ပိုးဟပ် မွေးမြူရေး လုပ်ငန်းကို တရုတ်နိုင်ငံအတွင်းမှာ ကြီးမားတဲ့ အတိုင်းအတာဖြင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
၎င်းတို့ကို အလှကုန် နှင့် ဆေးဝါး ထုတ်လုပ်ခြင်း သို့မဟုတ် တိရိစ္ဆာန် အစာအဖြစ် အသုံးပြုနေတာ ဖြစ်ပြီး တရုတ်နိုင်ငံရှိ ရာနဲ့ချီတဲ့ ပိုဟပ် မွေးမြူရေးခြံမှ ပိုးဟပ်အကောင်ရေဟာ ကမ္ဘာ့ လူဦးရေထက်တောင် များပြားပါတယ်။
၂၀၁၈ ခုနှစ်တွင် တရုတ်ဆေးဝါး ကုမ္ပဏီတခုဖြစ်တဲ့ Gooddoctor ဟာ ပိုးဟပ်များမှ ထုတ်လုပ်တဲ့ ဆေးကို ရောင်းချခြင်းဖြင့် အမေရိကန် ဒေါ်လာ ၆၈၄ သန်း ရရှိခဲ့ပြီး ဆေးရုံ ထောင်ပေါင်းများစွာနှင့် လူနာ သန်းပေါင်းများစွာ၏ အသက်ရှူလမ်း ကြောင်း၊ အစာအိမ်နှင့် အခြား ရော ဂါများကို ပျောက်ကင်းစေခဲ့ကြောင်း အခိုင်အမာ ဆိုနေပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံမှာ ပိုးဟပ်အသုံးပြုမှုဟာ ဆေးဝါးနှင့် အလှအပ ဆိုင်ရာတွင်သာမကပဲ ပရိုးတင်းဓာတ် ကြွယ်ဝသည့် ဒီ ပိုးဟပ်တွေကို ကြက်မွေးမြူရေး နှင့် အစာစွန့်ပစ် ပစ္စည်းများ ကိုင်တွယ်ရာတွင် အသုံးပြုပြီး အချို့ စားသောက်ဆိုင်များမှာတော့ အထူး ဟင်းလျာအနေဖြင့်တောင် ရောင်းချကြပါသေးတယ်။
ဂျာမန် ပိုးဟပ်တကောင်ဟာ တနှစ်အတွင်း အကောင် ၃ သိန်းလောက်အထိ ပွားများခြင်း၊ သီးသန့် ကျွေးစရာ အစာမလိုခြင်း တို့ကြောင့် မိရိုးဖလာ အခြား မွေးမြူရေးများထက် ကုန်ကျစရိတ် သက်သာပြီး အမြတ်အစွန်းကြီးတဲ့ လုပ်ငန်းတခု ဖြစ်နေပါတယ်။

တရုတ်နိုင်ငံရှိ ပိုးဟပ် အဓိက ထုတ်လုပ်သူများထဲမှ တဦးဖြစ်သည့် Wang Fuming နှင့် LA Times သတင်းဌာနတို့ အင်တာ ဗျူးမှာ
“ကျွန် တော်တို့ ဝက်မွေးမြူဖို့ စိတ်ကူးပေမယ့် အမြတ်အစွန်း နည်းလွန်းပါတယ်။ ပိုးဟပ်ဆိုရင် ယွမ် ၂၀ ရင်း တာနဲ့ ၁၅၀ ပြန်ရနိုင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
Xichang ရှိ ကမ္ဘာ့အကြီးဆုံး ပိုးဟပ် မွေးမြူရေးလုပ်ငန်းကို ပိုင်ဆိုင်တဲ့ Gooddoctor ဟာ AI ဥာဏ်ရည်တု စနစ်ဖြင့် စောင့်ကြည့် အလုပ်လုပ်စေတာဖြစ်ပြီး နှစ်စဉ် ပိုးဟပ် သန်း ၆ ထောင်လောက်အထိ ထုတ်လုပ်ကြောင်း ၂၀၁၈ က သတင်းတခုအရ သိရပါတယ်။
၎င်း၏ ထုတ်ကုန်များကို တရုတ်မှ လူနာပေါင်း သန်း ၄၀ ကျော်လောက် အသုံးပြုနေပြီး အစာအိမ်၊ အရေပြား၊ အသက်ရှူလမ်းကြောင်း၊ အမာရွတ်၊ ထိပ်ပြောင်ခြင်းနှင့် ကင်ဆာအကျိတ်များကို ကုသရာမှာ အစွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်။
ဒီလုပ်ငန်းဟာ အမြတ်အစွန်းကြီးတဲ့အတွက် ကုမ္ပဏီကြီးတွေသာမက လယ်သမား လူငယ်များ နှင့် စွန့်ဦးတီထွင်သူများကိုပါ ဆွဲဆောင် ခဲ့ပါတယ်။
ဥပမာအားဖြင့် မိုဘိုင်းလ်ဖုန်း ရောင်းသူ Li Bingcai ဟာ စီချွမ် ပြည်နယ်ရှိ နယ်စွန်နယ်ဖျား ရွာတွင် ပိုးဟပ်ပေါင်း ၃ သန်းလောက် မွေးမြူနိုင်သည့် ခြံလုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်ခဲ့ပါတယ်။
ကျန်ရှိုးခရိုင် ကျီနန်မြို့ဟာ ပိုးဟပ် မွေးမြူရေး လုပ်ငန်းကြီး ရှိသည့် နောက်ထပ် နေရာ တခု ဖြစ်ပြီး အစောပိုင်းမှာ မီးဖို ချောင် အညစ် အ ကြေး ပြသနာ ဖြေရှင်းဖို့ ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အော်ဂဲနစ် အစာအရင်းအမြစ် ဖြစ်လာခဲ့ပါတယ်။

ကာဗွန် မထုတ်လွှတ်သည့် စွန်းဦးတီထွင် လုပ်ငန်းပိုင်ရှင် Li Yanrong ဟာ အဆိုပါ လုပ်ငန်း ပိုင်ရှင်ဖြစ်ပြီး ပိုးဟပ်များဟာ ငါးများ၊ ကြက် ငှက်များ နှင့်
ဝက်များအတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
၎င်း၏ အဆိုအရ “ကျွန်တော်တို့ဟာ ပိုးဟပ်တွေကို အကြီးစား မွေးမြူနိုင်မယ်ဆိုရင် ဂေဟဗေဒ လည်ပတ်မှု တခုလုံးကို အ ကျိုးပြုတဲ့ ပရိုးတင်းကို ပေးစွမ်းနိုင်ပြီး ပဋိဇီဝဆေးတွေ ဖြည့်ထားတဲ့ တိရိစ္ဆာန် အစာတွေအစား ကောင်းမွန်တဲ့ အော်ဂဲနစ် အစာတွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။”လို့ သိရပါတယ်။
သူက ဆက်ပြီး ၎င်း၏ ပိုးဟပ်ခြံဟာ နေ့စဉ် အခြေခံအားဖြင့် မီးဖိုချောင်ထွက် အညစ်အကြေးပေါင်း ၅ သောင်း ကီလိုဂရမ်လောက်အထိ ပိုးဟပ်တွေကို ကျွေးမွေးထားသည့်အတွက် အမှိုက်တွေကို ရှင်းလင်းရာမှာလည်း အလွန်းအသုံးဝင်ကြောင်း သက်သေပြနေတယ်လို့ ပြောပါတယ်။
ပိုးဟပ် မွေးမြူရေးနှင့် ဆက်စပ်နေသည့် ဆိုးကျိုးများ
သန်းပေါင်းများစွာရှိတဲ့ ပိုးဟပ်တွေဟာ လမ်းပေါ်ရောက်လာပြီး လူတွေထက် များနေတာကို မြင်ရရင်တော့ မွေးထားတဲ့ လူကို မေတ္တာပို့ပြီး ဝေးရာကို ရှောင်ပြေးမိမှာ အမှန်ပါပဲ။
၂၀၁၃ ခုနှစ်က တဖုန်း ခရိုင်ရှိ ခြံတခြံမှာ ပိုးဟပ်တွေမွေးထားသည့် ဖန်လုံအိမ်ကို တစုံတယောက်က ဖျက်စီးခဲ့လို့ အထက်ပါ မတော်တဆ ဖြစ် ရပ် မျိုး ဖြစ်ပွားဖူးပါတယ်။
၁ သန်းထက်များတဲ့ ပိုးဟပ်တွေဟာ ပြောင်းခင်းများ၊ အိမ်များ၊ အဆောက်အအံများဆီသို့ လွတ်မြောက်လာကြပြီး ဒေသခံတွေကို ထိတ် လန့် စေကာ ကျန်စူး ကျန်းမာရေးဘုတ်အဖွဲ့မှ အဆိုပါ ဧရိယာအတွင်း ကြီးမားသည့် ပိုးသတ်ခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့ရပါတယ်။
Gooddoctor မှ ဦးစီး လုပ်ဆောင်နေတဲ့ ပိုးဟပ် မွေးမြူရေး လုပ်ငန်းကတော့ ဒီလို ဖြစ်စဉ်မျိုး မဖြစ်ပွား နိုင်ဖို့ရာ အတွက် ဘေးတွင် ကျုံးတခုဖြင့် ကာရံထားပြီး ပိုးဟပ်စားသော ငါးများကိုပါ မွေးမြူထားတယ်လို့ သိရပါတယ်။

ပိုးဟပ်ကို လူအများက မကြိုက်ကြတဲ့အတွက် ပိုးဟပ်မွေးမြူရေး လုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် လုပ်လေ့မရှိတဲ့အပြင် ဆိုင်းဘုတ်များပါ တပ်ဆင်ကြခြင်း မရှိပါဘူး။
တရားမဝင် စီးပွားရေး တခု မဟုတ်ပေမယ့် တရုတ်နိုင်ငံအတွင်း လူနေ ထူထပ်သည့် နေရာမျိုးတွင် တည်ရှိပါက လုပ်ငန်းလည်ပတ်ရာမှာ ပြသနာ အမျိုးမျိုးနှင့် ရင်ဆိုင်ရဖွယ် ရှိပါတယ်။
အန္တရာယ်နှင့် စိုးရိမ်မှုများ ရှိနေပေမယ့် ပိုးဟပ်မွေးမြူခြင်းကို တရုတ်နိုင်ငံရှိ ကုမ္ပဏီများနှင့် စွန့်ဦး တီထွင်သူများက အမြတ် အစွန်းကြီးသည့် လုပ်ငန်းအဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်ပါတယ်။
အလားတူပင် ပိုးဟပ်နို့လို့ ခေါ်တဲ့ ပိုးဟက်အခြေခံ ထုတ်ကုန်ကို စူပါ အစားအစာအဖြစ် ကမ္ဘာ့ နေရာအနှံ့တွင် ရေပန်းစားလာနေပြီး ပိုးဟပ်များကို ပိုမို အသုံးဝင်လာစေမယ့် နည်းလမ်းများကို သုတေသီများက ရှာဖွေနေကြပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။