လျှို့ဝှက် ဆန်းကြယ်မှု များကို ရှာဖွေနေတဲ့ ရေနက်ပိုင်းသွား စက်ရုပ် အကြောင်း

Knowledge Tech

အဆိုပါ စက်ရုပ်ဟာ iPhone တစ်လုံးနဲ့ တူညီတဲ့စွမ်းအင်ကိုသာ သုံးစွဲတယ်လို့ သိရပါတယ်။

သိပ္ပံပညာရှင်များက ကျယ်ပြော နက်ရှိုင်းလှတဲ့ ပင်လယ်ကြမ်းပြင်ထက် လမျက်နှာပြင် အကြောင်းကို ပို၍သိကြတယ်ဟု ဆိုကြပါတယ်။

ယခုအခါ Benthic Rover II ဟုခေါ်တဲ့ Monterey Bay Aquarium Research Institute (MBARI) မှ အလိုအလျောက် စက်ရုပ် rover အသစ်ဟာ သမုဒ္ဒရာ မျက်နှာပြင်အောက် ပေ ၁၃၁၀၀ (၄၀၀၀ မီတာ)မှာ သက်ရှိဆိုင်ရာ အသိပညာအသစ်များကို ပေးဆောင်လျက်ရှိပါတယ်။

အဆိုပါ ယာဥ်ဟာ ပင်လယ်ကြမ်းပြင်တစ်လျောက် လည့်ပတ်ပြီး ပင်လယ်နက်ပိုင်း အသစ်အဆန်းများကို ရှာဖွေလျက်ရှိပါတယ်။

အဆိုပါ ယာဥ်ရဲ့ ရေနက်ပိုင်းအထိ ဆင်းသက်နိုင်တဲ့ အောင်မြင်မှုကြောင့် ယခုအခါ ရေကြောင်းနဲ့ ပင်လယ်မျက်နှာပြင်ကြား ချိတ်ဆက်ပြောင်းလဲမှုတွေကို ရေရှည်စောင့်ကြပ်နိုင်မှာပဲ ဖြစ်ပါတယ်။

အဆိုပါ ချိတ်ဆက်ထားတဲ့ ဖြစ်စဉ်များကို နားလည်ခြင်းဟာဆိုရင် ပြောင်းလဲနေတဲ့ ရာသီဥတုဖြစ်စဥ်တွေထဲမှာ ကျရောက်နေတဲ့ ​ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ရဲ့ ကျန်းမာရေး နှင့် လိုအပ်ချက်​တွေကို ခန့်မှန်းနိုင်ဖို့အတွက် အရေးတကြီး လိုအပ်ပါတယ်” ဟု အကြီးတန်းသိပ္ပံပညာရှင် Ken Smith ကMBARI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo: Courtesy of MBARI

ဒီ Rover ရဲ့ ထူးခြားချက်က ဘာလဲ။

ကမ္ဘာမြေကြီးရဲ့ ကာဗွန်စက်ဝန်း နှင့် ရာသီဥတုကို အပြည့်အဝနားလည်နိုင်ဖို့ဆိုရင် ကျွန်ုပ်တို့ဟာ ပင်လယ်နက်ပိုင်း အခြေအနေတွေကို နားလည်ဖို့ လိုအပ်ပါတယ်။

သို့သော်လည်း ယခုအချိန်အထိ ပြင်းထန်တဲ့ဖိအားတွေ နှင့် ပင်လယ်ရေရဲ့ အဆိပ်သင့်မှုတွေ စတဲ့ အတားအဆီးတွေဟာ ပင်လယ်နက်ပိုင်း ကာဗွန်လှုပ်ရှားမှုကို စစ်ဆေးနိုင်ဖို့အတွက် တွင်းနက်ပင်လယ်ကြမ်းပြင်သို့ စက်ကိရိယာများ ပေးပို့နိုင်ဖို့က မဖြစ်နိုင်လုနီးပါးအထိ ဖြစ်စေပါတယ်။

သို့​ပေမဲ့ Benthic Rover II ဟာ ပင်လယ်ရေနက်ပိုင်း ကြမ်းပြင်များကို စဉ်ဆက်မပြတ် စောင့်ကြည့်နေခြင်းဖြင့် ယခု ပြောင်းလဲမှုတွေကို မြင်တွေ့ရမှာ ဖြစ်တယ်ဟုဆိုပါတယ်။

၎င်းရဲ့ ဆက်လက်လုပ်ဆောင်မှုကြောင့် Rover ဟာ စိတ်လှုပ်ရှားဖွယ်ရာ မမြင်ဖူးတဲ့ အဖြစ်အပျက်များကို ရိုက်ကူးနိုင်ဖွယ်ရှိကြောင်း လျှပ်စစ်အင်ဂျင်နီယာအဖွဲ့မှ ဦးဆောင်သူ Alana Sherman က ပြောကြားခဲ့ပါတယ်။

“ကျွန်ုပ်တို့အနေနဲ့ အချိန်တိုင်း ​စောင့်မကြည့်ဘူးဆိုရင် အဓိက လုပ်ဆောင်ချက်ကို လွဲချော်နိုင်ဖွယ် ရှိတယ်” ဟု Alana Sherman က ရှင်းပြပါတယ်။

Benthic Rover II ဟာ အင်ဂျင်နီယာအတတ်ပညာတစ်ခု ဖြစ်ပြီး သံချေးတက်ခြင်းကို ခံနိုင်ရည်ရှိတဲ့ တိုက်တေနီယမ်၊ ပလတ်စတစ်နှင့် ဖိအားဒဏ်ခံနိုင်တဲ့ syntactic foam တို့ဖြင့် ပြုလုပ်ထားပြီး ၎င်းဟာ ၁၉၇၀၀ ပေ (၆၀၀၀ မီတာ) အနက်အထိ ဖြန့်ကျက်မှုကို ခံနိုင်ရည်ရှိတယ် ဟုဆိုပါတယ်။

Photo: Courtesy of MBARI

ကွန်ပျူတာ ထိန်းချုပ်မှုစနစ် နဲ့ ဆော့ဖ်ဝဲလ်များ တစ်နှစ်ပတ်လုံး ပျက်စီးယိုယွင်းမှုမရှိဘဲ လည်ပတ်နိုင်သည့်အပြင် ယုံကြည်စိတ်ချရအောင် တပ်ဆင်ထားပြီး ပါဝါအလွန်နည်းတဲ့ အီလက်ထရွန်းနစ် ပစ္စည်းများကို တစ်နှစ်ပတ်လုံး ကြာရှည်ခံစေရန်အတွက်လည်း တပ်ဆင်ထားပါတယ်။

အံ့သြစရာ ကောင်းလောက်အောင် ကြီးမားတဲ့ အရွယ်အစားရှိသော်လည်း Rover ဟာ iPhone ကဲ့သို့ပင် ပျမ်းမျှအားဖြင့် ၂ ဝပ်သာ စွမ်းအင် သုံးစွဲတယ် ဟု သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *