ခွေးနဲ့ တခြားတိရစ္ဆာန်လေးတွေ ဒဏ်ရာကို လျက်ရတဲ့အကြောင်းအရင်း

Article Nature

“ဒဏ်ရာကို လျှာဖြင့်လျက်ခြင်း “ဟာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာခြင်းနှင့် အဓိပ္ပါယ်တူပြီး အဆိုပါ အပြုအမူကို အိမ်မွေးတိရစ္ဆာန်အချို့နှင့် အခြားတိရစ္ဆာန်များတွင် တွေ့ရလေ့ရှိပါတယ်။

ခွေးလေးတွေ ၊ကြွက်လေးတွေသာမက ပုရွက်ဆိတ်တွေတောင် လုပ်ကြပါတယ်။ တိရစ္ဆာန်မျိုးစုံတို့က ၎င်းတို့ရဲ့ တံတွေးများကို ခြစ်ရာနှင့် ဒဏ်ရာသို့ သုတ်လိမ်းကြပါတယ်။

ဒါပေမယ့် ဒီတိရိစ္ဆာန်လေးတွေက သူတို့ရဲ့ဒဏ်ရာတွေကို ဘာကြောင့် လျက်​ကြတာလဲ ဆိုတာ သိချင်ပါလိမ့်မယ်။

အဖြေကတော့ လျှာဖြင့် ထိုးခြင်း နှင့် တံတွေးထွေးခြင်းဟာ အနာကျက်ခြင်း ဂုဏ်သတ္တိများ တွင် အဓိက အကျုံးဝင်လို့ ဖြစ်ပါတယ်။

ဒဏ်ရာကို လျှာဖြင့် လျက်ခြင်းဟာ ယားယံခြင်းနှင့် နာကျင်ခြင်းများကို သက်သာစေနိုင်ပြီး ဒဏ်ရာများကို မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်စေမည့် သဘာဝက ရွေးချယ်ထားတဲ့ တုံ့ပြန်မှု တစ်ခု ဖြစ်တယ်ဟု

ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အငြိမ်း စား တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် ပါမောက္ခ ဒေါက်တာ Benjamin Hart က ဆိုပါတယ်။

အထူးသဖြင့် ခွေးများနှင့် အခြား အိမ်မွေး တိရစ္ဆာန်များတွင် တွေ့ရလေ့ရှိတဲ့ လျက်ဖြင့်လျက်တဲ့ ဗီဇတွေဟာ ပိုမိုကောင်းမွန်တဲ့ ဒဏ်ရာကုသမှုပဲ ဖြစ်ပါတယ်။

ဆေးဝါး မပါဘဲ တိရစ္ဆာန်လေးတွေ အတွက် လျှာက အကောင်းဆုံး ဆေးဝါး ဖြစ်နိုင်တယ်ဟု Minnesota တက္ကသိုလ်မှ တိရစ္ဆာန် ဆေးကုဆရာဝန်နှင့် တိရစ္ဆာန်အမူအကျင့်ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Kristi Flynn က ဆိုပါတယ်။

လျှာဖြင့် လျက်ခြင်းဟာ ဒဏ်ရာမှ ပိုးမွှားများ သို့မဟုတ် အညစ်အကြေးများကို ဖယ်ရှားနိုင်ပြီး နာကျင်မှုကို သက်သာစေတယ်ဟု Flynn က ဆိုပါတယ်။

လူတစ်ယောက်က ပူနေတဲ့ မီးဖိုကို ကိုင်မိပြီးနောက် လက်ကို ဆုပ်ကိုင်ထားပုံနဲ့ ဆင်တူပါတယ်။ ဒါ့ကြောင့် တိရစ္ဆာန်လေးတွေ နာကျင်မှုခံစားရတဲ့အခါ သက်သာစေဖို့ ကြိုးစားခြင်းဟာ သဘာဝကျတဲ့ စိတ်ဆန္ဒဖြစ်တယ် ဟု Flynn က ရှင်းပြပါတယ်။

ဒဏ်ရာတွေကို လျက်တာဟာ ဝံပုလွေဘိုးဘေးဆီ ပြန်သွားတဲ့ ခွေးတွေရဲ့ ဗီဇတစ်ခုဖြစ်တယ် ဟု Hart က Live Science သို့ ပြောကြားခဲ့ပါတယ်။

“သူတို့မှာ ဒဏ်ရာရှိတယ်၊ ဒါ့ကြောင့် သန့်ရှင်းအောင်ထားပြီး ပိုးမွှားနဲ့ အညစ်အကြေးတွေကို ဆေးကြောဖို့ လျက်တာဖြစ်တယ် “ဟု ဆိုပါတယ်။

တိရစ္ဆာန်အချို့ရဲ့တံတွေး (လူအပါအဝင်) တွေမှာ ဘက်တီးရီးယားပိုးမွှားများ၊ တစ်သျှူးများနှင့် အာရုံကြော ကြီးထွားမှုကို မြှင့်တင်ပေးသည့် ဂုဏ်သတ္တိများရှိတယ်ဟု ဆိုပါတယ်။

ဥပမာ ခွေးတံတွေးထဲမှာ တိရိစ္ဆာန်များကို အဓိကကူးစက်သည့် Streptococcus canis နှင့် E. coli ဘက်တီးရီးယားပိုးများကို ကာကွယ်ဖယ်ရှားရာတွင် ထိရောက်မှုရှိကြောင်း Physiology & Behavior ဂျာနယ်တွင် ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

PLOS One ဂျာနယ်မှ ခွေးနှင့် လူ့တံတွေးကို နှိုင်းယှဉ်သည့် နောက်ထပ်လေ့လာမှုတစ်ခုတွင် ခွေးသွားရည်မှာ သီးခြားကိုယ်ခံအားနှင့် ဆဲလ်ကြီးထွားမှုပရိုတင်းများစွာကို တွေ့ရှိခဲ့ကြပါတယ်။

အလားတူ ကြွက်တံတွေးထွေးထဲမှာလည်း အရေပြားကြီးထွားမှုနှင့် အနာပိတ်ခြင်းကို အားပေးသည့် ဒြပ်ပေါင်းများပါရှိတယ် ဟု လေ့လာမှုတစ်ခုအရ သိရပါတယ်။

ခံတွင်းဇီဝဗေဒဆိုင်ရာ Archives of Oral Biology တွင် 2019 ခုနှစ် လေ့လာမှုအရ လူသားတံတွေးတွင် အလားတူ ကြီးထွားမှုဆိုင်ရာ အကြောင်းရင်းများကို တွေ့ရှိနိုင်တယ် ဟု ဆိုပါတယ်။

သို့သော် အိမ်မွေးတိရစ္ဆာန်များအတွက်ရော လူများအတွက်ပါ ခေတ်မီဆေးပညာခေတ်မှာ ဒဏ်ရာကို လျှာဖြင့်လျက်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုး ပိုဖြစ်စေနိုင်တဲ့အတွက်ကြောင့် ကြောင်များနှင့် ခွေးများကို တိရစ္ဆာန်ဆေးကုဆရာဝန်က ပလတ်စတစ် ကော်လာကို တပ်ဆင်ပေးလေ့ရှိပါတယ်။

ခွဲစိတ်ထားတဲ့ နေရာကို လျှာဖြင့် လျက်ခြင်းသည် ဒဏ်ရာကို ပျက်စီးစေနိုင်ပြီး အလွန်သေးငယ်တဲ့ ဒဏ်ရာကို ကြီးကြီးမားမား ဖြစ်သွားစေနိုင်တယ်ဟု Flynn မှ ဆိုပါတယ်။

အထူးသဖြင့် ခွေးများဟာ အလွန်အကျွံ လျှာဖြင့် လျက်တတ်တဲ့အတွက်ကြောင့် ခွဲစိတ်ဒဏ်ရာကို ပိုမိုဆိုးရွားစေပါတယ်။

ဒါ့အပြင် ဒဏ်ရာများကို လျက်ခြင်းဟာ ပါးစပ်မှ ဘက်တီးရီးယားပိုးများကို ဒဏ်ရာရသည့်နေရာသို့ ထိတွေ့စေပြီး ကူးစက်နိုင်ခြေကို တိုးစေတယ်ဟု Flynn က ဆက်လက်ပြောပါတယ်။

တံတွေးက ဘက်တီးရီးယားပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိအချို့ရှိသော်လည်း 1990 သုတေသနပြုချက်အရ အရေပြားပေါ်တဲ့တွေ့ရတက်တဲ့ Staphylococcus ဘတ်တီးရီးယားပိုးကိုတော့ မသုတ်သင်နိုင်တာကို တွေ့ခဲ့ရပါတယ်။

ဘာပဲပြောပြော ခေတ်မီသိပ္ပံပညာနှင့် ဆေးပညာတွေ တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ဒဏ်ရာကို လျှာဖြင့် လျက်ခြင်းဟာ အခြားအခြားရွေးချယ်စရာမရှိတဲ့ တောရိုင်းတိရိစ္ဆာန်များအတွက် ကောင်းမွန်တဲ့ အဖြေတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် အိမ်မွေးကြောင်နဲ့ ခွေးပိုင်ရှင်တွေအတွက်တော့ တိရစ္ဆာန်ဆေးကုဆရာရဲ့ အကြံဉာဏ်ကို နားထောင်တာက ပိုကောင်းပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.