ရေငံနှင့် ကျင်ငယ်ရေကနေ လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးမယ့် စီမံကိန်း အကြောင်း

Innovation Tech

သန်းပေါင်းများစွာသောလူတွေဟာ လျှပ်စစ်မီးအလုံအလောက်ရရှိဖို့ လိုအပ်တဲ့အတွက်ကြောင့် ကမ္ဘာကြီးကနေ သန့်ရှင်းတဲ့ စွမ်းအင်အရင်းအမြစ်တွေလည်း ရရှိဖို့ လိုအပ်နေပါတယ်။

ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ဟာ လာမည့် ဆယ်စုနှစ် အနည်းငယ်အတွင်း သိသိသာသာ တိုးလာမည်ဟုလည်း မျှော်လင့်ရပါတယ်။

ကိုလံဘီယာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းစတင်တဲ့ E-Dina ဟာဆိုရင် အရေးကြီးတဲ့ စွမ်းအင်အရင်းအမြစ်များကို အသုံးပြုပြီး လက်လှမ်းမမီတဲ့ရပ်ရွာများရဲ့ လူနေမှု ဘဝအရည်အသွေးကို တိုးတက်စေမည်ဟု ကတိပြုထားပြီး

သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း စောင့်ရှောက်စေဖို့ ကြီးမားသောဝယ်လိုအားကို ပေးဆောင်နိုင်စွမ်းရှိတဲ့ စွမ်းအင်အရင်းအမြစ် တစ်ခုကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။

ရေငံ ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝအရင်းအမြစ်များမှ လျှပ်စစ်စွမ်းအင်ကို ထုတ်လွှတ်သည့် WaterLight ဟုခေါ်သော ကြိုးမဲ့မီးအိမ်ကို စတင်တီထွင်ခဲ့ပါတယ်။

Image: Courtesy of E-Dina

တီထွင်ဖန်တီးမှုအေဂျင်စီ Wunderman Thompson ရဲ့ Colombian ဌာနခွဲနှင့် ပူးပေါင်းတီထွင်ထားသည့် WaterLight ဟာ လျှပ်စစ်စွမ်းအင်ရရှိမှု နည်းပါးတဲ့ အသိုင်းအဝိုင်းများအတွက် ပိုမိုယုံကြည်စိတ်ချရသော အစားထိုးတစ်ခု ဖြစ်ပါတယ်။

သယ်ဆောင်ရလွယ်ကူတဲ့ အဆိုပါ ကိရိယာမှာဆိုရင် ၄၅ ရက်ကြာ အလင်းထုတ်ပေးဖို့ အတွက်ဆိုရင် ပင်လယ်ရေ ၅၀၀ မီလီလီတာ သို့မဟုတ် အရေးပေါ်အခြေအနေများတွင် ကျင်ငယ်​ရေများ ဖြည့်သွင်းနိုင်တယ်ဟု သိရပါတယ်။

ဒါဟာ လျှပ်စစ်ဓာတ်ထုတ်လုပ်ဖို့အတွက် မီးအိမ်အတွင်းပိုင်းရှိ မဂ္ဂနီဆီယမ်နှင့် ကြေးနီပြားများနှင့် ဓာတ်ပြုသည့် ရေငန်ဓာတ်ပါဝင်သော electrolyteရဲ့ အိုင်းယွန်းဓာတ်ကြောင့် ဖြစ်ပါတယ်။

WaterLight ဟာ mini power generator အဖြစ် လုပ်ဆောင်ပြီး USB အပေါက်မှတစ်ဆင့် မိုဘိုင်းနှင့် အီလက်ထရွန်းနစ်ပစ္စည်းများအား အားသွင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။

၎င်းပစ္စည်းဟာ တံငါသည်​​တွေကို ညဘက်ငါးဖမ်းရာတွင်လည်း ကူညီပေးနိုင်သလို နေရာတိုင်းမှာ လွယ်ကူစွာ အသုံးပြုနိုင်တာကြောင့် များစွာ အသုံးဝင်ပါတယ်။

WaterLight ဟာ အချိန်ကြာမြင့်စွာ ဓာတုတုံ့ပြန်မှုကို ထိန်းထားနိုင်ပြီး လျှပ်စစ်နှင့် အလင်းအား အချိန်ကြာမြင့်စွာ ထုတ် လုပ်နိုင်စေတဲ့ အိုင်းယွန်းဓာတ်ဖြင့် တစ်နေ့လျှင် 24 နာရီ အလုပ်လုပ်ပါတယ်။

Image: Courtesy of E-Dina

WaterLight ကို 100% ပြန်လည်အသုံးပြုနိုင်ပြီး တာရှည်ခံထုတ်ကုန်အဖြစ် ဖန်တီးထားပါတယ်။ ၎င်းကို 5,600 နာရီအထိ အသုံးပြုနိုင်စေဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး လိုအပ်ချက်ပေါ်မူတည်ကာ ရက်ပေါင်း 230 သို့မဟုတ် 2 နှစ်မှ 3 နှစ်အထိ အသုံးပြုနိုင်တယ်ဟုလည်း သိရပါတယ်။

အဆိုပါ စက်ပစ္စည်းမှာဆိုရင် ၎င်းရဲ့အခြေမှာ ဆားကစ်တစ်ခုပါရှိသော ဆလင်ဒါ သစ်သား အပြင်ဘက်အဖုံး တစ်ခုရှိပြီး ရေစီးဝင်နိုင်စေဖို့ အပေါ်မှ အပေါက်ဖောက်ကာ အဖုံးတစ်ခုလည်း ပါရှိပါတယ်။

ဒါ့အပြင် အသုံးပြုထားတဲ့ရေကို ဆေးကြောခြင်း သို့မဟုတ် သန့်ရှင်းရေးအတွက် ပြန်လည်အသုံးပြုနိုင်တယ်ဟု ဆိုပါတယ်။

E-Dina ဟာ ဒေသခံအသိုက်အဝန်းအတွက် လျှပ်စစ်မီးသုံးစွဲခွင့်မရှိသည့် ပြဿနာအတွက် တီထွင်ခဲ့ခြင်းပဲ​ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုလံဘီယာနဲ့ ဗင်နီဇွဲလား တွေ့ဆုံသည့် တောင်အမေရိကရဲ့ မြောက်ဘက်စွန်းတွင် နေထိုင်သည့် ဒေသခံလူမျိုးစုဖြစ်သည့် Wayuu လူမျိုးများအတွက် အထူးရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဟု ဆိုပါတယ်။

၎င်းဒေသဟာ WaterLight ကို အားဖြည့်ပေးနိုင်သော အရင်းအမြစ်များစွာကို ပေးဆောင်သည့် ကာရေဘီယံပင်လယ် တစ်ဖက်တစ်ချက်စီတွင် ဝန်းရံထားပါတယ်။

WaterLight ရဲ့ကမ္ဘာနှင့်ပထမဆုံးထိတွေ့မှုကြောင့် Wayuu လူမျိုး​တွေအတွက် ၎င်းတို့ရဲ့ဘဝကို ဘေးကင်းပြီး ရေရှည်တည်တံ့သောနည်းလမ်းဖြင့် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

Image: Courtesy of E-Dina

ညဘက်ငါးဖမ်းခြင်း၊ မိုဘိုင်းလ်ဖုန်းအားသွင်းခြင်း သို့မဟုတ် နေဝင်ပြီးနောက်တွင် စွမ်းအင်ရင်းမြစ်ရှာဖွေဖို့ ကီလိုမီတာဖြင့် ချီပြီး ခရီးထွက်စရာမလိုဘဲ ရရှိတော့မှာပဲ ဖြစ်ပါတယ်။

WaterLight ဟာ ကမ္ဘာလုံးဆိုင်ရာ ကျေးလက်ဒေသအသိုင်းအဝိုင်းကို အလင်းပေးဆောင်ဖို့ အတွက် ပထမဆုံး အစပျိုးမှုမဟုတ်ပါဘူး။

ယခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း Henry Glogau ရဲ့ Solar Desalination Skylight ကို Lexus Design Award 2021 အဖြစ် ကြေညာခဲ့ပါတယ်။

အဆိုပါ ကိရိယာဟာဆိုရင် သဘာဝက ရတဲ့ အလင်းရောင် နှင့် သောက်သုံးရေကို ဖန်တီးဖို့ အ တွက် ပင်လယ်ရေကို အသုံး ပြု ထားတာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.