ရန်သူများ ပတ်လည်ဝိုင်းနေခဲ့တဲ့ အစ္စရေးနိုင်ငံဟာ ၎င်းတို့ နိုင်ငံကို ကာကွယ်နိုင်ဖို့အတွက် ပြည်တွင်းထုတ် လက်နက်စနစ်များကို တိုးတက်နိုင်သမျှ တိုးတက်အောင် ကြိုးစား အားထုတ်ခဲ့ရပါတယ်။
၎င်းတို့၏ အူဇီမှသည် Merkava ပင်မတိုက်ပွဲဝင် တင့်ကားများ နှင့် လေကြောင်းရန် ကာကွယ်ရေး Iron Dome များဟာ ကမ္ဘာပေါ်တွင် ကျော်ကြားပါတယ်။
မည်သို့ပင် အဆင့်မြင့် ကာကွယ်ရေးစနစ်များကို ထုတ်လုပ်နေစေကာမှု တိုက်ခိုက်ရေး တိုက်လေယာဉ်များကိုတော့ ပြည်ပနည်းပညာအပေါ်မှ အဓိက မှီခိုနေရဆဲ ဖြစ်ပါတယ်။
အစ္စရေးဟာ ၁၉၇၀ ခုနှစ်များမှာ ပြင်သစ်၏ Dassault Mirage ကို ပုံတူကူးထားတဲ့ Kfir တိုက်လေယာဉ်များကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ခဲ့ပေမယ့် ၁၉၉၀ ခုနှစ်များ အလယ်လောက်မှာ ၎င်းတို့ကို အနားပေးခဲ့ပါတယ်။
နည်းပညာသစ် တိုက်လေယာဉ်များကို ဖန်တီး ထုတ်လုပ်ဖို့ဆိုတာ သုတေသနတွင် များစွာ ရင်းနှီးမြှုပ်နှံ ရတဲ့အတွက် အစ္စ ရေးအနေဖြင့် ၎င်း၏ မဟာဗျူဟာမြောက် မဟာမိတ်နိုင်ငံဖြစ်တဲ့ အမေရိကန်ကို အားထားခဲ့ပုံရပါတယ်။

Kfir တိုက်လေယာဉ်
ယနေ့ခေတ်မှာတော့ အစ္စရေး လေတပ် IAF ဟာ အမေရိကန်လုပ် စတုတ္ထမျိုးဆက် F-15 Eagle များနှင့် F-16 Fighting Falcon တိုက်လေယာဉ်တွေကို ဝေဟင်မှ ဝေဟင်နှင့် ဝေဟင်မှ မြေပြင် ပစ်မှတ်များကို ချေမှုန်းဖို့ အားထားနေရပါတယ်။
ခေတ်၏ လိုအပ်လာမှုကြောင့် ပဥ္စမ မျိုးဆက် တိုက်လေယာဉ် ပိုင်ဆိုင်မှုတွင် နောက်ကျ မကျန်လိုသည့်အတွက် အစ္စရေးဟာ အမေရိကန် Lockheed Martin ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် F-35 များကို ဆက်လက် အသုံးပြုလာပါတယ်။
F-35 တိုက်လေယာဉ် တစင်း ၁ နာရီ ပျံသန်းဖို့အတွက် အမေရိကန် ဒေါ်လာ ၄၄,၀၀၀ လောက် ကုန်ကျပြီး ၁ နာရီကို ဒေါ်လာ ၂၀,၀၀၀ လောက် ကုန်ကျတဲ့ နောက်ဆုံးပေါ် F-15EX များထက်တောင် ၂ ဆ ကျော်နေပါတယ်။
ထိုကဲ့သို့ အဆင့်မြင့် တိုက်လေယာဉ်တစင်း ဖြစ်တဲ့ F-35 များ ဖြစ်ပေါ်လာဖို့ စီမံကိန်း ကုန်ကျစရိတ်ဟာ အမေရိကန် ဒေါ် လာ ၁.၅ ထရီလီယံ လောက်တောင် ရှိပါတယ်။
စီမံကိန်း အတွက် ကုန်ကျစရိတ် ကြီးမြင့်တဲ့ F-35 များကို Adir (“Mighty One”) ခေါ် F-35I အဖြစ် အစ္စရေးဟာ အမေရိကန်ဆီမှ ရယူနိုင်ခဲ့ပါတယ်။
ဒီလို ဝယ်ယူခဲ့တာဟာ အီရန်ရဲ့ နျူကလီးယား စီမံကိန်းများ၏ အဓိက လှုံ့ဆော်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။

Illustration
အစ္စရေးဟာ F-35 များကို စစ်ဆင်ရေးအဖြစ် လက်တွေ့ အသုံးချခဲ့တဲ့ ပထမဆုံးသော နိုင်ငံဖြစ်ပြီး ဖြစ်ရပ် ၂ ခုလုံးဟာ အီရန်နှင့် ဆက်စပ်နေပါတယ်။
၂၀၁၈ ခုနှစ် မေလတွင် အစ္စရေး လေတပ်ဟာ ၎င်းတို့၏ တိုက်လေယာဉ်များဖြင့် ဆီးရီးယားရှိ အီရန် ဒုံးကျည် ပစ်လွှတ်ရာ နေရာများကို ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးလေတပ်၏ အကြီးအကဲ (ထိုစဉ်က ဗိုလ်ချုပ်) Amikam Norkin က ပြောခဲ့ပါတယ်။
အဲဒီံနောက် အစ္စရေးဟာ F-35 တိုက်လေယာဉ်များကို အသုံးပြုပြီး ပထမဆုံး ဝေဟင်မှ ဝေဟင် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပြန်ပါတယ်။
၂၀၂၁ ခုနှစ် မတ်လအတွင်းမှာ အမှတ် ၁၁၆ နှင့် ၁၄၀ လေယာဉ်အုပ်တို့မှ အစ္စရေး Adir တိုက်လေယာဉ်များဟာ အီရန် မောင်းသူမဲ့လေယာဉ် ၂ စင်းကို ချေမှုန်းနိုင်ခဲ့ပါတယ်။
အမေရိကန်ထက် ပိုကောင်းနေတဲ့ F-35 များလား
အစ္စရေးဟာ အစွမ်းပြနေတဲ့ အမေရိကန်လုပ် F-35 တိုက်လေယာဉ်များကို ၎င်းတို့၏ စိတ်ကြိုက် ပြန်လည် မွမ်းမံနိုင်သည့် ကမ္ဘာပေါ်ရှိ တခုထဲသော နိုင်ငံ ဖြစ်ပါတယ်။

အစ္စရေး၏ ပထမဆုံး F-35I ကို စတင်ပျံသန်းခဲ့စဉ်က Image: Courtesy of Wiki Media CC 4.0
Lockheed Martin ဟာ အစ္စရေးတို့၏ F-35 များကို စိတ်ကြိုက်ပြင်ဆင်ခွင့်အား ငြင်းဆိုခဲ့ပေမယ့် အစ္စရေးဟာ အတား အ ဆီးများကို ကျော်ဖြတ်ပြီး ပြည်တွင်းကာကွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်းကာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အစ္စရေးဟာ ခေတ်မှီ ဆန်းပြားတဲ့ လေယာဉ်မှူး ဦးဆောင်းနှင့် တောင်ပံများကို ပြည်တွင်းတွင် ထုတ်လုပ်ခွင့် ရရှိခဲ့ပြီး ပြင်ပ အဆင့်မြှင့်တင်မှုများ လုပ်ဆောင်နိုင်သည့်အပြင် ဒစ်ဂျစ်တယ်ဆိုင်ရာ များကိုပါ ပြင်ဆင်နိုင်စွမ်း ရှိပါတယ်။
ထိုစနစ်များတွင် ဆက်သွယ်ရေး စနစ်များ အီလက်ထရွန်းနစ် စစ်ဆင်ရေး စနစ်များ၊ ထောက်လှမ်းရေး ကိရိယာများနှင့် စစ် ဆင်ရေး ထိန်းချုပ်မှုဆိုင်ရာ စက်ကိရိယာများ ပါဝင်ပါတယ်။
အစ္စရေး၏ F-35I များတွင် တပ်ဆင်နိုင်သည့် အီလက်ထရွန်းနစ် စစ်ဆင်ရေး ကိရိယာများဟာ ဝေဟင်မှ ဝေဟင်ပစ် ဒုံး ကျည် များနှင့် ပြင်ပ ချိတ်ဆွဲ ကိရိယာများလို အသုံးပြုနိုင်ပါတယ်။
အလားတူ အစ္စရေးဟာ တာဝေး စစ်ဆင်ရေးများ အတွက် F-35 များတွင် ပြင်ပ အပိုလောင်စာဆီတိုင်ကီ drop tank များ ပထမဆုံး ချိတ်ဆွဲ အသုံးပြုသည့် နိုင်ငံလည်း ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 4/7/2022