EA-18G Growler အီလက်ထရွန်းနစ် စစ်ဆင်ရေး ဂျက်တိုက်လေယာဉ်တွေ အလုပ်လုပ်ပုံ အကြောင်း

Article Military

EA-18G Growler အီလက်ထရွန်းနစ် စစ်ဆင်ရေး ဂျက်တိုက်လေယာဉ်များဟာ F/A-18E/F တိုက်လေယာဉ်များကို အီလက်ထရွန်းနစ် တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်ရန် ပြုပြင်မွမ်းမံထားတဲ့ သီးခြား မျိုးကွဲလေယာဉ်များဖြစ်ပါတယ်။

စစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် ရန်သူ့ရေဒါများဟာ တိုက်လေယာဉ်များအတွက် အဓိက အတားအဆီးဖြစ်စေပြီး ရေဒါများမှ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် စနစ်များဆီ ရန်သူ၏ သတင်းကိုပို့ကာ ပစ်မှတ်ကို လမ်းညွှန်ပေးတာ ဖြစ်ပါတယ်။

ဒီတိုက်လေယာဉ်များ၏ အရေအတွက်ဟာ ၂၀၀၉ ခုနှစ်လောက်ကတည်းက တဖြည်းဖြည်းများပြားလာပြီး ၂၀၁၉ ခုနှစ်က အပြီးသတ် အနားပေးခဲ့တဲ့ EA-6B Prowler အီလက်ထရွန်းနစ် စစ်ဆင်ရေး ဂျက်လေယာဉ်များနေရာမှာ အစားထိုးဖို့ ရည် ရွယ် ဖန်တီးခဲ့တာဖြစ်ပါတယ်။

EA-18G Growler လေယာဉ်များကို ၂၀၀၆ ခုနှစ်မှာ ပထမဆုံး စတင် ပျံသန်းခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ ကနဦး စစ်ဆင်ရေးများ ဆောင်ရွက်နိုင်တဲ့ လေယာဉ်ကို ရေတပ်အား ပေးပို့နိုင်ခဲ့ပါတယ်။

F/A-18 မှ EA-6B Prowler အား ဝေဟင်ဆီဖြည့်ပေးနေပုံ

၂၀၀၉ ခုနှစ်မှာတော့ လေယာဉ်တင်သင်္ဘော USS John C.Stennis တွင် စတင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

လေယာဉ်တွင် F414-GE-400 turbofan အင်ဂျင် ၂ လုံးကို တပ်ဆင်ထားပြီး တွန်းအား ပေါင် ၄,၄၀၀၀ လောက်အထိ ပေးနိုင်ကာ အမြင့်ဆုံး အသံထက် ၁.၆ နှုန်းဖြင့် အပိုဆီတိုင်ကီ တပ်ဆင်ထားပါက ၉၇၅ မိုင်လောက်အထိ စစ်ဆင်နိုင်ပါတယ်။

Growler ၏ အဓိက စစ်ဆင်ရေးများကတော့ ရန်သူ့ ရေဒါများကို အလုပ်လုပ်နိုင် သို့မဟုတ် ပျက်စီးစေရန် နှင့် လေကြောင်းရန် ကာကွယ်ရေး စနစ်များကို ရပ်တန့်သွားစေရန် ဖြစ်ပါတယ်။

၎င်းတွင် APG-79 AESA ရေဒါကို တပ်ဆင်ထားပြီး ရန်သူ့ ရေဒါလှိုင်းများကို ဖိဖျက်ခြင်း၊ လှိုင်းအတုများဖြင့် တန်ပြန်ခြင်း၊ တည်နေရာ ရှာဖွေခြင်း စသည်တို့ကို jammer နှင့် တပြိုင်နက် လုပ်ဆောင်နိုင်ပါတယ်။

AESA ရေဒါများ အကြောင်း အသေးစိတ်ကိုတော့ “ခေတ်သစ် တိုက်လေယာဉ်တွေရဲ့ AESA ရေဒါများ အကြောင်း” ခေါင်း စဉ်ဖြင့် လေ့လာနိုင်ရန် ဖော်ပြပြီး ဖြစ်ပါတယ်။

ဒီလို ရေဒါလှိုင်းဖိဖျက်သည့် တာဝန်နှင့် အချက်အလက်များ အခြားလေယာဉ်များသို့ ပေးပို့ပေးသည့် တာဝန်များကို ထမ်းဆောင်နေလို့ လက်နက် မသယ်ဆောင်နိုင်ဘူးလို့တော့ မထင်ပါနဲ့။

၎င်းတို့တွင် ရေဒါလှိုင်းများမှ တဆင့် လိုက်ပြီး ရေဒါရှိရာကို ချေမှုန်းနိုင်တဲ့ ရေဒါများအတွက် အထူးဖန်တီးထားတဲ့ AGM-88 မြန်နှုန်းမြင့် anti-radiation ဒုံးကျည် ၂ လုံးကို တင်ဆောင်ထားပါတယ်။

ဒါ့အပြင် အဆင့်မြင့် တာလတ် ဝေဟင်မှ ဝေဟင်ပစ် AIM-120 ဒုံးကျည် ၂ လုံးကိုလည်း လေယာဉ်ချင်း တိုက်ခိုက် နိုင်ဖို့ သယ်ဆောင်ထားပါတယ်။

ဒီလို လက်နက်နှင့် အချက်အလက်ရှာဖွေရေး စနစ်များ တပ်ဆင်ထားတဲ့အတွက် E/A-18G များဟာ ရန်သူ့ နယ်မြေများထဲကို ထိုးဖောက်ဝင်ရောက်ပြီး ရေဒါများကို နှောင့်ယှက်ကာ လေကြောင်းကာကွယ်ရေးနစ်များကို ရပ်တန့်စေမှာ ဖြစ်ပါတယ်။

ရရှိသည့် အချက်အလက်များကို E-2 Hawkeye ကြိုတင် သတိပေး လေယာဉ်ကို ပေးပို့ ပေးပြီး နောက်ပိုင်းမှာ ထောက် လှမ်းခြင်း၊ ကင်းထောက်ခြင်း နှင့် စောင့်ကြည့်ခြင်း စတဲ့ ISR လုပ်ငန်းစဉ်အရ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပေးမှာ ဖြစ်ပါတယ်။

လက်ရှိတွင် E/A-18G များကို ပိုမို တိုးတက်အောင် ဆောင်ရွက်လျှက်ရှိပြီး ဘိုးအင်း ကုမ္ပဏီနှင့် ၅ နှစ်ကာ အဆင့်မြှင့်တင်မှု စီမံကိန်း လုပ်ဆောင်နေပါတယ်။

ဒီလို အဆင့်မြှင့်တင်မှုမှ လေယာဉ်၏ အခြားလေယာဉ်များ ဆီသို့ အချက်အလက်များ ပေးပို့နိုင်စွမ်း ပိုမို ကောင်းမွန်လာမှာ ဖြစ်ပြီး ISR အချက်အလက်များကို တွက်ချက်ရာမှာလည်း ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

အလားတူ အီလက်ထရွန်းနစ် တိုက်ခိုက်ရေးအတွက် Raytheon ကုမ္ပဏီမှ ပိုမိုအားကောင်းသည့် မျိုးဆက်သစ် jammer တခုကို ထုတ်လုပ်ပေးနေပြီ ဖြစ်ပါတယ်။

ယခု စနစ်ဟာ အီလက်ထရွန်းနစ် တိုက်ခိုက်မှုကို ပိုမို ဝေးကွာသည့် နေရာမှ လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ပစ်မှတ်များကိုလည်း အရေအတွက် ပိုမိုများပြားစွာ ကိုင်တွယ်လာနိုင်တော့မှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.