နျူကလီးယား စစ်ပွဲအတွက် အမေရိကန်၏ ကွပ်ကဲရေး လေယာဉ် “doomsday plane” များအကြောင်း

Knowledge Military

ခေတ်သစ် စစ်ပွဲများဟာ နျူကလီးယားလက်နက်များနှင့် မလွဲမသွေ ဆက်နွယ်နေသည့်အတွက် နိုင်ငံကြီးများဟာ ဖြစ်လာနိုင်သည့် အနာဂါတ် စစ်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားကြပါတယ်။

အဲဒီ့အထဲတွင် အမေရိကန် လေတပ်၏ “doomsday plane” လို့ခေါ်သည့် လေယာဉ်ကြီးဟာလည်း တစိတ်တဒေသ ပါဝင်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရုရှားသမ္မတ ပူတင်၏ နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်မှု ပြုလုပ်အပြီးမှာ အဆိုပါ လေယာဉ်ကြီးဖြင့် လေ့ကျင့်မှု အချို့ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

“doomsday plane” ဟာ နျူကလီးယား စစ်ပွဲ ဖြစ်ပွားပါက ဖြစ်လာတဲ့ သက်ရောက်မှု ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အရပ်ဖက်သုံး ခရီးသည်တင်လေယာဉ် Boeing 747

အဆိုပါ လေယာဉ်ဟာ Boeing 747 အရပ်ဖက်သုံး ခရီးသည်တင် လေယာဉ်ကြီးကို ပြုပြင် ပြောင်းလဲထားတာ ဖြစ်ပြီး Boeing E-4B လို့ ခေါ်ပါတယ်။

လေ့ကျင့်မှုကို အမေရိကန် လေတပ် အခြေစိုက်စခန်းရှိရာ Nebraska မှ Chicago သို့ ပျံတက်ခဲ့တာဖြစ်ပြီး ပျံသန်းချိန် ၄ နာရီခွဲလောက် ကြာမြင့်ခဲ့ပြီးနောက် အခြေစိုက်စခန်းသို့ ပြန်လည်ဆင်းသက်ခဲ့တယ်လို့ ဗြိတိန်သတင်း ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ iNews မှ ဖော်ပြခဲါ့ပတယ်။

အဆိုပါ လေ့ကျင့်မှုတွင် ကြိုတင် သတိပေး ဂျက်လေယာဉ်ပေါင်းများစွာ ပါဝင်ခဲ့ပြီး အဆိုပါလေယာဉ်များဟာ တိုက်ချင်းပစ် ဒုံးပျံ ကဲ့သို့ ပဲ့ထိန်းဒုံးကျည်များကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

Nightwatch လို့ခေါ်တဲ့ Boeing E-4B များဟာ အမေရိကန် စစ်တပ်၏ ၁၉၇၀ ကျော် ခုနှစ်များကတည်းက ထိန်းသိမ်းလာခဲ့တဲ့ လေယာဉ်အုပ်တခု ဖြစ်ပါတယ်။

လေယာဉ်ဟာ အဓိကအားဖြင့် ထိပ်တန်း စစ်ဘက် အရာရှိများ၏ ကွပ်ကဲရေး ဌာနချုပ်အနေဖြင့် နျူကလီးယား စစ်ပွဲတွင် အသုံးပြုသွားဖို့ ဖြစ်ပါတယ်။

Image: adapted from Wiki Commons

စုစုပေါင်း လေယာဉ် ၄ စင်းလောက်အထိ တာဝန်ထမ်းဆောင်နေပြီး လေယာဉ်အတွင်းမှာ သာမန် Boeing 747 အရပ်ဖက် လေယာဉ်များနှင့် ကွဲပြားသည့် ဖွဲ့စည်းပုံ ရှိပါတယ်။

ဒေါ်လာ သန်း ၂၀၀ လောက်တန်တဲ့ ဒီလေယာဉ်မှာ ခေတ်မှီ ဒစ်ဂျစ်တယ် ကိရိယာများထက် ခေတ်ဟောင်း analog ကိရိယာများသာ တပ်ဆင်ထားပါတယ်။

အကြောင်းကတော့ နျူကလီးယားလက်နက်မှ ထွက်လာနိုင်တဲ့ လျှပ်စစ်သံလိုက်လှိုင်းများကို ခံနိုင်ရည် ရှိစေဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် နျူကလီးယား လက်နက်မှ ထွက်လာနိုင်တဲ့ အပူလှိုင်းများဒဏ်ကို လေယာဉ်ပေါ်တွင် လိုက်ပါမည့်သူများ ခံနိုင်ရန် လေယာဉ်တွင် ပြတင်းပေါက်များ တပ်ဆင်ထားခြင်း မရှိပါဘူး။

လေယာဉ်၏ ထိပ်အပေါ်မှာတော့ ‘radome’ လို့ခေါ်သည့် ပေါင်းမိုးတခု ပါဝင်ပြီး ၎င်းအတွင်းတွင် ဂြိုဟ်တုစလောင်းနှင့် အင်တာနာပေါင်း ၆၅ ခုလောက် တပ်ဆင်ထားပါတယ်။

Nuclear Triad တွင် ပါဝင်သည့် စနစ်များ

ဒါ့ကြောင့် E-4B လေယာဉ်များဟာ အဆိုပါ ဆက်သွယ်ရေး စနစ်များကို အသုံးပြုပြီး မဟာဗျူဟာမြောက် နျူလက်နက် စ နစ်များနှင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

Nuclear triad လို့ခေါ်တဲ့ အမေရိကန်၏ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်ကြီး ၃ မျိုး အကြောင်းကို “အမေရိကန် မဟာဗျူဟာ နျူလက်နက်ကြီး ၃ မျိုး နှင့် ရေငုပ်သင်္ဘောများကို ရိက္ခာဖြည့်တင်းပုံ” ဆောင်းပါးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ခေတ်သစ် စစ်ပွဲများတွင် Nuclear triad နှင့်အတူ တွဲဖက်ပြီး တန်ပြန် စစ်ဆင်ရေးများ ဆောင်ရွက်နိုင်မယ့် အမေရိကန်၏ ‘doomsday plane’ လေယာဉ်များဟာ နောက်ထပ် နှစ်ပေါင်းများစွာ မြင်နေရဦးမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.