သမ်းဝေခြင်းဟာ ကူးစက်တတ်သလားဆိုတာကို မပြောခင်မှာ ကျွန်တော်တို့ သမ်းဝေရတဲ့ အကြောင်းကို သိဖို့ လိုပါလိမ့်မယ်။
သိပ္ပံပညာရှင်များဟာ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကအထိ သမ်းဝေခြင်းဟာ အောက်ဆီဂျင်ပိုမို ရရှိနိုင်ဖို့ လုပ်ဆောင်ချက်တခုလို့ ယုံကြည်ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီသီအိုရီကို ၁၉၈၇ ခုနှစ်က ထုတ်ဝေခဲ့တဲ့ သုတေသန စာတမ်း က မှားယွင်းကြောင်း သက်သေပြ နိုင်ခဲ့ပြီး အောက်ဆီဂျင် မလောက်ငတာနဲ့ သမ်းဝေတာဟာ ဆက်စပ်မှု မရှိဘူးဆိုတာ သိလာရပါတယ်။
ယနေ့ခေတ် သမ်းဝေခြင်းနှင့် ပတ်သက်လို့ လူသိများတဲ့ သီအိုရီများထဲက တခုကတော့ ကျွန်တော်တို့ဟာ တက်ကြွလာအောင် သမ်းဝေကြတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ကျွန်တော်တို့ဟာ စိတ်မဝင်စားတဲ့ အရာ သို့မဟုတ် ကျောင်းသင်ခန်းစာကဲ့သို့ တုန့်ပြန်မှုမရှိတဲ့ ထပ်ခါတလဲလဲ လှုံ့ဆော်မှုနဲ့ ကြုံလာရရင် ပင်ပန်းလာတဲ့ အတွက် နိုးထိစေတဲ့ လှုံ့ဆော်မှုတခုအနေဖြင့် သမ်းဝေကြတယ်လို့ Dr. Saghir က ဆိုပါတယ်။

ကဖိန်းဓာတ်နှင့် ပုံစံတူသည့် သမ်းဝေခြင်းဟာ နှလုံးခုန်နှုန်းကို မြင့်တက်လာစေပြီး ၁၀ စက္ကန့်မှ ၁၅ စက္ကန့်လောက်အထိ အမြင့်ဆုံးသို့ ရောက်ရှိ လာတတ်တယ်ဆိုတာ လေ့လာမှုများ မှ သက်သေပြပြီး ဖြစ်ပါတယ်။
သမ်းဝေမှုဟာ ဦးနှောက်ကို အေးမြစေသည့် အကြောင်း နှင့်လည်း ဆက်စပ်နေပြီး အပူချိန် မြင့်တက်လာပါက ပိုမို သမ်းဝေတတ်တာကို တွေ့ရပါတယ်။
တခြားတယောက်ယောက် သမ်းဝေတာမြင်ရင် လိုက်ပြီး သမ်းဝေချင်ရတဲ့ အကြောင်း
သုတေသီများ၏ အဆိုအရ ထိုကဲ့သို့ ပြုမူခြင်းဟာ လူတွေရဲ့ မျှဝေခံစားတတ်တဲ့ စိတ်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုလည်း သုတေသနစာတမ်း ပြုစုထားပါတယ်။
ဒီစာတမ်းကို Baylor တက္ကသိုလ်မှ သုတေသနပြုလုပ်ခဲ့တာ ဖြစ်ပြီး စာတမ်းကို Personality and Individual Differences ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
သုတေသန ပြုလုပ်မှုတွင် ကောလိပ်ကျောင်းသား ကျောင်းသူပေါင်း ၁၃၅ ယောက်လောက် ပါဝင်ခဲ့ပြီး ၎င်းတို့၏ ပင်ကိုစရိုက်နှင့် မတူညီတဲ့ မျက်နှာ လှုပ်ရှားမှုများအပေါ်တွင် တုန့်ပြန်မှုများကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

ရလဒ်အနေနဲ့ကတော့ လူတဦးဟာ မျှဝေခံစားတတ်တဲ့ စာနာစိတ် နည်းလေ အခြားသူတဦး သမ်းဝေသည်ကို မြင်ပြီးနောက် လိုက်ပြီး သမ်းဝေတတ်နိုင်ခြေ နည်းလေကို တွေ့ရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီရလဒ်များကို ယေဘုယျအားဖြင့် စိတ်ရောဂါ သို့မဟုတ် လူမှုဆက်ဆံရေးဆိုင်ရာ သဘောထားများအတွက် အထောက်အထားတခု အနေဖြင့်တော့ ဖော်ပြလို့ မရနိုင်ကြောင်း သတိပြုဖို့ အရေးကြီးပါတယ်။
ဆိုလိုတာကတော့ ဆက်စပ်မှုတော့ ရှိပေမယ့် လူတဦးတယောက်ကို ဒါ့ကြောင့် ဒီလိုဖြစ်တယ်ဆိုပြီး ဆုံးဖြတ်ချက် မချဖို့ သတိထားရမှာကို ပြောတာပါ။
ယခုလို လိုက်ပြီး သမ်းဝေတတ်တာကို echophenomena လို့ လူသိများပြီး လူတွေမှာသာ မကဘဲ ချင်ပန်ဇီတွေ၊ ခွေးတွေမှာပါ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

လူတွေ ဒီလို လိုက်လံ ပြုလုပ်တတ်တာ သမ်းဝေခြင်း တခုထဲ တောင် မဟုတ်ပါဘူး။
ကျွန်တော်တို့ဟာ လူအများနှင့် အံဝင်ခွင်ကျ ဖြစ်စေဖို့အတွက် အများအားဖြင့် စကားလုံးများကို တုပခြင်း (echolalia) သို့မဟုတ် အပြုအမူများကို တုပခြင်း (echopraxia) တို့ကို နေ့စဉ်လိုလို ပြုလုပ်နေကြတယ်လို့ Dr. Saghir က ပြောပါတယ်။
Reference: Contagious yawning and psychopathy, Changes in Physiology before, during, and after Yawning, A thermal window for yawning in humans: yawning as a brain cooling mechanism, Yawning: no effect of 3-5% CO2, 100% O2, and exercise
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။