e-nose ဆိုလို ဘာကြီးလဲလို့ ထင်ရင် ဒါဟာ အီလက်ထရွန်းနစ် အနံ့ခံ စနစ်လို့ ပြောရမှာပါ။
ဟုတ်ပါတယ်။ ယခု လက်ရှိ ဖန်တီးလိုက်တဲ့ e-nose ဟာ အဓိကအားဖြင့် ပါကင်ဆန်ရောဂါ ဖြစ်တော့မယ့် လူတွေကို သိရှိနိုင်အောင်လို့ပါ။
ပါကင်ဆန်ဟာ ကြွက်သားတွေ ထိန်းချုပ်နိုင်မှုကို ကမောက်ကမ ဖြစ်စေတဲ့ ရောဂါတမျိုး ဖြစ်ပြီး အာရုံကြောနှင့် သက်ဆိုင်တဲ့ ရောဂါ တမျိုးဖြစ်ပါတယ်။
စစချင်းမှာ လက်တုန်တာကဲ့သို့ လက္ခဏာတွေသာ ပြပြီး နောက်ပိုင်းမှာ တောင့်တင်းခြင်းနှင့် လှုပ်ရှားမှု နှေးကွေးခြင်းတွေကို ဖြစ်စေနိုင်တာပါ။

စကားတွေ မပီသတော့တဲ့အပြင် မျက်နှာမှ ခံစားချက်များ ပျောက်လာခြင်း၊ လမ်းလျှောက်ရင် လက်လွှဲလို့ မရခြင်းနှင့် အ ချိန် လွန်ပြီး ရောဂါကျွမ်းသွားပါက ကုသရခက်ခဲခြင်းကို ဖြစ်စေပါတယ်။
ဒါ့ကြောင့် အချိန်လွန်မှ သိရှိရခြင်းမျိုး မဖြစ်ရအောင် သုတေသီများက “electronic nose” ခေါ် အီလက်ထရွန်းနစ် နှာခေါင်း (အနံ့ခံ စနစ်) ကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။
ပါကင်ဆန်ရှိတဲ့ လူတွေမှာ အရေပြားရှိ အဆီကဲ့သို့ ပစ္စည်းများ ထုတ်ပေးတဲ့ sebaceous ဂလင်းများမှ sebum များဟာ သာမန်လူများထက် များနေလေ့ ရှိပါတယ်။
ဒါ့အပြင် sebum အတွင်းမှာ အော်ဂဲနစ် ဒြပ်ပေါင်းတွေ ပါဝင်ပြီး အဲဒီ့ ဒြပ်ပေါင်းတွေကနေ ထူးခြားတဲ့ အနံ့ တမျိုးကို ဖြစ်စေပါတယ်။
အဲဒီ့ အနံ့ကို လူတွေရဲ့ နှာခေါင်းမှ သိရှိ နိုင်စွမ်းတော့ မရှိပါဘူး။

ပါကင်ဆန်ကို gas chromatography နှင့် mass spectrometry ကဲ့သို့ စက်များကို အသုံးပြုပြီး လေ့လာနိုင်ပေမယ့် အချိန် ကုန်ပြီး ကုန်ကျစရိတ်ကြီးပါတယ်။
ဒါ့ကြောင့် ပုံမှန် ဆေးခန်းများနှင့် ဆရာဝန် ရုံးခန်းများတွင် ကုန်ကျစရိတ်သက်သာစွာ လုပ်ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံ Zhejiang တက္ကသိုလ်မှ “e-nose” ကို ဖန်တီးခဲ့တာပါ။
ဒီ ရွှေ့ပြောင်းနိုင်တဲ့ အနံ့ခံစက်ဟာ အီလက်ထရွန်းနစ် နှာခေါင်း လို့ အမည်ပေးထားပေမယ့် ရှေ့ပြေးပုံစံဟာ လူ့နှာခေါင်း ပုံစံနှင့်တော့ မတူပါဘူး။
၎င်းကို မျက်နှာပြင်အသံလှိုင်း အာရုံခံကိရိယာ တပ်ဆင်ထားပြီး အရေပြားပေါ်ရှိ ဓာတ်ငွေ့တွေရဲ့ ပြင်းအားကို အသံလှိုင်းဖြင့် တိုင်းတာတာ ဖြစ်ပါတယ်။
သုတေသီများဟာ ဒါကို စမ်းသပ် နိုင်ဖို့ အတွက် ပါကင်ဆန် ခံစားနေရသူ ၃၁ ဦးနှင့် ကျန်းမာသည့် လူ ၃၂ ယောက် တို့ကို သုတေသနတွင် ပါဝင်စေခဲ့ပြီး ၎င်းတို့ဆီမှ sebum ကို e-nose ကို အသုံးပြုပြီး တိုင်းတာခဲ့ပါတယ်။
အနံ့ခံစက်ဟာ machine-learning အလိုအလျှောက်စနစ်ကို အသုံးပြုပြီး octanal၊ hexyl acetate နှင့် perillic aldehyde တို့ရဲ့ အနံ့တွေကို ခွဲခြား သိရှိနိုင်ခဲ့ပါတယ်။

ရောဂါရှာဖွေရေး ပုံစံဖြင့် နောက်ထပ် sebum နမူနာ ၂၄ ခုကို ခွဲခြမ်းစိတ်ဖြာ တိုင်းတာခဲ့ပြီး အဲဒီ့အထဲမှ တဝက်ဟာ ပါကင်ဆန် ရှိသူများဆီမှ ဖြစ်ပါတယ်။
တိုင်းတာမှုအရ လူအား တကိုယ်လုံးမှ အနံ့ကို တိုင်းတာပါက အနံ့ခံစက်၏ တိကျမှုမှာ ၇၉.၂ ရာခိုင်နှုန်းအထိ ရှိပြီး တနေရာထဲကို တိုင်းတာပါက ၇၀.၈ ရာခိုင်နှုန်းသာ ရှိတယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် လက်ရှိ တီထွင် ဖန်တီးမှုဟာ အပေါင်းဆန်သည့် အောင်မြင်မှုများ ရှိနေပြီး အနာဂါတ်တွင် အတိအကျ တိုင်း တာ နိုင်မည့် စက်များ ထွက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။
ယခု သုတေသနကို မကြာသေးမီက ACS Omega ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။