ခွေးတွေ သက်ပြင်းချ ရတဲ့ အကြောင်းအရင်း

Knowledge Nature

ခွေးလေးတွေဟာ လဲလျောင်းနေပြီး သူ့လက်ကလေးတွေအပေါ် ခေါင်းတင်ကာ ကြီးကြီးကျယ်ကျယ် သက်ပြင်း ချလိုက်တယ် ဆိုတာဟာ ခွေးပိုင်ရှင်တိုင်းအတွက် အကျွမ်းတဝင်ရှိတဲ့ မြင်ကွင်းတစ်ခုဖြစ်မှာပါ။

ဒါဟာ ဝမ်းနည်းနေတာလား၊ အဆင်ပြေနေတာလား၊ သူ့ဘဝမှာ စိတ်ပျက်နေတာလား။ American Kennel Club ရဲ့ အဆိုအရ ဒီအသံကြားရတဲ့ဖော်ပြချက်ဟာ အထက် ဖော်ပြပါတွေထဲမှ တစ်ခုခုဖြစ်နိုင်တယ်လို့ သိရပါတယ်။

အဲ့တာဟာ အခြေအနေပေါ် မူတည်၍ ရောင့်ရဲမှုကို ပေါ့ပေါ့တန်တန် ​ဖော်ပြခြင်း ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ အခြေအနေရဲ့ အရိပ် အယောင်တစ်ခု ဖြစ်နိုင်ပါတယ်။
မျက်လုံး တဝက်မှိတ်ပြီး သက်ပြင်းချခြင်းဟာ မျက်လုံးဖွင့်ရင်း သက်ပြင်းချခြင်းနဲ့ ကွဲပြားပါတယ်။

ဒီ သက်ပြင်းချခြင်းရဲ့ ကြိမ်နှုန်းနဲ့ လေးလံမှုကိုလည်း ထည့်သွင်း စဉ်းစား သင့်ပါတယ်။ ဒါတွေကတော့ သင့်ခွေးလေးတွေ သက်ပြင်းချ ရတဲ့ အကြောင်းရင်းအချို့ဖြစ်ပါတယ်။

ခွေးလေးတွေက ဘာပြောဖို့ ကြိုးစားနေတာလဲ

၂၀၁၈ ခုနှစ် Bari Aldo Moro တက္ကသိုလ်မှ လေ့လာမှုအရ ခွေးတွေဟာ လူသားတွေနဲ့ ဆက်သွယ်ရန်အတွက် ခန္ဓာကိုယ် ဘာသာ စကားနဲ့ အသံထွက်တွေကို အသုံးပြုကြတယ်လို့ သိရပါတယ်။

သက်ပြင်းချခြင်းဟာ ခွေးတစ်ကောင်က သူ့ရဲ့ကျေနပ်မှု သို့မဟုတ် စိတ်ပျက်မှုကို ဖော်ပြတဲ့ နည်းလမ်းတစ်ခုဖြစ်သော်လည်း ဒါဟာ အခြေ အနေအပေါ်တွင် များစွာမူတည်ပါတယ်။

အာရုံကြောစိတ်ပညာသုတေသီ ပါရဂူ Stanley Coren နဲ့ ခွေးလေ့ကျင့်ရေးဆရာ Sarah Hodgson တို့က ခွေးလေးတွေရဲ့ သက်ပြင်းချမှုက တစ်ခါတစ်ရံတွင် လုပ်ဆောင်ချက်ကို ရပ်တန့်တဲ့ ရိုးရှင်းသော စိတ်ခံစားမှုအချက်ပြမှုတစ်ခုလို့ သူတို့ရဲ့ စာအုပ် “Understanding Your Dog For Dummies” တွင် ရေးခဲ့ပါတယ်။

ဒါဟာ သင့်ခွေး အစာ စားပြီးတဲ့နောက် သို့မဟုတ် ခြံဝင်းအတွင်း အပျော်တမ်း ကစား ပြီးနောက် ဖြစ်ပေါ်လာတဲ့ ရှည်လျားပြီး သိသာ တဲ့ အသက်ရှူသံဖြစ်နိုင်ပါတယ်။
ဒီလို သက်ပြင်းချမှုမျိုးက “ကျွန်တော် ကျေနပ်ပြီ၊ ဒီမှာပဲ ခဏ အခြေချလိုက်ဦးမယ်” လို့ ဆိုပါတယ်။

သင့်ခွေးရဲ့ သက်ပြင်းဟာ သူ့ရဲ့မျက်လုံးတွေနဲ့ ​အပန်းဖြေတဲ့ လက္ခဏာဟုတ်မဟုတ် သင်သိလိမ့်မှာဖြစ်ပါတယ်။ American Kennel Club မှ မျက်လုံးတစ်ဝက်မှိတ်ပြီး သက်ပြင်းချခြင်းဟာ ပျော်ရွှင်မှုရဲ့ လက္ခဏာတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

သင့်ခွေးကို တယုတသပွတ်သပ်နေစဉ် သို့မဟုတ် အစာကျွေးပြီးတဲ့နောက် ၎င်းကို သင်မြင်နိုင်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ မျက်လုံးဖွင့်ပြီး သက်ပြင်းချခြင်းဟာ ညစာစားပွဲမှာ စားချင်တာမရှိတဲ့အခါ ဒါမဟုတ် ကစားချင်တဲ့အချိန် ဘယ်သူမှအဖတ်မလုပ်တဲ့အခါတွေမှာဖြစ်နိုင်တဲ့ စိတ်ပျက်မှုကို အချက်ပြပါတယ်။

သင့်ခွေးရဲ့နားရွက်ဟာ ပျော့ပျောင်းပြီး ခေါင်းငုံ့ကာ လက်ကလေးတွေကို လျက်ရင်း အနားယူနေပါက ထိုသက်ပြင်းချခြင်းဟာ အပန်းဖြေနေတာကို ဖော်ပြပါတယ်။

ခွေးက ထထိုင်ကာ သတိအပြည့်ရှိပြီး သက်ပြင်းချနေချိန် သင့်အား ကြည့်နေပါက ပြဿနာတစ်ခုကို ဖော်ပြဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်နိုင်ပါတယ်။

ခွေးလေး နေမကောင်းတာလား

အများစုကတော့ ခွေးသက်ပြင်းချတာဟာ စိုးရိမ်စရာအကြောင်းမရှိပါဘူး။

သို့သော် ခွေးလေးတွေက ညည်းညူသံတွေနဲ့အတူ သက်ပြင်းချနေပါက နာကျင်မှု သို့မဟုတ် မသက်မသာဖြစ်နေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

အလွန်အကျွံသက်ပြင်းချခြင်းနဲ့ ညည်းတွားခြင်းဟာ သင့်ခွေးမှာ အဆစ်တွေကြားရှိ တစ်ရှူးတွေ ယိုယွင်းနေတဲ့ အခြေအနေဖြစ်တဲ့ အရိုးအဆစ်ရောင်ရောဂါ၊ အရည်များစုပုံခြင်းကြောင့်ဖြစ်တဲ့ ဝမ်းဗိုက် ပူဖောင်းခြင်း​ရောဂါ ဒါမှမဟုတ် လျင်မြန်စွာ အရိုးကြီးထွားတဲ့ အရိုးကြီးထွားရောဂါရှိနေတယ်လို့ ဆိုလိုပါတယ်။

ဒီဆေးဘက်ဆိုင်ရာအခြေအနေတွေဟာ နာကျင်စေပြီး သင့်ခွေးက အလွန်အမင်း သက်ပြင်းချခြင်း၊ ညည်းတွားခြင်းကို ဖြစ်စေနိုင်ပါတယ်။

အကယ်၍ သင့်ခွေးက စွမ်းအားနည်းပါးလျက် သို့မဟုတ် အစာစားချင်စိတ်မရှိဘဲ မကြာခဏ သက်ပြင်းချနေတယ်ဆိုရင် ဒါဟာ ရောဂါပိုးဝင်ခြင်း၊ ဆီးချိုရောဂါ၊ အသည်း သို့မဟုတ် နှလုံးပြဿနာများ၊ သကြားဓာတ်ကျဆင်းခြင်းရောဂါ (hypoglycemia) နဲ့ အခြားသော ခွေးရောဂါတွေကြောင့် ဖြစ်နိုင်တဲ့ ထုံထိုင်းခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

ခွေးလေးတွေ ပြင်းပြင်းထန်ထန် သက်ပြင်းချတဲ့အခါ ဘာကိုဆိုလိုတာလဲ

သင့်ခွေးဟာ မည်မျှပြင်းစွာ သက်ပြင်းချတယ်ဆိုတာကို သတိပြုရန် အရေးကြီးပြီး လေချွန်သံနဲ့အတူ သက်ပြင်းချတယ်ဆိုရင် အသက်ရှူလမ်းကြောင်းတွင် ပိတ်ဆို့နေခြင်းကို ညွှန်ပြနိုင်တယ်ဆိုတာကို သတိပြုရန် အရေးကြီးပါတယ်။

ပြင်းစွာ သက်ပြင်းချခြင်းဟာ သင့်ခွေးရဲ့ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်း (ခေါ်) ခွေးပန်းနာရင်ကျပ်ရောဂါဟာ လည်ချောင်းပြွန်တွေကို ရောင်ရမ်းစေပြီး လည်ချောင်းနာခြင်းနဲ့ အသက်ရှူကြပ်ခြင်းတို့ကို ဖြစ်စေကြောင်း ညွှန်ပြနိုင်ပါတယ်။

ရာသီ သို့မဟုတ် ပတ်ဝန်းကျင်အခြေအနေပြောင်းလဲလျှင် သင့်ခွေးရဲ့ အသက်ရှုကြပ်မှုဟာ ဓာတ်မတည့်မှုနှင့် ဆက်စပ်မှုရှိနိုင်ပါတယ်။

လေချွန်သံနဲ့ အသက်ရှူခြင်း၊ ချောင်းဆိုးခြင်းနဲ့ အားအင်နည်းပါးခြင်းတို့ဟာ နှလုံးသန်ကောင်ရောဂါရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်ပါတယ်။

ဒီလက္ခဏာတွေကို သတိထားမိတယ် ဆိုရင်တော့ အခြေအနေ အရေးပေါ်မဖြစ်ခင်မှာ တိရစ္ဆာန် ဆေးကုဆရာဝန်ထံ စစ်ဆေးမှုခံယူဖို့ ပြသသင့်ပါပြီ။

အဆက်မပြတ် ချောင်းဆိုးခြင်းနဲ့ စွမ်းအင်နိမ့်ပါးခြင်းတို့ ပေါင်းစပ်လျှင် အသက်ကြီးတဲ့ ခွေးတွေမှာ လေချွန်သံနဲ့ အသက်ရှူခြင်းဟာ နှလုံး ရောဂါရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။

နာတာရှည် အဆုတ်လေပြွန်ရောဂါ၊ ရေရှည် ရောင်ရမ်းမှု အခြေအနေကြောင့်လည်း ဖြစ်တတ်ပြီး မောပန်းမှုခံနိုင်ရည် ကျဆင်းသွားခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

အသက်ပြင်းပြင်းရှူခြင်းဟာ အရေးပေါ်အခြေအနေဖြစ်လာမှာကို စိုးရိမ်ပါက သင့်ခွေးရဲ့ သွားဖုံးတွေ ပြာသွားခြင်းရှိမရှိ စစ်ဆေးကြည့်ပါ။

သွားဖုံးတွေ ပြာသွာခြင်းဟာ အောက်ဆီဂျင်လုံလောက်စွာမရတဲ့ လက္ခဏာဖြစ်ပြီး သင့်ခွေးကို တိရစ္ဆာန်ဆရာဝန်ထံ ချက်ချင်းပြသသင့်ပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.