တချိန်က တရုတ်နိုင်ငံ ဝေဟင်ကို စောင့်ကြည့်ခဲ့သည့် D-21 ဒရုန်းများ အကြောင်း

History Military

D-21 ဒရုန်းများဟာ မူလက အမေရိကန် လေတပ်နှင့် CIA တို့၏ စောင့်ကြည့်ရေး မစ်ရှင်များ အတွက် ရည်ရွယ်ပြီး တည် ဆောက်ထားတဲ့ မောင်းသူမဲ့လေယာဉ် အမျိုးအစား တမျိုးဖြစ်ပါတယ်။

Lockheed မှ ထုတ်လုပ်ထားတဲ့ D-21 ဟာ အသက်ထက်မြန် အမြန်နှုန်းဖြင့် အဝေးမှ ထိန်းချုပ်ကာ စစ်ရေး တင်းမာမှု ရှိတဲ့ နယ်မြေတွေကို ဖြတ်သန်း ပျံသန်းနိုင်ပါတယ်။

၎င်းဟာ မဟာဗျူဟာမြောက် မြင့်မားလှတဲ့ အမြင့်မှနေပြီး ကင်းထောက် စစ်ဆင်ရေးများ လုပ်ဆောင်နိုင်တဲ့ နာမည်ကျော် A-12၊ YF-12 နှင့် SR-71 Black Bird တို့မှ နည်းပညာများကို အသုံးပြုထားတာပါ။

A-12 မျိုးကွဲများကို Lockheed ၏ “Skunk Works” စီမံကိန်းမှ ၁၉၆၀ ခုနှစ်များတွင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Image: Courtesy of Wiki Commons

D-21 ဟာ တောင်ပံ အကျယ် ၁၉ ပေ နှင့် အရှည် ၄၃ ပေ အောက်သာ ရှိသည့် အရွယ်အစား သိပ်မကြီးသည့် ဒရုန်း တစင်းပါ။

ဒါပေမယ့် အလေးချိန်အားဖြင့် ၁၁,၀၀၀ ပေါင်လောက်ရှိတဲ့ ဒီဒရုန်းဟာ အမြင့်ပေ ၉၅,၀၀၀ လောက်အထိ တက်ရောက်နိုင်တဲ့အတွက် ထိုခေတ်အရ အတော်လေး အဆင့်မြင့်တယ်လို့ ပြောလို့ရပါတယ်။

ဒရုန်းကို သမားရိုးကျ လေယာဉ်များကဲ့သို့ တာဘိုဂျက်အင်ဂျင်ကို အသုံးပြုရမယ့်အစား တနာရီလျှင် မိုင် ၂ ထောင် လောက် အမြန်နှုန်းဖြင့် ပျံသန်းနိုင်တဲ့ Marquardt ramjet အင်ဂျင်ကို တပ်ဆင်ထားပါတယ်။

၎င်းကို မြေပြင်မှ ပျံတက်ဖို့ ဒီဇိုင်းဆွဲထားတာ မဟုတ်ဘဲ အကြီးအကျယ် မွမ်းမံထားတဲ့ နှစ်ယောက်‌မောင်း A-12 (M-21 ဟု အမည်ပေးထား) ပေါ်ကနေ ဖြုတ်ချကာ ပျံသန်းနိုင်ဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

M-12 နှင့် အတူ တွေ့ရစဉ် Image: Courtesy of Wiki Commons

D-21 ကို ၁၉၆၃ ခုနှစ်မှာ စတင် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အမှန်တကယ် လွှတ်တင် စမ်းသပ်မှုကို ၁၉၆၆ ခုနှစ် မတ်လအထိ ပြလုပ်ခဲ့ခြင်း မရှိပါဘူး။

စမ်းသပ်မှု ၃ ကြိမ် အောင်မြင်ခဲ့ပေမယ့် D-21 တွင် အင်ဂျင်ပြဿနာ ဖြစ်ခဲ့ပြီး တင်ဆောင်လာသည့် လေယာဉ် M-21 ၏ အမြှီးနှင့် တိုက်မိသောကြောင့် စတုတ္ထအကြိမ် ပျံသန်းမှုတွင် ဘေးအန္တရာယ်ကြုံတွေ့ကာ နှစ်စင်းလုံး ပျက်စီးခဲ့ပါတယ်။

အဲဒီံနောက် Skunk Works ဌာန၏ ခေါင်းဆောင် Kelly Johnson က D-21 ကို ပြင်ဆင်ပြီး အမေရိကန် လေတပ်၏ B-52 များပေါ်တွင် တင်ဆောင်စေဖို့ အကြံပြုခဲ့ပါတယ်။

နောက်ပိုင်း မော်ဒယ်ဖြစ်တဲ့ D-21B က ပစ်လွှတ်နိုင်ဖို့ အစိုင်အခဲ-တွန်းအားပေး ရော့ကတ်လောင်စာ အင်ဂျင်ကို အသုံးပြုပြီး လိုအပ်သည့် အရှိန်ကို ရရှိစေခဲ့ပါတယ်။

B-52 လေယာဉ်နှင့် အတူ Image: Courtesy of Wiki Commons

အဆိုပါ အဆင့်မြှင့်တင်ထားတဲ့ D-21 များကို ၁၉၆၁ ခုနှစ်မှ စတင် စမ်းသပ်ခဲ့ပြီး လျှို့ဝှက်ကုဒ် အမည် “Senior Bowl” ဖြင့် တရုတ်နိုင်ငံ အတွင်းသို့ ၄ ကြိမ် ကင်းထောက် စစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။

D-21 ကို ကြိုတင် စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းစေပြီးနောက် နိုင်ငံတကာ လေပိုင်နက်သို့ ပြန်လာကာ ရရှိ လာသည့် ဓာတ်ပုံများ ထည့်ထားသည့် အပိုင်းကို လေထီးဖြင့် ပြန်လည် ကျဆင်းစေသည့် နည်းကို အသုံးပြုခဲ့ပါတယ်။

အဲဒီနောက် အဆိုပါ အထုပ်ကို အထူး ကိရိယာများ တပ်ဆင်ထားသည့် လေယာဉ်ဖြင့် သို့မဟုတ် သင်္ဘော တို့ဖြင့် ပြန်လည် ဆယ်ယူပါတယ်။

ထိုကဲ့သို့ ဓာတ်ပုံများ ပါဝင်သည့် အထုပ်အား ထုတ်လွှတ်ပြီးနောက်တွင် ဒရုန်းကို သူ့အလိုလို ပျက်စီးသွားအောင် စီမံထားပါတယ်။

Image: Courtesy of Wiki Commons

ဒီနည်းလမ်းဟာ ခေတ်အရ နည်းပညာ အဆင့်မြင့်မားပြီး အလုပ်ဖြစ်ပေမယ့် ကုန်ကျစရိတ်ကတော့ အလွန်ကြီးမားပါတယ်။

စစ်ဆင်ရေးများဟာလည်း ဘယ်တော့မှ အပြည့်အဝ အောင်မြင်ခဲ့တာမျိုး မရှိပါဘူး။

ဒါ့ကြောင့် ၁၉၇၁ ခုနှစ်မှာ အမေရိကန် လေတပ်ဟာ စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီး ထုတ်လုပ်ပြီးသား ကျန်ရှိနေသည့် D-21 ၃၈ စင်းကို ဆက်လက် အသုံးမပြုတော့ဘဲ သိမ်းဆည်းခဲ့ပါတယ်။

အဲဒီ့အထဲမှ D-21B ၁၀ စင်းကို စစ်ဘက်နှင့် လေကြောင်း ပြတိုက်တွင် ပြသထားပြီး နောက်ထပ် တစင်းကိုတော့ Seattle ရှိ လေကြောင်း ပြတိုက်မှာ M-21 လေယာဉ်တွင် ချိတ်ဆွဲထားသည့် ပုံစံဖြင့် ပြသထားပါတယ်။

M-12 နှင့် D-21 အား တွဲဖက် မြင်ရစဉ် Image: Courtesy of Wiki Commons

မအောင်မြင်ခဲ့သည့် စစ်ဆင်ရေး တခုမှ တရုတ်တို့ ရရှိခဲ့သည့် D-21 တစင်းကိုလည်း ဘေဂျင်းရှိ တရုတ် လေကြောင်းပြတိုက်တွင် ပြသထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.