဖြစ်တဲ့ Howard Singer က ယနေ့ခေတ်မှာ နည်းပညာကို မှီခိုအားထားနေရတာကြောင့် သက်ရောက်မှုက ပိုမို ကြီးမားနိုင်တယ်လို့ ဆိုပါတယ်။

အရာရာအားလုံး နီးပါးဟာ ဒစ်ဂျစ်တယ် နည်းပညာများ ဖြစ်နေပြီး သီးနှံများကို အကောင်းဆုံး စီမံဖို့ ဆုံးဖြတ်ချက်ချရာတွင် GPS လို အရာများကို အကူအညီ အဖြစ်သုံးသည့် လယ်သမားများပင် သက်ရောက်မှုကို ခံစားရမှာ ဖြစ်ပါတယ်။

CME များ ကမ္ဘာကို ဦးတည်လာခြင်း ရှိမရှိ ခန့်မှန်းဖို့အတွက် အဓိက ကိရိယာကတော့ coronagraph လို့ခေါ်သည့် ကိရိယာ ဖြစ်ပြီး ဒီ ကိရိယာဟာ နေ၏ လေထုရဲ့ အနိမ့်ဆုံး အလွှာ photosphere မှ လာတဲ့ အလင်းများကို ပိတ်ဆို့ပြီး CME များကို လေ့လာတာ ဖြစ်ပါတယ်။

အမြန်ဆုံး CME များဟာ နေမှ တရက်အတွင်း ထွက်လာနိုင်ပြီး ကမ္ဘာသို့ ရောက်ရှိရန် ၄ ရက်လောက် ကြာမြင့်နိုင်ပါတယ်။

ဂြိုလ်တုများ၊ အာကာသယာဉ်နှင့် အာကာသယာဉ်မှူးများ အတွက် အန္တရာယ်များ

CME များဟာ ဂြိုဟ်တုနှင့် အာကာသယာဉ်များ အတွင်းရှိ အီလက်ထရွန်းနစ် ပစ္စည်းများကို ပျက်စီးစေနိုင်ပါတယ်။

ယခုနှစ် အစောပိုင်းတွင် CME ထုတ်လွှတ်မှုကို NASA မှ ဧပြီလ ၁၇ ရက်နေ့ လောက်က တွေ့ရှိခဲ့ပြီး အင်္ဂါဂြိုဟ်ပေါ်ရှိ Ingenuity ရဟတ်ယာဉ်ငယ် ဒုတိယ အကြိမ် ပျံသန်းနေချိန်တွင် အင်္ဂါဂြိုဟ်သို့ ရောက်ရှိနိုင် လောက်မယ်လို့ ခန့်မှန်း နိုင်ခဲ့ပါတယ်။

ဒီလို ခန့်မှန်းနိုင်မှုကြောင့် နေမှာ ရောက်ရှိလာမည့် CME များကို အတိုင်းအတာ တခုအထိ ကြိုတင် ကာကွယ်နိုင်စွမ်းတော့ ရှိပါတယ်။

သို့ပေမဲ့ ပြီးခဲ့သည့် နှစ်က စာတမ်း တခုမှာတော့ ရိုက်ခတ် နိုင်သည့် ဆိုလာ မုန်တိုင်းများကြောင့် ဖြစ်လာမယ့် အင်တာနက် အပေါ် သက်ရောက်မှုများကို ကြိုတင် ကာကွယ်ထားခြင်း သိပ်မရှိဘူးလို့ ဆိုပါတယ်။

ဒီအကြောင်းကို “နေရာတော်တော်များများ အင်တာနက် ပြတ်တောက်သွားနိုင်စေမည့် ဆိုလာမုန်တိုင်း” ခေါင်းစဉ်ဖြင့် ဖော် ပြ ပြီး ဖြစ်ပါတယ်။

မမျှော်လင့်ဘဲ အင်တာနက်တွေ ပြတ်တောက်သွားရင်တော့ အချိန် အနည်းနဲ့ အများ ကျွန်တော်တို့အနေနဲ့ မနေတတ် မထိုင်တတ် ဖြစ်နေလောက်မှာ အသေအချာပါပဲ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.