ကိုလံဘီယာ ရေတပ်ဟာ အဝေးထိန်း ရေအောက်သွားယာဉ်ငယ် remotely operated vehicle (ROV)ကို အသုံးပြုပြီး ရှေး ဟောင်း သင်္ဘောပျက် တစင်း၏ ရုပ်သံနှင့် ဓာတ်ပုံများကို ရိုက်ယူ နိုင်ခဲ့ပါတယ်။
အဆိုပါ သင်္ဘောဟာ ၁၈ ရာစုက Cartagena ကမ်းရိုးတန်းတွင် နစ်မြုပ်ခဲ့တဲ့ စပိန် ရွက်သင်္ဘောကြီး San José ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းကို ကိုလံဘီယာ နိုင်ငံ အစိုးရ၏ တရားဝင် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပေးခဲ့တာပါ။
San José သင်္ဘောဟာ ကမ္ဘာပေါ်တွင် အဖိုးအတန်ဆုံး သင်္ဘောပျက်များထဲမှ တခု ဖြစ်ပြီး ယခုလို တွေ့ရှိတာဟာ အလွန် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။

ထို စပိန် သင်္ဘောပေါ်တွင် လူပေါင်း ၆၀၀ လောက် လိုက်ပါခဲ့ဖွယ်ရှိပြီး အဖိုးတန် ရတနာတွေ တန် ၂၀၀ လောက် တင်ဆောင်ခဲ့ဖွယ် ရှိတယ်လို့ ယူဆကြပါတယ်။
၎င်း၏ ကံကြမ္မာဟာ ၁၇၀၈ ခုနှစ်မှာ အဆုံးသတ်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲအတွင်း ဗြိတိန် သင်္ဘောများ၏ တိုက်ခိုက် နှစ်မြှုပ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီ့နောက် သင်္ဘောပျက်၏ တည်နေရာကို မသိရှိရဘဲ ရာစုနှစ် ၃ ခု လောက် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ကိုလံဘီယာ အစိုးရဟာ ၎င်းတို့ တွေ့ရှိခဲ့တဲ့ သင်္ဘော၏ တည်နေရာကို အတိအကျတော့ မပြောထားဘူးလို့ Business Insider သတင်းမှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ကြေငြာချက်အရ ROV ယာဉ်ဟာ အနက် ပေ ၃ ထောင် နီးပါးလောက်အထိ ဆင်းသက်ခဲ့ပြီး ပြန်လည် မဆည် ယူမီ အကောင်းဆုံး ရုပ်ပုံများကို ရိုက်ကူးခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ ကိုလံဘီယာနိုင်ငံဟာ နိုင်ငံ၏ ပင်လယ်ရေပိုင်နက် နယ်နမိတ် အတွင်းမှာ တည်ရှိနေတဲ့ ထိုသင်္ဘောပျက်ကို ၎င်းတို့ပိုင်ဆိုင်ကြောင့် အခိုင်အမာဆိုထားပါတယ်။
စပိန်ကလည်း သင်္ဘော၏ မူလဇစ်မြစ်ကို ကိုးကားပြီး ကိုလံဘီယာ၏ အဆိုပြုမှုကို ငြင်းဆန်ထားပါတယ်။
ဘယ်လိုပဲဖြစ်စေ ဒီကိစ္စဟာ ရှုပ်ထွေးပြီး သင်္ဘောပေါ်တွင် ပါလာသည့် ရတနာ ပစ္စည်းများဟာ တောင်အမေရိက နိုင်ငံများမှ လုယူလာခဲ့သည့် ရတနာများ ဖြစ်နိုင်ဖွယ် ရှိတယ်လို့ Business Insider တွင် ဖော်ပြထားပါတယ်။
San José ပေါ်ရှိ ရတနာများ
ဒီသင်္ဘောပျက်တွင် ရှိနေနိုင်သည့် တန် ၂၀၀ လောက်ရှိတဲ့ အဖိုးတန် ရတနာများဟာ နိုင်ငံ တော်တော်များများ၏ စိတ်ဝင်စား မှုကို ခံနေရပါတယ်။

ကိုလံဘီယာရေတပ်ဟာ သင်္ဘောပျက်ကို ၂၀၁၅ ခုနှစ်က ရှာဖွေ တွေ့ရှိခဲ့ပြီး အဆိုပါ ရတနာများ၏ အတိုင်းအတာ အမှန်ကို ၎င်းတို့က အများဆုံး သိရှိထားတာ ဖြစ်ပါတယ်။
၎င်းတို့ ပြန်လည် ပြောပြထားသည့် အချက်အလက်များအရ သင်္ဘောပျက်ပေါ်တွင် ရွှေငွေ ဒင်္ဂါးများ၊ မြကျောက်များနှင့် တရုတ်ကြွေထည်များ ပါဝင်တယ်လို့ သိရပါတယ်။
ထိုရတနာများအပြင် သမိုင်းဝင် ပစ္စည်းအဖြစ် တန်ဖိုးကြီးတဲ့ ရှေးဟောင်းဓားများနှင့် အမြောက် ၆၄ လက်လည်း ပါဝင်ပါတယ်။
ထိုအမြောက်များပေါ်တွင် ရေးထိုးထားသည့် စာများအရ ၎င်းတို့ကို စပိန်နိုင်ငံ ဆီးဗီးလားနှင့် ကာဒစ်မြို့တို့မှာ သွန်းလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်္ဘောပေါ်တွင် ပါဝင်သည့် ပစ္စည်းများ အားလုံးကို တွက်ချက်မှု အရ စုစုပေါင်းတန်ဖိုးဟာ ယနေ့ခေတ် အမေရိကန် ဒေါ် လာ ၁၇ ဘီလီယံလောက် တန်ကြေးရှိတယ်လို့ သိရပါတယ်။
ကိုလံဘီယာဟာ သင်္ဘောပျက်မှ အချက်အလက်များ ရရှိရန် ရေတပ်မှ အဆင့်မြင့် နည်းပညာသုံး စက်ကိရိယာများနှင့် ကွန် ပျူတာ ကိရိယာများကို အသုံးပြုကာ စူးစမ်းလေ့လာရေး လှုပ်ရှားမှု ၄ ခုကို ပြုလုပ်ခဲ့ရတာပါ။
ထို့နောက် တွေ့ရှိချက်များကို ကိုလံဘီယာ မနုဿဗေဒနှင့် သမိုင်းဆိုင်ရာ အင်စတီကျု (ICANH) နှင့် သင်္ဘောပျက် ရှေး ဟောင်းပစ္စည်းများ ဆိုင်ရာ ကော်မရှင် အဖွဲ့ဝင်များက အတည်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။