ကမ္ဘာကျော် အသံထက်မြန် ခရီးသည်တင် လေယာဉ် Concorde အကြောင်းနှင့် အနာဂါတ် လေယာဉ်သစ်များ

History Knowledge

ပြင်သစ် လေကြောင်းလိုင်း ခရီးစဉ် အမှတ် 4590 ပျက်ကျအပြီး ၃ နှစ်အကြာမှာ Concorde ခရီးသည်တင် လေယာဉ်များ ပျံသန်းမှာကို အပြီး ရပ်နားခဲ့ပါတယ်။

ပျံသန်းစရိတ် ကြီးမားလှပြီး စိတ်ချရမှု မြင့်မားဖို့ အရေးအကြီးဆုံးဖြစ်တဲ့ သန်းကြွယ် သူဌေးများသာ စီးဖို့ တတ်နိုင်တဲ့ အသံ ထက် မြန်သည့် Concorde ဟာ မတော်တဆမှုကြောင့် လူကြိုက်နည်းသွားတာ ဖြစ်ကောင်းဖြစ်မှာပါ။

ဒီဆောင်းပါးမှာ ကမ္ဘာ့ ပထမဆုံး အသံထက်မြန် ခရီးသည်တင် လေယာဉ် တစင်း ဖြစ်တဲ့ Concorde အကြောင်း မှတ်သားစရာ အချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Concorde ၏ ထူးခြားမှုများ

နည်းပညာအရ ပြောရရင် Concorde ဟာ တကယ့်ကို တခေတ်ပြောင်းစေတဲ့ လေယာဉ်တစင်းပါ။

ဗြိတိန်နှင့် ပြင်သစ်တို့ ပူးပေါင်း ထုတ်လုပ်ခဲ့တဲ့ ဒီ လေယာဉ်ဟာ အဲဒီ့ခေတ် အဲဒီ့အခါ အရ အလွန်ကို ခေတ်ရှေ့ပြေးတဲ့ လေ ယာဉ် တစင်း ဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ အခုအချိန်အထိတောင် ကျွန်တော်တို့ဆီမှာ နောက်ထပ် အသံထက်မြန်တဲ့ ခရီးသည်တင် လေယာဉ်မျိုး မရှိသေးပါဘူး။

လေယာဉ်တွင် ကွန်ပျူတာနှင့် ထိန်းချုပ်ထားသည့် အင်ဂျင် လေဝင်ပေါက် စနစ် ပါဝင်သည့် အတွက် အတော်လေးကို အ ဆင့် မြင့်ပါတယ်။

ဒါ့အပြင် ကာဗွန်ဖိုက်ဘာ ဘရိတ်များ နှင့် လေယာဉ်ပျံသန်းမှုကို ကွန်ပျူတာဖြင့် တစိတ်တပိုင်း ထိန်းချုပ်နိုင်သည့် fly-by-wire ထိန်းချုပ်စနစ်လည်း ပါရှိပါတယ်။

ဒီနည်းပညာတွေဟာ ယနေ့ခေတ်အတွက်တော့ မထူးဆန်းတော့ပေမယ့် Concorde ဟာ အဲဒီ့နည်းပညာတွေကို ခေတ်ရေစီးကြောင်းအဖြစ် ဖန်တီးခဲ့တဲ့ Airbus ထက် ၁၀ စုနှစ် တခုလောက်စောပြီး အသုံးပြုခဲ့တာပါ။

ရှည်လျားလှတဲ့ လေယာဉ် ကိုယ်ထည်၊ အောက်သို့စိုက်ဆင်းထားတဲ့ လေယာဉ်ထိပ်ပိုင်း ပုံစံတွေကြောင့် Concorde ဟာ တမူထူးခြားတဲ့ ဒီဇိုင်းကို ပိုင်ဆိုင်ထားပြီး လေယာဉ်မှူးများကို ပျံတက်ချိန်နှင့် ဆင်းသက်ချိန်မှာ ကောင်းမွန်တဲ့ မြင်ကွင်းကို ပေးစွမ်းနိုင်ပါတယ်။

၎င်းဟာ ပုံမှန် ပျံသန်းနေကျ လေယာဉ်များထက် ခရီးစဉ်ကြာချိန်ကို ထက်ဝက်ခန့် လျှော့ချနိုင်ပြီး အသံထက် ၂ ဆ (Mach number 2.04) လောက် အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပါတယ်။

မှတ်သားစရာ သမိုင်းအချက်အလက် အချို့

Concorde လေယာဉ်ရဲ့ သမိုင်းဟာ ၁၉၆၂ ခုနှစ်လောက်က အစပြုခဲ့တာ ဖြစ်ပြီး ပြင်သစ်ကုမ္ပဏီ Geoffroy de Courcel နှင့် ဗြိတိန် ကုမ္ပဏီ Julian Amery တို့မှ အင်္ဂလိပ်-ပြင်သစ်လုပ် အသံထက်မြန် လေယာဉ် တစင်း တည်ဆောက်ဖို့ သဘော တူ ညီမှု ရရှိခဲ့ပါတယ်။

၇ နှစ်ကြာပြီးတဲ့ နောက်မှာတော့ စမ်းသပ်ပျံသန်းရေး လေယာဉ်မှူး Brian Trubshaw ဟာ ဗြိတိန်မှ တည်ဆောက်ထားတဲ့ ရှေ့ပြေးပုံစံကို ပထမဆုံး ပျံသန်းခဲ့ပြီး အဲဒီ့ နှစ် ၁၉၆၉ ခုနှစ် ထဲမှာပဲ Concorde ၏ အသံထက်မြန် ပျံသန်းမှုကို ပထမဆုံး ပြုလုပ်နိုင်ခဲ့ပါတယ်။

၁၉၇၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှာတော့ Concorde ပထမဆုံး ခရီးစဉ်ကို လန်ဒန်မှ ဘာရိန်း အထိ အင်္ဂလန်တွင် ပျံသန်းခဲ့ပြီး ပြင်သစ်မှာတော့ ပဲရစ်မှ ရီယို ဒီဂျာနီရို ကို ပျံသန်းခဲ့ပါတယ်။

၁၉၇၆ ခုနှစ်မှ ၂၀၀၀ ခုနှစ် အတွင်း Concorde ဟာ ချမ်းသာတဲ့ ခရီးသွားများနှင့် လေယာဉ် မြတ်နိုးသူများ သဘောကျခဲ့တဲ့ လေယာဉ်တစင်း အဖြစ် ကာလကြာရှည်စွာ အသုံးတော်ခံခဲ့ပါတယ်။

၂၀၀၀ ခုနှစ် ပြင်သစ်နိုင်ငံအတွင်း ပျံသန်းခဲ့တဲ့ ခရီးစဉ်အမှတ် 4590 မှာတော့ Concorde လေယာဉ်တစင်း ပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၁၁၃ ဦးစလုံး ဆုံးရှူံးခဲ့ရပါတယ်။

အဲဒီ့နောက် Concorde များကို ခေတ္တရပ်နား ထားကာ လေယာဉ်၏ လုံခြုံမှုပိုင်း ဆိုင်ရာများကို ယူရို ၇၁ သန်း လောက် အ သုံး ပြုကာ အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၀၁ ခုနှစ် နိုဝင်ဘာလမှာ ပျံသန်းမှုများ ပြန်လည် စတင် ခဲ့ပါတယ်။

ဒါပေမယ့် ပြန်လည် ပျံသန်းအပြီး ၂ နှစ်အကြာမှာ ဗြိတန် နှင့် ပြင်သစ် လေကြောင်းလိုင်းများဟာ Concorde လေယာဉ်များကို အနားပေးပြီဖြစ်ကြောင်း ကြေငြာခဲ့ပြီး ၂၀၀၃ ခုနှစ် အောက်တိုဘာမှ ၎င်း၏ နောက်ဆုံး ခရီးစဉ်ကို ပျံသန်းခဲ့ပါတယ်။

Concorde လေယာဉ်များ အနားပေးခဲ့သည့် အကြောင်း

ခေတ်မှီပြီး ဆန်းသစ်တဲ့ နည်းပညာမျိုးစံကို ဘယ်လိုပဲ အသုံးပြုထားပါတယ်လို့ ဆိုပါစေ Concorde ဟာ ကုန်ကျစရိတ်တော့ အလွန်ကြီးမားတဲ့ လေယာဉ်တစင်းပါ။

လောင်စာဆီ ဈေးနှုန်း မကြီးခင် ၁၉၇၀ ခုနှစ်များက လောင်စာဆီမှ အမြန်နှုန်းသို့ ပြောင်းလဲပေးတဲ့ အင်ဂျင်နီယာ နည်းပညာ၏ အနှစ်သာရ လေယာဉ် တစင်း ဖြစ်ခဲ့ပေမယ့် လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အခါ ဘယ်လိုမှ တွက်ချေ မကိုက်တော့ပါဘူး။

Concorde ဟာ ကုန်ကျစရိတ် လျှော့ချရမယ့်အစား ဇိမ်ခံသုံး အဆင့်မြင့် လေယာဉ်အဖြစ် အသုံးတော်ခံဖို့ဆိုတာ စီးမယ့် ခရီးသည်များ ရှိနေသရွေ့တော့ အဆင်ပြေပါတယ်။

ခေတ်သစ် စီးပွားရေး ရှုထောင့်အရဆိုရင်တော့ ၎င်းတို့ဟာ ၁၉၈၀ ခုနှစ်များကတည်းက ရပ်နားသင့်နေပြီ ဖြစ်ပါတယ်။

Concorde ဟာ ခရီးသည် ၁၀၀ လောက်သာ တင်ဆောင်နိုင်ပြီး Boeing 747 လေယာဉ်ကြီးများနှင့် လောင်စာဆီ သုံးစွဲမှုဟာ အတူတူလောက် ဖြစ်နေပါတယ်။

Boeing 747 လေယာဉ်များဟာ ၎င်းထက် ခရီးသည် ၄ ဆ လောက် တင်ဆောင်နိုင်ပြီး အကွာအဝေး ၂ ဆလောက် အထိ ပျံသန်းနိုင်တဲ့အပြင် Concorde များလို အသံဆူညံခြင်း မရှိပါဘူး။

ပိုဆိုးတဲ့အချက်က ၂၀၀၀ ခုနှစ်က မတော်တဆကြောင့် လိုက်ပါစီးနင်းသူ အရေအတွက် လျော့ကျသွားခဲ့ပြီး လေယာဉ်ပျံသန်းစရိတ်ကို ဘယ်လိုမှ မကာမိတော့တဲ့အတွက် နောက်ဆုံးမှာ အနားပေးခဲ့ရတာ ဖြစ်ပါတယ်။

အနာဂါတ် အသံထက်မြန်သည့် ခရီးသည်တင် လေယာဉ်များ

NASA ဟာ မကြာသေးမီကပဲ အသံထက်မြန်သည့် အလျှင်နှင့် ပျံသန်းမှုမှ ထွက်လာနိုင်သည့် လေခွင်းသံ လျော့ချမှု လုပ်ငန်း စဉ် အောင်မြင်ခဲ့ကြောင်း သိရှိရပါတယ်။

ဒီအကြောင်းကို NASA ၏ Glenn သုတေသန စင်တာမှ ကြေငြာခဲ့တာဖြစ်ပြီး ယခု စမ်းသပ်မှုများဟာ အသံထက်မြန်သည့် ခရီးသည်တင်ယာဉ်များအတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

NASA က ဖန်တီးနေတဲ့ X-59 ဟာ လုံလောက်တဲ့ အသံ ငြိမ်သက်မှုကို သက်သေ ပြနိုင်ပါက လန်ဒန် မှ နယူးယော့ခ် သို့ အသံထက် ၁.၄ ဆ အမြန်နှုန်းဖြင့် အချိန် ၃ နာရီလောက် သာသာနဲ့ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စမ်းသပ်မှုတွေ ပြီးစီးပါက ၂၀၂၂ ခုနှစ်မှာ ပထမဆုံး ပျံသန်းနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

အသံထက်မြန် အရပ်ဖက်သုံး ခရီးသည်တင်လေယာဉ်များကို ထုတ်လုပ်ဖို့ ကြိုးစားနေတာကတော့ NASA နှင့် Lockheed Martin တခုထဲ မဟုတ်ပါဘူး။

Boom Supersonic မှလည်း United Airlines အတွက် ဒီလို အသံထက်မြန် ခရီးသည်တင် လေယာဉ်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေပြီး ၂၀၂၆ ခုနှစ်လောက်မှာ အသံထက် ၁.၇ ဆ ဖြင့် ပျံသန်းစမ်းသပ်နိုင်မယ်လို့ ယူဆရပါတယ်။

ဂျပန် အာကာသ အေဂျင်စီ JAXA မှလည်း မကြာသေးမီက အသံထက် ၁.၆ ဆခန့် မြန်သည့် ခရီးသည်တင် လေယာဉ်များ တည် ဆောက်ဖို့ရာအတွက် စက်မှုလုပ်ငန်း အဖွဲ့များနှင့် သဘောတူကို ကြေငြာခဲ့ပါသေးတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.