အသုံးပြုနေခဲ့တာ ရာစုနှစ်ဝက်လောက် ကြာနေပြီ ဖြစ်ပေမယ့် McDonnell Douglas F-15 Eagle တိုက်လေယာဉ်များဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်လေယာဉ်များ ဖြစ်ခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။
F-15 ဟာ စံချိန်ပေါင်း မြောက်များစွာ ချိုးဖျက်ခဲ့ပြီး သူ့ခေတ် သူ့အခါမှာ အတော့်ကို အစွမ်းပြခဲ့ပြီး တစီးမှ ပစ်ချခံခဲ့ရတာမျိုး မရှိခဲ့ပါဘူး။
ကမ္ဘာ့ အကောင်းဆုံး လေယာဉ် တစင်း ဖြစ်ခဲ့စေတဲ့ အချက်များကို “F-15 တွေကို ကမ္ဘာ့ အကောင်းဆုံး လေယာဉ်တွေ လို့ သတ်မှတ်ခံရတဲ့ အချက် ၅ ချက်” ခေါင်းစဉ်ဖြင့် ဖော်ပြပေးဖူးပါတယ်။
အဲဒီလို အကြောင်းအချက်အလက်များ အပြင် ကမ္ဘာပေါ်တွင် F-15 တစင်းထဲသာ စွမ်းဆောင် နိုင်ခဲ့တဲ့ တောင်ပံ တဖက်ထဲဖြင့် ပြန်လည် ဆင်းသက်နိုင်ခဲ့တဲ့ အကြောင်းကို ယခု ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။
စစ်အေးကာလ
တကယ်တော့ ၁၉၅၀ ခုနှစ်များနှင့် ၆၀ ခုနှစ်များမှာ ဆိုဗီယက်ဟာ စစ်အေးကာလမှာ အမေရိကန်ထက် အသာစီး ရရှိနေခဲ့တာပါ။

MiG-23 တစင်း
ဆိုဗီယက်ဟာ ပထမဆုံး ဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့သည့်အပြင် တိရစ္ဆာန် နှင့်လူတို့ကိုလည်း ကမ္ဘာ့ ပတ်လမ်းအတွင်း ပို့လွှတ်နိုင်ခဲ့ပါတယ်။
လ၊ ဗီးနပ်စ် နှင့် မားစ်ဂြိုဟ်များကိုလည်း အာကာသသွား ယာဉ်ငယ်များဖြင့် ပထမဆုံး ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်များမှာလည်း MiG-23 တိုက်လေယာဉ်ဟာ အမေရိကန်တို့၏ F-4 Phantom တိုက်လေယာဉ်များထက် များစွာ သာလွန်တယ်လို့ ယူဆလို့ ရပါတယ်။
၁၉၇၁ ခုနှစ် မတ်လမှာ အစ္စရေးရေဒါတွင် ပုံမှန်မဟုတ်သည့် F-4 သို့မဟုတ် MiG-23 တိုက်လေယာဉ်များထက် ပိုမြင့်သည့် အမြင့်တွင် ပျံသန်းနိုင်ကာ အသံထက် ၃ ဆလောက်အထိ ရောက်ရှိနေဖွယ်ရှိတဲ့ တိုက်လေယာဉ် တစင်းကို တွေ့ရှိခဲ့ပါတယ်။
အဲဒီ့လေယာဉ်ကို အစ္စရေး တိုက်လေယာဉ်များက ကြားဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် လိုက်မမှီခဲ့ဘဲ ပျောက်ဆုံးသွားခဲ့ရာမှ အမေရိကန်ဟာ တိုက်လေယာဉ်သစ် တစင်း ထုတ်လုပ်နိုင်ဖို့ အပူတပြင်း ဆောင်ရွက်ရပါတော့တယ်။

MiG-25RB Image: Courtesy of Wiki Commons BY CC 3.0
အစ္စရေးတို့ လိုက်မမှီခဲ့တဲ့ ဆိုဗီယက် တိုက်လေယာဉ်ကတော့ ကာလ အတော်ကြာ မင်းမူနေခဲ့တဲ့ MiG-25 Foxbat ကြားဖြတ် အမျိုးအစား တိုက်လေယာဉ်ပဲ ဖြစ်ပေမယ့် ကြားဖြတ်တိုက်လေယာဉ်လို့ မသိခဲ့ကြပါဘူး။
F-15 မွေးဖွားခြင်း
MiG တိုက်လေယာဉ်သစ်ကို တွေ့မြင်အပြီး ၅ နှစ်အတွင်းမှာပဲ F-15 Eagle တိုက်လေယာဉ်ကို မွေးဖွားလာခဲ့ပါတယ်။
၎င်းကို Pratt & Whitney F100-PW-220 အင်ဂျင် တပ်ဆင်ထားပြီး အသံထက် ၂.၅ ဆ လောက် အထိ အမြန်နှုန်းဖြင့် ပျံ သန်းနိုင်အောင် ဒီဇိုင်းဆွဲထားပါတယ်။
F-15 တိုက်လေယာဉ်ဟာ တည့်တည့် ပျံသန်းနေချိန်မှာ အရှိန်များစွာ မြှင့်တင်နိုင်ပြီး ၎င်း၏ အလေးချိန်နှင့် တွန်းအား အချိုး တည်ဆောက်ပုံ မြင့်မားခြင်းကြောင့် စစ်ကစား ပျံသန်းနိုင်စွမ်း မြင့်မားပါတယ်။
အမေရိကန် လေတပ်ဟာ F-15 အား လက်ဝယ်ရှိပြီး အချိန်တွင် MiG-25 အား စိုးရိမ်မှု လျော့ကျ သွားသည့် အပြင် နှစ် အ နည်းငယ် အကြာမှာ ဘက်ပြောင်းပြီး MiG-25 ကို မောင်းပြေး လာတဲ့ ဆိုဗီယက် လေယာဉ်မှူး Viktor Ivanovich Belenko ကြောင့် MiG-25 ကို အသေးစိတ်ပါ လေ့လာခွင့် ရရှိသွားပါတယ်။

F-15 များ လေ့ကျင့် ပျံသန်းနေစဉ်
လေ့လာမှုအရ MiG-25 ဟာ ဗုံးကြဲလေယာဉ်များကို အမှီလိုက်ပြီး ကြားဖြတ်နိုင်မယ့် ကြားဖြတ်တိုက်လေယာဉ် တစင်းသာဖြစ်ပြီး လေယာဉ်ချင်း စီးချင်းထိုးဖို့ သိပ်အဆင်မပြေဘူး ဆိုတာ တွေ့ရှိခဲ့ရပါတယ်။
ဝေဟင် မတော်တဆ ဖြစ်ရပ်
၁၉၈၃ ခုနှစ် မေလ ၁ ရက်နေ့ မှာတော့ အစ္စရေး လေတပ်၏ အမှတ် ၁၀၆ နှင့် အမှတ် ၁၁၆ လေယာဉ်အုပ်မှ တိုက်လေယာဉ်များဟာ Negev ကန္တာရရှိ ကောင်းကင်ယံမှာ လေ့ကျင့် ပျံသန်းခဲ့ပါတယ်။
ဒီလေ့ကျင့်မှုတွင်F-15D အသစ် ၂ စင်းနှင့် A-4N Skyhawk ၄ စင်းကို အသုံးပြုခဲ့ပြီး လေယာဉ်ကွင်းကာကွယ်ရေး လေ့ကျင့်မှု အဖြစ် ပုံဖော်ခဲ့ကာ F-15 များက ခံစစ်နှင့် A-4 များက တိုက်စစ်အဖြစ် ပါဝင်ခဲ့ပါတယ်။
Skyhawk များဟာ F-15 နှင့် တစင်းချင်း မယှဉ်နိုင် ပေမယ့် ၎င်းတို့ကို မောင်းနှင်သူ လေယာဉ်မှူးများကတော့ အတွေ့အကြုံရင့်ကျက်သူများ ဖြစ်ပါတယ်။
F-15 မောင်းနှင်တဲ့အထဲမှ Zivi Nedivi ကတော့ လေ့ကျင့်ရေး ဝင်ဆဲ လေယာဉ်မှူး ဖြစ်ပြီး နောက်မှာတော့ ဝါရင့် လေယာဉ် မှူး ဖြစ်တဲ့ Yehoar Gal က သင်ကြားပြသနေတာ ဖြစ်ပါတယ်။
သူပျံသန်းနေတဲ့ Baz 957 နံပါတ်နှင့် F-15 ဟာ နယ်နယ်ရရ မဟုတ်ဘဲ လက်ဘနွန်စစ်ပွဲအတွင်း MiG တိုက်လေယာဉ် ၄ စင်းကို ပစ်ချဖူးတဲ့ တိုက် လေယာဉ် ဖြစ်ပါတယ်။

A-4 Skyhawk
လေယာဉ်ချင်း တိုက်ခိုက်နေသည့်အချိန်အတွင်း အမြှီးနံပါတ် 374 Skyhawk တိုက်လေယာဉ်၏ အနောက်ဖက် အပေါ်မှ ပစ်ချနိုင်ဖို့ Zivi Nedivi ၏ တိုက်လေယာဉ်ဟာ ပျံသန်းနေခဲ့တာပါ။
Skyhawk လေယာဉ်မှ အခြား F-15 တိုက်လေယာဉ် တစင်းကို lock လုပ်နိုင်ဖို့ ၎င်း၏အနောက် အပေါ်မှ ကပ်လိုက်လာတဲ့ Zivi Nedivi ၏ F-15 ကို မမြင်မိဘဲ ရုတ်ခြည်းဆိုသလို အပေါ်ကို ဆွဲတက်လိုက်ပါတယ်။
အကျိုးဆက်အနေဖြင့် ဂျက်တိုက်လေယာဉ် နှစ်စင်း ကောင်းကင်ယံတွင် တိုက်မိပြီး A-4 တိုက်လေယာဉ်မှ လေယာဉ်မှူးဟာ ခုန်ထွက်ဖို့ လုံ လောက် တဲ့ အချိန် ရရှိခဲ့တဲ့အတွက် ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ပါတယ်။
ရုန်းကန်ရခြင်း
F-15 တိုက်လေယာဉ်ကတော့ တိုက်မိမိချင်း တောင်ပံ တဖက်ပြုတ်ထွက်သွားပြီး Nedivi မှ ထိန်းချုပ်လို့ ရနိုင်ရန် ကြိုးစားနေခဲ့ပါတယ်။
၎င်း၏ ဆရာ ဖြစ်တဲ့ Gal ကတော့ လေယာဉ်ကို ခုန်ထွက်ဖို့ လုံလောက်တဲ့ အထိ တည်ငြိမ်အောင် ထိန်းချုပ် နိုင်ပါက ခုန်ထွက်ဖို့ ညွှန်ကြားထားပါတယ်။
တကယ်တော့ Nedivi ဟာ ၎င်း၏ ဆရာဖြစ်တဲ့ Gal ထက် ရာထူးပိုမြင့်ပါတယ်။

ဆင်းသက်စဉ်က သမိုင်းဝင် ဓာတ်ပုံ
လေယာဉ်ဟာ တည်ငြိမ်မှု ရှိလာတဲ့ အချိန်မှာတော့ Gal နှင့် Nedivi ဟာ ဆီငွေ့တွေ ပန်းထွက်နေတဲ့ ညာဘက်ရှိ တောင်ပံဘက်ကို လှမ်းကြည့်ခဲ့ကြပါတယ်။
အကြောင်းကတော့ ဆီတွေ အများအပြား လျော့သွားလို့ဖြစ်ပြီး လေယာဉ်ကို ဘာတွေ ထိခိုက်သွားသလဲ မသိခဲ့ပါဘူး။
လေယာဉ်အရှိန်ကို အနည်းငယ်လျှော့ကြည့်လိုက်ရာ လေယာဉ်ဟာ လည်ထွက်မလို ဖြစ်သွားတဲ့အတွက် ဆယ်မိုင်ခန့်အကွာမှာ လေယာဉ်ကွင်းတခုရှိတာကို သတိရပြီး Nedivi မှ ဆုံးဖြတ်ချက်တခု ချလိုက်ပါတယ်။
သူဟာ အင်ဂျင်တခုစီရဲ့ ၁၄,၅၉၀ ပေါင် တွန်းအားကို ၂၃,၇၇၀ လောက်အထိ တွန်းအား မြှင့်ပေးနိုင်တဲ့ လေယာဉ်၏ စွမ်းအားကောင်းတဲ့ Afterburner နှစ်ခုကို အသုံးပြုလိုက်ပါတယ်။
Afterburner အကြောင်းကို “ဂျက်တိုက်လေယာဉ်များတွင် အသုံးပြုသည့် Afterburner စနစ် ဆိုသည်မှာ” ခေါင်းစဉ် ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
Pratt & Whitney F100-PW-220 အင်ဂျင် နှစ်လုံး ဟာ တောင်ပံမှ လက်ကျန် လောင်စာဆီ များကို အသုံးပြုကာ မတည် ငြိမ် နေတဲ့ လေယာဉ်ကို လမ်းကြောင်းမှန်သို့ ရောက်ရှိသွားစေပါတယ်။
အဲဒီ့အချိန်အထိ Nedivi နှင့် Gal တို့ဟာ ၎င်းတို့ ထိန်းချုပ် ပျံသန်းနေတဲ့ F-15 ဟာ အခြေ ၂ ပေလောက် အကွာ ကနေ တောင်ပံ တခုလုံး ပြုတ်ထွက်နေတာ မသိကြသေးပါဘူး။

F-15J မှ Tailhook ချိတ်အား အသုံးပြုနေပုံ Image: Courtesy of min. news
လေယာဉ်ကို တည်ငြိမ်စေဖို့ လေယာဉ်၏ အမြန်နှုန်းကို ၎င်းတို့ နှစ်ယောက်ဟာ ကြိုးစား ရုန်းကန်ရင်း လေယာဉ် ဆင်းသက်ဖို့ အရှိန်ဟာ တနာရီ ၁၅၀ မိုင်နှုန်းလောက် ကန့်သတ်ထားတာကို သိကြပါတယ်။
ဒါပေမယ့် ၎င်းတို့ F-15 ပြေးလမ်းပေါ် ဆင်းသက်လာချိန်မှာတော့ တနာရီ မိုင် ၃၀၀ လောက် အရှိန်ဖြင့် ဖြစ်နေပါတယ်။
လေယာဉ်ကို ဆင်းသက်ရာမှာ အရေးပေါ်သုံးသည့် အမြှီးမှ ချိတ်ဟာ အမြန်နှုန်းကို နှေးကွေးအောင် လုပ်နိုင်မယ် ထင်ခဲ့ပေမယ့် တကယ့်တကယ်တော့ ပြုတ်ထွက်သွားပါတယ်။
အစွမ်းကုန် ကြိုးစားပြီး ပျံသန်းခဲ့သမျှ ခဲလေသမျှ သဲရေကျ တော့မည့် အနေအထားသို့ ရောက်ရှိနေခဲ့ပြီး လေယာဉ် ပြေးလမ်း၏ အတားအဆီးများနှင့်လည်း တဖြည်းဖြည်း နီးကပ်လာပါတယ်။
ကံကောင်းချင်တော့ လေယာဉ်ဟာ လေယာဉ်ပြေးလမ်း အတားအဆီးများနှင့် ပေ ၂၀ အကွာမှာ ရပ်တန့်သွားပါတယ်။
အဲဒီ့နောက်မှာတော့ Nedivi နှင့် သူ့ရဲ့ နည်းပြတို့ဟာ တယောက်နှင့် တယောက် လက်ဆွဲဂုဏ်ပြုခဲ့ပြီး လေယာဉ်ရဲ့ ထိခိုက်မှုကို စစ်ဆေးခဲ့ကာ တောင်ပံ တခုလုံး မပါဘဲ ၁၀ မိုင်လောက် ပျံသန်းခဲ့တာကို သဘောပေါက်ခဲ့ကြပါတယ်။
လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီကတောင် ဒီဖြစ်ရပ်ကို မယုံကြည်ခဲ့
McDonnell Douglas ဟာ F-15 Eagle များရဲ့ အလွန် အစွမ်း ထက်လှတဲ့ စွမ်းဆောင်မှု တွေကို သိရှိထားပေမယ့် ဒီလို တောင်ပံ တဖက်ထဲနှင့် ပျံသန်း ဆင်းသက် နိုင်ခဲ့တယ် ဆိုတာ ယုံရခက်ကြီး ဖြစ်နေခဲ့တာပါ။

Image: Courtesy of IDF/AF
အဲဒီ့ကြောင့် ဒီဖြစ်စဉ်ကို အသေးစိတ် သိရှိနိုင်ဖို့ အစ္စရေးသို့ ကုမ္ပဏီ၏ အဖွဲ့ တဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။
ကုမ္ပဏီမှ အဖွဲ့ဟာ လေယာဉ်ကို ကြည့်ရှုပြီးနောက် လေယာဉ်ဟာ မြေပြင်မှာရွေ့လျားရင်း တိုက်မိတာလို့ ယူဆခဲ့ပြီး ဝေဟင်မှာ ဖြစ်ခဲ့တာလို့ လက်မခံပါဘူး။
ဒါပေမယ့် နောက်ပိုင်း စီစစ်ပြီးနောက်မှာတော့ F-15 ဟာ ကျယ်ပြန့်တဲ့ ကိုယ်ထည်ရှိပြီး လုံလောက်တဲ့ အမြန်နှုန်း ရှိပါက ဒုံးပျံတစင်း ကဲ့သို့ ပျံသန်းနိုင်တဲ့အတွက် ဖြစ်နိုင်တယ် လို့ မှတ်ချက်ချခဲ့ပါတယ်။
အဲဒီ့နောက်မှာ အဆိုပါ တိုက်လေယာဉ်ကို တောင်ပံ ပြန်လည် တပ်ဆင်ဖို့ရာအတွက် Tel Nof ရှိ ပြုပြင်ထိန်းသိမ်းရေး စင်တာသို့ ပို့ဆောင်ခဲ့ပါတယ်။
နောက်ထက် ၂ နှစ်အကြာမှာတော့ Baz 957 နံပါတ်တပ် F-15 တိုက်လေယာဉ်ဟာ ဆီရီးယား MiG-23 နောက်တစင်းကို ပစ်ချ နိုင်ခဲ့ပြန်ပါတယ်။
F-15 များဟာ ဆယ်စုနှစ် ၅ ခုလောက် ကြာအောင် တာဝန်ထမ်းဆောင်ပြီး ဖြစ်ပေမယ့် စစ်မြေပြင်မှာ အကောင်းဆုံး စွမ်း ဆောင်ရည်များကို ပြသနိုင်တဲ့အတွက် အမေရိကန်လေတပ်ဟာ F-15 များကို ပြန်လည် အသက်သွင်းလိုကြပါတယ်။

Baz 957 နံပါတ်တပ် F-15 အားပြသထားစဉ် Image: Courtesy of Wiki Commons BY CC 3.0
အဲဒီ့လို ဆန္ဒ၏ ရလဒ် အနေဖြင့် မျိုးဆက်သစ် F-15EX များကို အသစ်တဖန် မွေးဖွားပြီး နောက်မှာတော့ ပဥ္စမမျိုးဆက် တိုက်လေယာဉ်များနှင့် အတူတူ နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ဦးမှာ ဖြစ်ပါတယ်။
ယခင် F-15 နှင့် F-15EX များ၏ ကွာခြားပုံကို “ကန်လေတပ်ရဲ့ F-15EX အသစ်တွေနဲ့ ယခင် F-15 များ၏ ကွာခြားချက်များ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။