အကြောက်အလန့်မရှိတဲ့ honey badger များ အကြောင်း

Knowledge Nature

ကမ္ဘာပေါ်မှာ အကောင်သေးပြီး အကြောက်အလန့် မရှိတဲ့ သတ္တဝါကို ပြပါဆိုရင် honey badger တွေကို ပြရမှာပါ။

၎င်းတို့ဟာ မြွေအပါအဝင် အဆိပ်ရှိသည့် သတ္တဝါများကို အနိုင်ယူတတ်သည့်အပြင် ၎င်းတို့ထက် အဆပေါင်းများစွာ ကြီးပြီး သန်မာတဲ့ ခြင်္သေ့လို ကြောင်မျိုးရင်းဝင် သတ္တဝါကြီးများကိုတောင် မကြောက်ပါဘူး။

တခါတလေ အဲဒီ့လို အကောင်ကြီးမျိုးတွေတောင်မှ ထွက်ပြေးရလောက်အောင်လည်း တိုက်ခိုက်တတ်ပါသေးတယ်။ စိတ်ဝင်စားစရာပါ။

Honey badger တွေကို အာဖရိက ဆာဟာရ နှင့် အာရေဗျ ကျွန်းဆွယ် ဒေသများမှသည် အိန္ဒိယ ကျွန်းဆယ်နှင့် အနောက် အာရှ နိုင်ငံများအထိ တွေ့ရတတ်ပါတယ်။

၎င်းတို့ဟာ အနက် ၅ ပေလောက်မှာ အရှည် ၉ ပေလောက်ရှိသည့် လှိုင်ခေါင်းများ တူးကာ အနားယူတတ်ပြီး နေ့ရော ညပါ လှုပ်ရှားတတ်တဲ့ သတ္တဝါများ ဖြစ်ပါတယ်။

လူတွေနဲ့ နီးတဲ့ နေရာမှာ နေထိုင်ရင်တော့ အမှောင်ကို အကာအကွယ် ယူတတ်တာကို တွေ့ရပါတယ်။

‘ratel’ လို့လည်း သိကြပြီး အန္တရာယ်တွေ့တတ်ပါက အနံ့ဆိုးများ ထုတ်လွှတ်တတ်တဲ့ နံစောဖျံလို့ခေါ်တဲ့ အဖြူအနက်ကြား ကုန်းနေသတ္တဝါ Skunk နဲ့ ရေထဲက ဖျံတို့နှင့် မျိုးနွယ် ဆက်စပ်နေပါတယ်။

Honey badger တွေ ကိုယ်တိုင်ဟာလည်း အန္တရာယ်နှင့် တွေ့ပါက အမြှီးမှ အနံ့ဆိုးများ ထုတ်လွှတ်တတ်ပါတယ်။

အရှည် ၂၂ လက်မ မှ ၃၈ လက်မလောက် ရှိပြီး အမြင့် ၉ လက်မ မှ ၁၂ လက်မလောက် ရှိသည့်အတွက် ခွေးငယ် တကောင် အရွယ်အစားလောက်သာ တကောင်ထဲ နေထိုင် ကျက်စားလေ့ ရှိပါတယ်။

အများဆုံး အနေဖြင့် အရိုင်း ဘဝတွင် ၇ နှစ်မှ ၈ နှစ်လောက်သာ ရှင်သန်ကြပေမယ့် တိရိစ္ဆာန်ရုံများမှာတော့ အသက် ၂၄ နှစ်လောက်အထိ ရှင်သန် နေထိုင်နိုင်ကြပါတယ်။

အရာရာကို စားသုံးတတ်

၎င်းတို့ဟာ အသီးအရွက်များ၊ အင်းဆက်များ၊ ဥများ၊ အမြစ်များ၊ အဖူးများ၊ တွားသွား သတ္တဝါများ၊ တိရစ္ဆာန်ငယ်များ အပါ အဝင် အကုန်လုံးလိုလို စားသုံးတတ်တဲ့ အစုံစား သတ္တဝါပါ။

သန်မာပြီး ချွန်ထက်သည့် သွားများကို ပိုင်ဆိုင်ထားပြီး လိပ်ခွံကိုတောင် စားနိုင်ပါသေးတယ်။

အမမှာ တရက်လျှင် ၆.၂ မိုင်လောက် အထိ အစာရှာဖွေသွားလာတတ်ပြီး အထီးများမှာ ၁၆.၇ မိုင်လောက် အထိ သွားလာ နိုင်ပါတယ်။

တနာရီလျှင် ၁၆ မိုင်မှ ၁၉ မိုင် အမြန်နှုန်းလောက်အထိ ပြေးလွှားနိုင်ကာ ရေကူးကျင်လည်သည့်အပြင် သစ်ပင်များပေါ်လည်း တက်နိုင်ပါတယ်။

တွေ့သမျှကို ရန်လုပ်

တွေ့သမျှ အကုန်စားသလို တွေ့သမျှလဲ ရန်လုပ်တတ်ပါသေးတယ်။

၎င်းတို့ဟာ မြွေများ ခြင်္သေ့များကိုပါ တိုက်ခိုက်တတ်ပြီး အနိုင်ယူရခက်တဲ့ ဖြူများကိုတောင် နိုင်အောင် တိုက်ခိုက် နိုင်ပါတယ်။

အမြဲတမ်း အနိုင်ရရှိတာတော့ မဟုတ်ပေမယ့် ၎င်းတို့ရဲ့ အကြောက်အလန့်မရှိတဲ့ တိုက်ခိုက်မှုကြောင့် တောရိုင်း သတ္တဝါ တော်တော်များက ရှိန်ပါတယ်။

အရေပြားဟာ ၎င်းတို့၏ ခန္ဓာကိုယ်ထက် အဆ ၅၀ လောက် ရှိသည့် ကျွဲတွေရဲ့ အရေပြားလောက် ထူထဲကာ ရာဘာလိုမျိုး အသားအရည်ကို ပိုင်ဆိုင်ထားသဖြင့် သတ္တဝါကြီးများ၏ တိုက်ခိုက်မှုကို ခံနိုင်ပါတယ်။

အလွန်ဥာဏ်ကောင်း

ဥာဏ်ကောင်းသည့်နေရာတွင် သူ့အရွယ်အစားမှာ honey badger ကို မှီနိုင်သည့် တိရစ္ဆာန် မရှိနိုင်ပါဘူး။

၎င်းတို့ဟာ ပစ္စည်းများကို အသုံးချတတ်ပြီး နံရံ အမြင့်တခုကို ကျော်တက်ဖို့ ကျောက်ခဲများကို တလုံးပြီး တလုံး ဆင့်ပြီး အသုံးပြုတတ်ပါတယ်။

ရန်သူများကို တိုက်ခိုက် အနိုင်ယူရမှာလည်း ချက်ကောင်းကို သိပြီး အထူးသဖြင့် သားရဲ အထီးများနှင့် ထိပ်တိုက်တွေ့ပါက ရွှေဥကိုကိုက်ကာ အနိုင်ယူတတ်တဲ့အတွက် အလွန်ဥာဏ်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.