မျိုးဆက်သစ် F-15EX တိုက်လေယာဉ်များနှင့် ယခင် မျိုးကွဲများ၏ ကြီးမားသည့် ကွာဟချက်များ

Article Military

F-15 အသစ် တွေကို အမေရိကန်လေတပ် က မှာယူနေတာတွေကို တွေ့ကြတဲ့အခါ ဒါကြီးတွေက အဟောင်းကြီးတွေပါကွာဆိုပြီး တွေးကောင်းတွေးပါလိမ့်မယ်။

တကယ်တော့ F-15EX များဟာ ယခင် မျိုးကွဲများနှင့် လုံးဝကွဲပြားပြီး ခေတ်သစ် စစ်ပွဲများနှင့် ကိုက်ညီအောင် ထုတ်လုပ် ဒီ ဇိုင်း ဆွဲထားတာ ဖြစ်ပါတယ်။

အမေရိကန်ဟာ လက်ရှိမှာ F-15 ပေါင်း ၂၃၀ လောက်ကို အသုံးပြုနေပါတယ်။ ဒီ F-15 တွေဟာ C နှင့် D မျိုးကွဲတွေဖြစ်ပြီး ကြားဖြတ် တိုက်လေယာဉ်နေရာက တာဝန်ယူပေးနေတာပါ။

အမေရိကန်လေတပ်ဟာ ၁၉၇၉ ခုနှစ်ကစပြီး F-15 တွေကို အများအပြားမှာယူခဲ့ပြီး လက်ရှိ F-15 များနှင့် နှိုင်းယှဉ်ပါက အရမ်းကို အိုဟောင်းနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံဟာ F-15 တွေကို အနာပေးဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကစပြီး စီစဉ်ခဲ့ပေမယ့် ဆော်ဒီ၊ ကာတာနှင့် တခြား နိုင်ငံများဟာ F-15 တွက် ရင်းနှီးမြှပ်နှံမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

ဒီနိုင်ငံတွေဟာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ လောက်တောင် တိုက်လေယာဉ် အဆင့်မြှင့်တင်မှုတွေ အတွက် အသုံးပြုခဲ့ကြတာပါ။

နောက်ဆုံးရလဒ်ကတော့ F-15 တွေကို နောက်ဆုံးပေါ် လေကြောင်းနည်းပညာများကို သုသေတနတွေ အပိုဆောင်းလုပ်စရာမလိုပဲ ထည့်သွင်းလာနိုင်ခဲ့တာပါ။

ဒီ F-15EX လို့ခေါ်တဲ့ တိုက်လေယာဉ်သစ်တွင် လေယာဉ်မှူးခန်း စနစ်တွေဟာ လုံးဝကို ပြောင်းလဲသွားပါတယ်။

ဒါ့အပြင် အဆင့်မြှင့်တင်ထားတဲ့ အာရုံခံစနစ်တွေ အပြင် ပေါင် ၂၉၅၀၀ အလေးချိန်ရှိမယ့် ဝေဟင်မှဝေဟင်ပစ် လက်နက်ချိတ်ဆွဲရန် ၁၂ နေရာ သို့မဟုတ် ဝေဟင် မှမြေပြင် ပစ် လက်နက်ချိတ်ဆွဲရန် ၁၅ နေရာ ပါဝင်လာပါတယ်။

တပ်ဆင်ထားတဲ့ အင်ဂျင် အသစ်ကလည်း ယခင်ထက် ပိုမိုစွမ်းဆောင်မှုကောင်းလာပြီး အမေရိကန်ရဲ့ အမြန်ဆုံး တိုက်လေ ယာဉ်အဖြစ် ဆက်လက် ဗိုလ်စွဲထားပါတယ်။

တချို့တွေက F-15XE လေယာဉ်သစ်နဲ့ F-35 နဲ့ယှဉ်ပြီး ဝေဖန်မှုတွေ ပြုလုပ် နေကြပါတယ်။

ဒါပေမယ့် ဒီ လေယာဉ် ၂ စီးဟာ လုပ်ဆောင် ချက် တွေ မတူပါဘူး။ F-35 ဟာ ပိုပြီး ခေတ်မှီတာ မှန်ပေမယ့် သူဟာ ဘက်စုံသုံးရည်ရွယ်ထားတဲ့ တိုက်လေယာဉ်ပါ။

ကုန်ကားနှင့် ပြိုင်ကားလိုပေါ့။ ကားချင်းအတူတူ ကုန်ကားက ကုန်သယ်ဖို့ အသုံးကျပြီး ပြိုင်ကားက ပြိုင်မောင်းဖို့ အသုံးကျမှာပါ။ ကုန်ကားကို ပြိုင်ကားနဲ့ ယှဉ်မောင်းခိုင်းလို့မရသလို့ ပြိုင်ကားကို ကုန်ကားလို ကုန်တင်ခိုင်းလို့လဲ မရပါဘူး။

F-35 တွေဟာ F-16 တွေလို ဝေဟင်မှမြေပြင် ပစ်မှတ်တွေကို ခက်ခဲတဲ့ ရန်သူ့နယ်မြေထဲကို ထိုးဖောက်တိုက်ခိုက်ဖို့အတွက် ဒီဇိုင်းဆွဲထား တာပါ။ အစ္စရေးတို့ အကြိမ်ကြိမ်သုံးခဲ့တဲ့ ပုံစံမျိုးလိုပေါ့။

အဲဒါကြောင့် F-35 ဟာ ဒီလို စစ်ဆင်ရေးတွေ ဆောင်ရွက်တဲ့အခါ ရေဒါရှောင်ရှား ဖို့ လက်နက်တွေကို အပြင်မှာ ချိတ်မရတဲ့အတွက် ဝမ်းဗိုက်ထဲမှာ ဒုံးကျည် ၄ လုံးသာ တင်ဆောင်နိုင်တာဖြစ်ပါတယ်။

F-15 ရဲ့ ရည်ရွယ်ချက်ကတော့ ဝေဟင်စိုးမိုးနိုင်ဖို့နဲ့ ရန်သူ့လေယာဉ်တွေကို ခြေမှုန်းဖို့ဖြစ်ပါတယ်။

F-22 တွေဟာ ဒီ့အတွက် ထုတ်လုပ်တာ မှန်ပေမယ့် ငွေကုန်ကြေးကျ များတဲ့အတွက် လိုအပ်ချက်ရဲ့ တဝက်လောက်သာ ထုတ်လုပ်ခဲ့ပြီး F-15 အသစ်တွေကို ထပ်မံဖြည့်တင်းနေတာ ဖြစ်ပါတယ်။

F-15EX တွေရဲ့ သက်တမ်းဟာ နာရီ ၂ သောင်းရှိပါတယ်။ ဒီသက်တမ်းဟာ တိုက်လေယာဉ် တစ်စီးအတွက် မက်လောက်စရာပါ။ F-22 ဟာ နာရီ ၈၀၀၀ ပဲရှိပါတယ်။

၂၀၂၁ နှစ်ဆန်းလောက်က အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့လို့သာ နောက်ထပ် နာရီ ၈၀၀၀ ထပ်မံ ဆွဲဆန့်နိုင်တာပါ။ F-15EX ရဲ့ ကုန်ကျစရိတ်ကလဲ F-35 ရဲ့ တစ်ဝက်သာရှိပါတယ်။

အဆုံးအစွန်ထိ အဆင့်မြှင့်တင်ထားတဲ့ F-15EX ဟာ AIM-9X Sidewinder နှင့် AMRAAM တာလတ်ပစ် ဝေဟင်မှဝေဟင်ဒုံးကျည်ပေါင်း ၂၂ ခုထိ သယ်ဆောင်နိုင်ပါတယ်။

ဒီ F-15EX တွေကို အနာဂါတ် စစ်ပွဲများမှာ F-35 တိုက်လေယာဉ်တွေနဲ့ တွဲဖက် စစ်ဆင်စေမှာ ဖြစ်ပါတယ်။

စနိုက်ပါ နှင့် spotter တွဲဖက် သလိုမျိုးပဲ F-35 တွေဟာ spotter တွေလို ၎င်းကို ရေဒါမှာ မမြင် ရစေဘဲ ရန်သူ့လေ ယာဉ်တွေကို ရှာဖွေပေးမှာဖြစ်ပြီး F-15EX တွေဟာ sniper ရဲ့နေရာမျိုး ရန်သူက မမြင်ရတဲ့ အကွာအဝေးကနေ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ရှေ့မှ ပျံသန်းပြီး ရန်သူ့ အချက်အလက်များကို ကြိုတင် သတိပေးမယ့် AI drone system တွေနဲ့ပါ တွဲဖက်လာဦးမှာပါ။

ဒါ့ကြောင့် အနာဂါတ် လေကြောင်း တိုက်ပွဲ တွေ ဟာ ပိုမို နက်နဲလာပြီး နည်းပညာပိုမြင့်တဲ့သူက လက်ဦးမှု ရနိုင်မှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.