သဲကန္တာရမှာ ညဘက် အရမ်းအေးရတဲ့ အကြောင်းနှင့် တိရိစ္ဆာန်များ နေထိုင်ပုံ

Knowledge Nature

မြောက်အာဖရိကရှိ ဆာဟာရ သဲကန္တာရကို တစ်ရက်လောက် ခရီးထွက်လာပါက ရေအများကြီးနဲ့ နေလောင်ခံ ခရင်မ်တွေ အများကြီး ယူလာချင်ပါလိမ့်မယ်။

ဒါပေမယ့် ညအိပ်ဖို့ စီစဉ်ထားရင် အိတ်ဆောင် မွေ့ယာလိပ်ပါ ယူလာရင် ပိုကောင်းပါတယ်။

NASA ရဲ့ အဆိုအရ ဒီလို ဖြစ်ရတာဟာ ဆာဟာရမှာရှိတဲ့ အပူချိန်တွေက နေ့ဘက်တွင် ပျမ်းမျှ ၁၀၀ ဒီဂရီဖာရင်ဟိုက် (၃၈ ဒီဂရီစင်တီဂရိတ်) မှ ညအချိန်တွင် ပျမ်းမျှအနိမ့်ဆုံး ၂၅ ဒီဂရီဖာရင်ဟိုက် (အနုတ် ၄ ဒီဂရီစင်တီဂရိတ်) အထိ နေဝင်သည်နှင့် ကျဆင်းသွားနိုင်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒါဆို ဆာဟာရလို ခြောက်သွေ့တဲ့ သဲကန္တာရတွေမှာ ဒီလို သိသိသာသာ အပူချိန် အပြောင်းအလဲဖြစ်ရတာက ဘာ​ကြောင့်လဲ နောက်ပြီး ဒီလို အပူချိန်လွန်ကဲမှုနှင့်အတူ တိရစ္ဆာန်တွေနဲ့ အပင်တွေက ဘယ်လိုမျိုး ရှင်သန်နေထိုင်နေကြတာလဲ ဆိုတာကို ဖော်ပြပေးသွားမှာပါ။

အပူနှင့် စိုထိုင်းဆ

ခြောက်သွေ့သော သဲကန္တာရများ (ကမ္ဘာမြေ၏ ၃၅ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားသည့် ခြောက်သွေ့သောဒေသများ) ဟာ အလွန်ပူလာပြီး နောက်ပိုင်းတွင် အလွန် အေးလာရခြင်း၏ အကြောင်းရင်းမှာ အဓိက အချက်နှစ်ချက်ဖြစ်သည့် သဲနှင့် စိုထိုင်းဆ ပေါင်းစပ်မှုတို့ကြောင့် ဖြစ်ပါတယ်။

သဲကန္တာရ နေဝင်ချိန်

သဲတွေဟာ အပူကို ကောင်းစွာ မထိန်းနိုင်ပါဘူး။

နေ၏ အပူနှင့် အလင်းရောင်က သဲထူထပ်သော သဲကန္တာရကို ကျရောက်တဲ့အခါ သဲကန္တာရ၏ အပေါ်ဆုံး အလွှာရှိ သဲမှုန်တွေက အပူကို စုပ်ယူကာ လေထဲသို့ ပြန်ထုတ်တယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ် Pasadena ရှိ Jet Propulsion Laboratory ၏ ၂၀၀၈ ခုနှစ် အစီရင်ခံစာ အရ သိရပါတယ်။

နေ့ခင်းဘက်တွင် နေ၏စွမ်းအင်ဟာ သဲတွေကြောင့် လေကို ပိုပူစေပြီး အပူချိန်ကို မြင့်စေပါတယ်။

သို့သော် ညဘက်တွင် သဲ၏ အပူအများစုက လေထဲသို့ လျင်မြန်စွာ ဖြာထွက်ပြီး ၎င်းကို ပြန်လည် အပူပေးရန် အတွက် နေရောင်မရှိတာကြောင့် သဲနှင့် ၎င်း၏ ပတ်ဝန်းကျင်ကို ယခင်ကထက် ပိုအေးစေပါတယ်။

သို့သော်လည်း ဤဖြစ်စဉ်တစ်ခုတည်း​က ဒီလိုအပူချိန် သိသိသာသာ ကျဆင်းစေတာမဟုတ်ပါဘူး။ ပြီးတော့ အပူပိုင်းကမ်းခြေမှာ နေဝင်တဲ့အခါ ဆောင်းတွင်းအင်္ကျီ ၀တ်စရာ မလိုပါဘူး။

ပြင်းထန်သော အပူချိန် ပြောင်းလဲမှု၏ အဓိကအကြောင်းရင်းမှာ ကန္တာရ လေထု၏ အလွန်ခြောက်သွေ့မှုကြောင့် ဖြစ်ပါတယ်။

ချီလီနိုင်ငံရှိ Sahara နှင့် Atacama သဲကန္တာရကဲ့သို့ ခြောက်သွေ့သော သဲကန္တာရတွေမှာ စိုထိုင်းဆ (လေထုထဲရှိ ရေခိုးရေငွေ့ပမာဏ) က လက်တွေ့တွင် သုညဖြစ်ပြီး သဲနှင့်မတူဘဲ ရေဟာ အပူကို သိုလှောင်နိုင်စွမ်း ကြီးမားပါတယ်။

World Atlas ၏ အဆိုအရ လေထုထဲရှိ ရေခိုး ရေငွေ့တွေဟာ မမြင်နိုင်သော ဧရာမ စောင်ကြီး တခု ကဲ့သို့ မြေပြင်နှင့် နီးနီး ကပ်ကပ်တွင် အပူ တွေကို ပိတ်မိစေပြီး လေထုထဲသို့ စိမ့်ဝင်သွားခြင်းကို ရပ်တန့်စေတယ်လို့ သိရပါတယ်။

စိုထိုင်းဆမြင့်မားသောလေဟာ အပူမြင့်တက်ရန် စွမ်းအင်ပိုမိုလိုအပ်ပြီး ထိုစွမ်းအင်တွေ ပြေပျောက်စေရန်နှင့် ပတ်ဝန်းကျင်ကို အေးစေရန်အတွက် အချိန်ပိုယူရပါတယ်။

နေ့ဘက် ကန္တာရမြင်ကွင်း

ထို့ကြောင့် သဲကန္တာရတွေမှာ စိုထိုင်းဆမရှိခြင်းက ဤခြောက်သွေ့သော နေရာတွေကို လျင်မြန်စွာ အပူမြင့်တက်စေရုံသာမက လျင်မြန်စွာ အေးစေပါတယ်။

လွန်ကဲသော အပူချိန်နှင့် လိုက်လျောညီထွေဖြစ်နေခြင်း

ထိုသို့ အရှိန်အဟုန်ဖြင့် အပူချိန် ပြောင်းလဲနေသော်လည်း ကန္တာရ တိရစ္ဆာန်တွေဟာ သဲကန္တာရ၏ လွန်ကဲသော အပူချိန် ပြောင်းလဲမှု တွေကို ကောင်းစွာ လိုက်လျောညီထွေ ရှိကြပါတယ်။

“အဲဒါက သူတို့အတွက် အတော်လေးသေးငယ်တဲ့ ပြဿနာဖြစ်တတ်ပါတယ်” လို့ ကန္တာရ တိရိစ္ဆာန်တွေကို အထူးပြု လေ့လာနေသော အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဇီဝကမ္မဗေဒပညာရှင် Dale DeNardo က ပြောကြားခဲ့ပါတယ်။

ပိုမိုကြီးမားသော စိန်ခေါ်မှုမှာ အသက်ရှင် ရပ်တည်ရန် အတွက် အစာနှင့်ရေ လုံလောက်စွာရရှိရေး ဖြစ်ပါတယ်။

သဲကန္တာရတွင် အပေါများဆုံးနှင့် အမျိုးစုံကွဲပြားသော တိရစ္ဆာန်အုပ်စု ဖြစ်သည့် တွားသွားသတ္တဝါတွေဟာ သွေးအေးသတ္တဝါတွေ ဖြစ်တာကြောင့် လွန်ကဲသော အပူချိန် ပြောင်းလဲမှုနှင့် ကောင်းစွာ လိုက်လျောညီထွေရှိပြီး သူတို့က ပုံမှန် ကိုယ်အပူချိန်ကို ထိန်းသိမ်းရန်အတွက် စွမ်းအင်ကို မြှုပ်နှံရန် မလိုအပ်ပါဘူး။

ကန္တာရ ကင်းမြီးကောက် တကောင်

တစ်နည်းဆိုရသော် တွားသွား သတ္တဝါတွေက အမဲလိုက်ခြင်း ကဲ့သို့သော အခြား နေရာတွေမှာ ဒီစွမ်းအင်ကို အသုံးပြုနိုင်ပါတယ်။

တွားသွားသတ္တဝါများစွာဟာ သေးငယ်သည့်အတွက် နေ့ဘက်တွင် အရိပ်ရနေသော ချောင်ကြိုချောင်ကြားတွေ သို့မဟုတ် ညဘက်တွင် ပူနွေးသော ကျောက်ဆောင်များကို ရှာဖွေနေထိုင် နိုင်သည့် အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

“အထူးသဖြင့် သင် သေးငယ်တဲ့အခါမှာ ပိုပူဖို့ ဒါမှမဟုတ် ပိုအေးဖို့ သွားလို့ရတဲ့ ကွဲပြားတဲ့ နေရာတွေ အများကြီးရှိပါတယ်” လို့ DeNardo က Live Science သို့ ပြောထားပါတယ်။

သို့ရာတွင် ကုလားအုတ်တွေ ကဲ့သို့ သွေးနွေးသော နို့တိုက်သတ္တဝါကြီးတွေဟာ နေမှ အဝေးသို့ ပုန်းရှောင်ရန် အလွန်ကြီးမားလွန်းပြီး သူတို့ရဲ့ ခန္ဓာကိုယ်အပူချိန် ကျဆင်းသွားအောင် မလုပ်နိုင်ပါဘူး။

ထို့အစား ကုလားအုတ်တွေက အပူအအေး နှစ်မျိုးလုံးတွင် ခန္ဓာကိုယ် အပူချိန်ကို ထိန်းထားခြင်းဖြင့် ရှင်သန်ကြပါတယ်။

ကုလားအုတ်များ

အဆီနှင့် ထူထဲသော အမွေးပုံစံဖြင့် အကာအရံများစွာ ပါရှိခြင်းကြောင့် ထိုသို့ လုပ်ဆောင်နိုင်တာဖြစ်ပြီး အဲ့တာဟာ သူတို့ကို နေ့ဘက်တွင် အပူလွန်ကဲစွာ ရရှိခြင်း မဖြစ်စေရန်နှင့် ညဘက်တွင် အလွန်အကျွံ ဆုံးရှုံးခြင်းမှ ကာကွယ်ပေးတယ်လို့ DeNardo က ပြောပါတယ်။

ကုလားအုတ်များ၏ ဘို့မှ အလုပ်လုပ်ပုံကို “ကန္တာရထဲတွင် ကုလားအုတ်တွေ ဘယ်လို ရှင်သန်နေကြသလဲ” ဆိုတဲ့ ခေါင်းစဉ်နှင့် ဖော်ပြ ထားပါတယ်။

ဆန့်ကျင်ဘက်အားဖြင့် သဲကန္တာရ ငှက်တွေဟာ လူတွေ ချွေးထွက်ခြင်းနှင့် ခွေးတွေ “ဟောဟဲဖြစ်ခြင်း” ပုံစံကဲ့သို့ အငွေ့ပျံစေသော အအေးခံခြင်းနည်းကို အသုံးပြုပါတယ်။

ဥပမာအားဖြင့် လင်းတအချို့က သူတို့ရဲ့ ခြေထောက်တွေကို အေးစေရန် ဆီးသွားခြင်းကဲ့သို့ မတူညီသော နည်းလမ်းများစွာ မှတစ်ဆင့် သူတို့ရဲ့ ခန္ဓာကိုယ်မှ အပူကို ဖယ်ရှားရန် ရေကို အသုံးပြုကြပါတယ်။

သို့သော် ရေအရင်းမြစ်တွေကြား ကြာရှည်စွာ ပျံသန်းခြင်း သို့မဟုတ် အစာကို ရှာစားနိုင်ခြင်း ကဲ့သို့ သူတို့ရဲ့ အရည်အချင်းတွေကြောင့် အခြားသော သဲကန္တာရ တိရစ္ဆာန်တွေလို ရေကို ထိန်းသိမ်းခြင်း အတွက် စိတ်ပူစရာ မလိုအပ်ပါဘူး။

“သူတို့က သဲကန္တာရရဲ့ ကန့်သတ်ချက်တွေကို တကယ် မခံစားရတာကြောင့် လှည့်စားတယ်လို့ ကျွန်တော် သတ်မှတ်တယ်” လို့ DeNardo က ဆိုပါတယ်။

အခြားတစ်ဖက်တွင် အပင်တွေကလည်း အပူချိန် လွန်ကဲမှုကို ပို၍ ခံနိုင်ရည်ရှိကြပါတယ်။

“သူတို့က မလှုပ်နိုင်တာကြောင့် ပိုကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတယ်” လို့ DeNardo က ပြောပါတယ်။

ထို့ကြောင့် ရှားစောင်းပင်တွေကဲ့သို့ အထင်ကရ ကန္တာရ အပင်တွေဟာ သူတို့ရဲ့ အဖိုးတန်ရေ တွေကို သားကောင်များရန်မှ ကာကွယ်ရန် ဆူးချွန်နှင့် အဆိပ်တွေကဲ့သို့သော ကာကွယ်ရေး အမြောက်အမြားကို တီထွင်ခဲ့ကြပါတယ်။

တွားသွား သတ္တဝါတကောင်

သို့သော် ညအချိန်ရှိ အလွန်အေးသော အပူချိန်ဟာ ရေတွေ အေးခဲပြီး တစ်ရှူးများအတွင်း ပြန့်နှံ့သွားတာကြောင့် အပင်များအတွက် သေစေနိုင်ပါတယ်။

ထို့ကြောင့် အပင်တွေဟာ အအေးလိုင်းလို့ခေါ်တဲ့ လေအပူချိန် ညတိုင်းတွင် နှစ်နာရီကျော်ကြာလောက် အေးစေနိုင်မှုအောက်တွင် မကျရောက်နိုင်သည့် နေရာများတွင်သာ ပေါက်ရောက်ပါတယ်။

ရာသီဥတုပြောင်းလဲခြင်း

သုတေသီတွေက ရာသီဥတုပြောင်းလဲမှုက ခြောက်သွေ့သောနေရာများနှင့် သက်ရှိတွေကို မည်သို့အကျိုးသက်ရောက်နိုင်သလဲဆိုတာကို ရှာဖွေနေကြဆဲဖြစ်သော်လည်း “အပြောင်းအလဲတွေကို ကျွန်တော်တို့ သေချာပေါက် မြင်တွေ့ရလိမ့်မယ်” လို့ DeNardo က ပြောကြားခဲ့ပါတယ်။

သဲကန္တာရအများစုအတွက် ပျမ်းမျှအပူချိန်ဟာ ၃ မှ ၄ ဒီဂရီဖာရင်ဟိုက် (၁.၇ မှ ၂.၂ စင်တီဂရိတ်) အတွင်း မြင့်တက်လိမ့်မယ် လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။

သို့သော်လည်း သုတေသနပြုချက်တွေအရ “ညတွေဟာ ပိုမို ပူနွေးလာမည် ဖြစ်သော်လည်း နေ့အပူတွေ လောက်တော့ မဆိုးရွားပါဘူး” လို့ DeNardo က မှတ်ချက်ပြုခဲ့ပါတယ်။

ထို့အစား တကယ့် ပြဿနာမှာ ရာသီဥတုပြောင်းလဲမှုက ကန္တာရ သတ္တဝါတွေ အားကိုးအားထား ပြုရသော နှစ်စဉ် မိုးရွာသွန်းမှု ပမာဏအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

“ဒါဟာ တသမတ်တည်း လျော့နည်းလာမှာဖြစ်ပြီး သင့်မှာ အတော်လေး စိုစွတ်တဲ့နှစ်တွေနဲ့ ခြောက်သွေ့တဲ့နှစ်တွေ ရှိလာလိမ့်မယ်” လို့ DeNardo က ဆိုပါတယ်။

ဒါပေမယ့် အများစုဟာ လုံလောက်အောင် စိုစွတ်နေရင်တောင်မှ ပြဿနာ ကြီးကြီးမားမား ဖြစ်လာဖို့ ခြောက်သွေ့တဲ့ နှစ်တစ်နှစ်စာပဲ ကြာလိမ့်မှာဖြစ်ပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 18/12/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *